News

POST TAGGED AS

တာဝါတိုင်

ဆက်သွယ်ရေးတိုင် တည်ဆောက်မှု ပြည်တွင် ကန့်ကွက်ဆန္ဒပြ

ပြည်၊ ဖေဖော်ဝါရီ ၈

ပြည်မြို့၊ ဆင်စုရပ်ကွက်၊ မိချောင်း ရဲရပ်အတွင်း ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်နေမှုကို ကန့်ကွက်စာ တင်ထားသော်လည်း လုပ်ငန်းရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေသည့်အတွက် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ ဒေါ်ဆွေဆွေသက်က ပြောကြားသည်။

အဆိုပါ တည်ဆောက်မှုနှင့် ပတ်သက်၍ ကန့်ကွက်စာ တင်ထားရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက တည်ဆောက်နေမှုကို ရပ်တန့်ထားရန် အကြောင်းကြားစာပေးပို့ထားသော်လည်း ဆက်လက်တည်ဆောက်နေမှုကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

“ကျွန်မတို့ကို ပထမပြောတော့ ဖုန်းတာဝါတိုင် သေးသေးလေးပဲ ဆောက်မှာဆိုပြီးပြောတယ်။ စဆောက်ပြီးနောက်နေ့ကျတော့ သတင်းစာတွေထဲမှာ ဖုန်းတာဝါတိုင်အနားရှိရင် ကျန်းမာရေး ထိခိုက်တယ်ဆိုတာ တွေ့တော့မှ သွားပြောတော့ ဒါဆို မလုပ်ပါဘူးဆိုပြီး အခုဆက်လုပ်နေတယ်”ဟု ဒေါ်ဆွေဆွေသက်က ပြောကြားသည်။

တာဝါတိုင်တည်ဆောက်ရန် သဘောထား တောင်းခံစဉ်က ကျန်းမာရေး ဆိုးကျိုး ထိခိုက်နိုင်ပုံများ ရှင်းလင်းပြောပြခြင်းမရှိဘဲ တည်ဆောက်နေမှုကြောင့် ဒေသခံများက ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျန်းမာရေးကြောင့် ကန့်ကွက်လို့ ဆက်မဆောက်ဖို့ ကုမ္ပဏီကို စာပို့အကြောင်းကြားထားတယ်။ ဒါကိုဆက်ဆောက်နေလို့ ပြီးခဲ့တဲ့ရက်ကပဲ ဒုတိယအကြိမ် စာထုတ်အကြောင်းကြားပြီးပြီ။ ဆက်လုပ်ရင်တော့ သက်ဆိုင်ရာ အဆင့်ဆင့် ဆုံးဖြတ်ချက်နဲ့ ဥပဒေအတိုင်း သွားမှာပါ”ဟု ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ပြည်မြို့၊ ဆင်စုရပ်ကွက် မိချောင်းရဲမှနေ၍ ရန်ကုန်-ပြည်လမ်းတစ်လျှောက် ဗိုလ်ချုပ်ကျောက် ရုပ်ရှေ့၊ ယင်းမှလမ်းရှည်လမ်း၊ ရွှေတချောင်းလမ်း ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ရှေ့အထိ ဒေသခံ အင်အား၂၀ ကျော်ဖြင့် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

M-06



FOLLOW US