News

POST TAGGED AS

တရားဥပဒေ

29-Jul-2018

တရားဥပဒေ
တရားစီရင်ရေးကဏ္ဍသည် ပြည်သူများကြား စံပြဖြစ်အောင် စစ်ဆေးသင့်ဟု သမ္မတပြောကြား
ရန်ကုန်၊ ဇူလိုင် ၂၉

ပြည်သူအချင်းချင်း ကျေအေးခွင့်၊ ရုပ်သိမ်းခွင့် မရှိသော လူသေဆုံးမှုဖြစ်စဉ်၌ နိုင်ငံတော်သည် တရားလိုဖြစ်ခြင်းကြောင့် တရားစီရင်ရေးစနစ်သည် ပြည်သူများကြား စံပြဖြစ်အောင် စစ်ဆေးဆုံးဖြတ်သင့်သည်ဟု သမ္မတဦးဝင်းမြင့်က ထောက်ပြခဲ့ကြောင်း ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီက ရန်ကုန်တိုင်း အစိုးရရုံး၌ ဝန်ကြီးချုပ် ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌပါသည့် ဥပဒေပြုရေးအဖွဲ့၊ တိုင်းတရားသူကြီးချုပ်ပါသည့် တရားစီရင်ရေးအဖွဲ့တို့ဖြင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တရားစီရင်ရေးက ဟိုဆယ်လီ ကောင်လေးကိစ္စကို ရည်ညွှန်းပြောတာဖြစ်မှာပါ။ တည့်မပြောချင်တော့ ပြည်သူ အချင်းချင်း ကျေအေးမှုကို တရားရေးက အဆင်ပြေအောင် လုပ်ပေးတယ်ပေါ့။ ဒါတွေဟာ တရားဥပဒေပါအချက်တွေကို တရားသူကြီးက လိုသလိုဆွဲပြီးတော့ လုပ်တဲ့ဟာဖြစ်တယ်ဆိုပြီး ထောက်ပြသွားတယ်”ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မှတ်ချက်ပြုသည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှု၌ ၎င်း၏မိသားစုနှင့် စွပ်စွဲခံရသူ မိသားစုဝင်များကြား ကျေအေးခွင့် တင်ပြခြင်းကြောင့် ဇူလိုင်လ နောက်ဆုံးအပတ်က အရှေ့ပိုင်းခရိုင်တရားရုံးက တရားစီရင် ဆုံးဖြတ်ရာတွင် စွပ်စွဲခံရသော လူငယ်သုံးဦးကို အမှုမှလွှတ်ပေးမှုနှင့်ပတ်သက်၍ အမှုလိုက်ရှေ့နေများ အပါအဝင် ပြည်သူများကြား အပြင်းအထန်ဝေဖန်မှု ထွက်ပေါ်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတက ဥပဒေပြုရေး မဏ္ဍိုင်အနေနှင့် ဥပဒေတစ်ခုကို အတည်ပြုမည်ဆိုပါက ယင်းဥပဒေသည် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီမှုရှိရေး၊ နိုင်ငံသူနိုင်ငံသားများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းမှုရှိရေး၊ လူ့အခွင့်အရေး စံချိန်စံညွှန်း၊ ဒီမိုကရေစီ စံချိန်စံညွှန်း စသောအချက်အလက်များနှင့် ညီညွှတ်ရန် အလေးအနက်ထား၍ အတည်ပြု ပြဋ္ဌာန်းစေလိုကြောင်း ညွှန်ကြားခဲ့ကြောင်း ယင်းတွေ့ဆုံဆွေးနွေးပွဲမှတ်တမ်းများအရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် သမ္မတအဖြစ် တင်မြှောက်ခံရပြီးနောက်ပိုင်း ရေဘေးသင့် ပဲခူးတိုင်းဒေသကြီးသို့ ပထမဆုံးသွားရောက်ခဲ့ပြီး ယင်းတိုင်းအစိုးရအဖွဲ့နှင့်တွေ့ဆုံစဉ် နိုင်ငံတကာစီမံကိန်း လုပ်ငန်းများ၌ ပြည်နယ်နှင့်တိုင်းအဆင့် တာဝန်ရှိသူအချို့က စကားကျွံခြင်းကြောင့် မလိုလားအပ်သည့် ရှုပ်ထွေးမှုများဖြစ်ပေါ်စေကြောင်း၊ ထို့အပြင် ပြည်ထောင်စု ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ပြည်ထောင်စုမှ အတည်မပြုမီစပ်ကြား ပြည်နယ်နှင့်တိုင်းအဆင့်က ကြိုတင်ပြောဆိုမှုများ မပြုလုပ်ရန် မှာကြားခဲ့သည်။ 

J-17



FOLLOW US