News

POST TAGGED AS

တာဝါတိုင်

လွတ်လပ်သည့် ဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင် ဖွဲ့စည်းရန်လိုအပ်ဟု တယ်လီနောဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပြည်တွင်း ဆက်သွယ်ရေးဈေးကွက်တွင် ယှဉ်ပြိုင်မှု ပိုမိုများပြားလာခြင်းကြောင့် ဆက်သွယ်ရေး ကဏ္ဍအတွက် လွတ်လပ်သည့် ဆက်သွယ်ရေး ကြီးကြပ်မှု ကော်မရှင် ဖွဲ့စည်းရန်လိုအပ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Lars Erik Tellmann က ပြောကြားသည်။

အဆိုပါကော်မရှင်သည် ပြည်တွင်း ဆက်သွယ်ရေး ဈေးကွက်အတွင်း၌ ဝန်ဆောင်မှုပေးနေသော အော်ပရေတာ တစ်ခုခုနှင့် ပတ်သက်ဆက်သွယ်မှု မရှိသည့် အဖွဲ့အစည်းမျိုး ဖြစ်ရမည်ဖြစ်ပြီး ယင်းမှသာ ဆက်သွယ်ရေး အော်ပရေတာတိုင်းကို အမှီအခိုကင်းစွာ ကြီးကြပ်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“အခုက ဒီလိုကော်မရှင် မရှိသေးတဲ့အတွက် ဆက်သွယ်ရေး အော်ပရေတာတွေကို အစိုးရအနေနဲ့ ကြီးကြပ်ကွပ်ကဲတဲ့အခါမှာ လွတ်လွတ်လပ်လပ် မလုပ်နိုင်သေးပါဘူး။ ဈေးကွက်အခြေအနေရဲ့ ဒီအချိန်ကလည်း လွတ်လပ်တဲ့ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ဖို့ လိုအပ်နေပါပြီ”ဟု ၎င်းကဆိုသည်။

လွတ်လပ်သည့် ဆက်သွယ်ရေး ကြီးကြပ်မှုကော်မရှင်ကို ဖွဲ့စည်းရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနှင့် ပြင်ဆင်ဆောင်ရွက်မှု လုပ်ဆောင်လျက်ရှိကြောင်း တယ်လီနောထံမှ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း ဆက်သွယ်ရေး ဈေးကွက်အတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီများ ပူးပေါင်းဝန်ဆောင်မှု ပေးနေသည့် MPT၊ နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာနှစ်ခု ဖြစ်သော တယ်လီနောနှင့် အူရီဒူးတို့က မိုဘိုင်းလ်ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများပေးလျက်ရှိသည်။

အဆိုပါအော်ပရေတာများအပြင် ယခုလာမည့် မတ်လအတွင်းတွင် ဗီယက်နမ်နိုင်ငံအခြေစိုက် Viettel ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီများ ဖွဲ့စည်းထားသည့် Myanmar National Telecom Holdings ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်ထားသည့် MyTel ကလည်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်သည်။

J-01



FOLLOW US