News

POST TAGGED AS

တာမွေ

တာမွေ၌ ကျောင်းစောင့်ထံမှ ဆေးခြောက်များ ဖမ်းမိ
ရန်ကုန်၊ သြဂုတ် ၅

တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ အ.ထ.က (၁၀) ကျောင်းဝင်းတွင် သြဂုတ်လ ၄ ရက် နံနက် ၁ နာရီခန့်က မူးယစ်ဆေးဝါး ရောင်းချနေသူဟု သတင်းရရှိထားသည့် ကျောင်းစောင့်ကို ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း နေထိုင်သူ (အသက် ၅၅ နှစ်) ကျောင်းစောင့် ဦးစိန်တိုးနှင့် ၎င်း၏ သားဖြစ်သူ (အသက် ၃၂ နှစ်) ကျော်မင်းထွန်းတို့မှာ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း ဝမ်းနိုင်းနိုင်း ဖုန်းနံပါတ်ထံ သတင်းပေး တိုင်ကြားချက်အရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ပတ္တမြားဆောင်၊ သိပ္ပံလက်တွေ့ခန်းရှေ့ ရပ်ထားသည့် မိန်းမစီးစက်ဘီး၏ ထိုင်ခုံအောက်မှ အလေးချိန် တစ်ဂရမ်ကျော် ရှိသော  ဆေးခြောက်ဟု ယူဆရသော အညိုရောင် အရွက်ခြောက်များကို သိမ်းဆည်းရမိခဲ့သည်။

“ဒီစက်ဘီးက သူတို့သားအဖ နှစ်ယောက်ပဲ အမြဲစီးနေကျပါ။ ဖမ်းဆီးချိန်မှာ ကျောင်းစောင့်သားဖြစ်သူက ထွက်ပြေးတိမ်းရှောင်သွားတယ်။ သူတို့ မူးယစ်ဆေးဝါး ရောင်းချမှုနဲ့ ပတ်သက်ပြီး လက်ရှိအသေးစိတ်ကို ဆက်လက်စစ်ဆေးနေပါတယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။ 

အဆိုပါအမှုကို တာမွေမြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါးအမှုဖြင့် အရေးယူ စစ်ဆေးနေပြီး ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်အရေးယူရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US