News

POST TAGGED AS

တရားရုံး

အသတ်ခံရသော FDA ဝန်ထမ်းအမျိုးသမီး၏ ချစ်သူအပါအဝင် သက်သေသုံးဦးကို စစ်ဆေး
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း မုဒိမ်းကျင့် အသတ်ခံမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ချစ်သူ အမျိုးသားအပါအဝင် တရားလိုပြသက်သေ သုံးဦးကို မတ်လ ၂၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အဆိုပါအမှုကို အရှေ့ပိုင်းခရိုင် တရားရုံး၊ ဒုခရိုင်တရားသူကြီး (၄) အခန်း အမှတ် (၉) တွင် ခြောက်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မရွှေရည်ဝင်း၏ ချစ်သူအမျိုးသား၊ ပြစ်မှုကျူးလွန်ခဲ့သည့် အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနား မောင်းနှင်ခဲ့သည့်ယာဉ်မှ ယာဉ်ပိုင်ရှင် အမျိုးသမီးနှင့် မရွှေရည်ဝင်း၏ သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးတို့ကို စစ်ဆေးခဲ့သည်။

“သေဆုံးသူရဲ့ ချစ်သူအမျိုးသားက သူတို့နှစ်ယောက် နောက်ဆုံးအဆက်အသွယ် ရှိခဲ့ချိန်တွေကို ရုံးတော်မှာ သက်သေနဲ့တကွ ထွက်ဆိုပေးခဲ့တယ်။ ဒီနေ့ လိုပြသက်သေခြောက်ဦးကို စစ်ဆေးဖို့ စီစဉ်ထားပေမယ့် ကျန်တဲ့လိုပြသက်သေတွေ အကြောင်းကိစ္စလေးတွေ ရှိတာကြောင့် မလာနိုင်လို့ သုံးဦးပဲ စစ်ဆေးဖြစ်ခဲ့တယ်။ လာမယ့်ရုံးချိန်းကို တရားသူကြီးက ဧပြီလ ၂ ရက်နေ့မှာ ဆက်စစ်ဆေးဖို့ ရက်သတ်မှတ်ပေးလိုက်ပါတယ်” ဟု တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအမှုတွင် တရားလိုပြသက်သေ ၃၅ ဦးကို စစ်ဆေးရန် ကနဦးက တင်သွင်းထားပြီး ငါးကြိမ်မြောက် ရုံးချိန်းတွင် ဥပဒေအရာရှိမှ လိုပြသက်သေကိုးဦးကို ပယ်ချထားကြောင်း၊ လက်ရှိ ယင်းအမှုမှ တရားလိုနှင့် လိုပြသက်သေ စုစုပေါင်း ၁၇ ဦးကို စစ်ဆေးထားပြီး တရားစွဲဆိုခံရသည့် အငှားယာဉ်မောင်း မျိုးဇော်ဦးဘက်မှ သက်သေအဖြစ် ထွက်ဆိုမည့်သူတစ်ဦးကို ရှာဖွေထားကြောင်း မျိုးဇော်ဦး၏ ရှေ့နေဖြစ်သူထံမှ သိရသည်။ 

လူသတ်မှု ပုဒ်မ ၃၀၂၊ မုဒိမ်းမှုပုဒ်မ ၃၇၆၊ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက် ဆံမှု ပုဒ်မ ၃၇၇၊ လုယက်မှုပုဒ်မ ၃၉၄ ဖြင့် တရားစွဲဆိုခံရသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားမှာ ယခုနှစ် ဇန်နဝါရီလ ည ၇ နာရီ ဝန်းကျင်က လှည်းတန်းမှ ဒဂုံသို့ ကျပ် ၂၅၀၀ ဖြင့် လိုက်ပို့ခိုင်းသည့် ခရီးသည်အမျိုးသမီးကို ယာဉ်အတွင်း လေအေးပေးစက် ဖွင့်ပေးခကျပ် ၁၀၀၀ ပိုပေးရန် တောင်းရာမှ နှစ်ဦးစကားများစဉ် ၎င်းက ခရီးသည် အမျိုးသမီး၏ လည်ပင်းကို ဝက်အူလှည့်ဖြင့်ထိုးကာ လည်ပင်းညှစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံတွင် ဝန်ခံထွက်ဆိုထားသည်။

ယင်းနောက် အငှားယာဉ်ကို ၎င်းနေထိုင်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက်၊ ငမိုးရိပ်ချောင်းအနီးသို့ မောင်းလာခဲ့ပြီး ခရီးသည်အမျိုးသမီး၏ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာပစ္စည်းများနှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်ကာ မုဒိမ်းကျင့်၍ ချောင်းကမ်းစပ်အနီးတွင် အလောင်းကို စွန့်ပစ်ထားခဲ့သည်။

အဆိုပါအမှုကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့မရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ထားသည့် နေပြည်တော် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူးဖြစ်သူ မရွှေရည်ဝင်းဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် သေဆုံးသူထံမှ ယူဆောင်သွားသည့် လက်ကိုင်ဖုန်းကို ယုဇနပလာဇာရှိ ဖုန်းပြင်ဆိုင်တစ်ဆိုင်တွင် ဖုန်းဆော့ဖ်ဝဲလာထည့်သည့် အငှားယာဉ်မောင်း မျိုးဇော်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US