News

POST TAGGED AS

တာချီလိတ်

တာချီလိတ် အချုပ်ထောင်ဖောက်ထွက်ပြေးသူ အားလုံးကို ပြန်ဖမ်းမိ
ကျိုင်းတုံ၊ ဇန်နဝါရီ ၉ 

တာချီလိတ်မြို့မရဲစခန်းမှ အချုပ်ထောင်ကိုဖောက်ကာ ထွက်ပြေးသူ ငါးဦးအနက် လွတ်မြောက်သွားသော နှစ်ဦးကို ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြန်လည်ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့ရှိ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၆ ရက် နံနက် ၅ နာရီခန့်က တာချီလိတ်မြို့မရဲစခန်းမှ အချုပ်ထောင်ကိုဖောက်ကာ အမျိုးသား ၅ ဦး ထွက်ပြေးခဲ့ပြီး နေ့ချင်းပင် သုံးဦးပြန်ဖမ်းမိကြောင်း၊ ယင်းနောက် ဇန်နဝါရီလ ၇ ရက်တွင် လွတ်မြောက်သွားသူတစ်ဦးကို ဇန်နဝါရီလ ၈ ရက်ညနေပိုင်းတွင် တာချီလိတ်မြို့၌ပင် ပြန်လည်ဖမ်းမိခဲ့ကြောင်း ၎င်းထံမှ သိရသည်။ 

တာချီလိတ်မြို့ အချုပ်ထောင်တွင် သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၂၂ နှစ် ကျခံနေရသော ကိုနေလင်း (ခ) နေမင်း၊ မူးယစ်ဆေးမှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ကျခံနေရသော ကိုသက် (ခ) မြဝင်း၊ အမှု စစ်ဆေးခံနေရသူ အမျိုးသားသုံးဦး စုစုပေါင်း ၅ ဦးက အိမ်သာရှိ မျက်နှာကြက်သံတန်းတို့ကိုဖြတ်ကာ သံဆန်ခါကို ဆွဲခွာတက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် အချုပ်ခန်း အမိုးကိုဖောက်ထွက်ပြီး မြေပြင်ပေါ်သို့ ခုန်ချထွက်ပြေးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။ 

အချုပ်ထောင်မှ ထွက်ပြေးမှုကြောင့် ကိုနေလင်း (ခ) နေမင်း (၃၀ နှစ်)၊ ကိုသက် (ခ) မြဝင်း(၄၄ နှစ်) နှင့် အမှုစစ်ဆေးဆဲ စောမျိုးအောင် (၂၁ နှစ်)၊ စိုင်းမင်းသူ (၂၅ နှစ်)၊ ဉာဏ်လင်း (ခ) ဉာဏ်ဝင်း (၃၀ နှစ်) တို့ ငါးဦးကို ရာဇသတ်ကြီးပုဒ်မ ၂၂၄၊ ပြည်သူပိုင်ပုဒ်မ ၆ (၁) ဖြင့် အရေးယူထားကြောင်း၊ ထွက်ပြေးရန် ကူညီပေးသည့် အသက် ၂၃ နှစ်မှ ၅၀ နှစ်အရွယ် အချုပ်သား ၆ ဦးကို ရာဇသတ်ကြီးပုဒ်မ ၂၂၅ ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US