News

POST TAGGED AS

တရားဥပဒေ

ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ပေးရန် မန္တလေးတိုင်း လုံ/နယ်ဝန်ကြီး တိုက်တွန်း


မန္တလေး၊ မေ ၂

တရားစီရင်ရေးမဏ္ဍိုင်အနေနှင့် တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုနိုင်ရေးအတွက် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက တိုက်တွန်းပြောကြားသည်။

မန္တလေးမြို့တော်ခန်းမ၌ မေလ ၂ ရက်နေ့က ကျင်းပသော မန္တလေးတိုင်း တရားလွှတ်တော်၏ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆိုတာ ကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အစွမ်းရှိသလောက် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားနေစေကာမူ တရားရေး၊ ဥပဒေပြုရေးဘက်က ပြစ်ဒဏ်ပေးတဲ့ အပိုင်းတွေက မထိရောက်ဘူးဆိုရင်၊ မသက်ရောက်ဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကလည်း သက်ရောက်မှုရှိမှာမဟုတ်ဘူး”ဟု မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောကြားသည်။

တရားရုံးများအနေနှင့် တရားစီရင်ရာတွင် အမှုနှင့်သက်ဆိုင်သည့် သက်သေများကို အချိန်မီပြည့်စုံစွာတင်ပြပေးနိုင်ခြင်းနှင့် သက်သေများ ရုံးချိန်းတိုင်းတွင် လာရောက်နိုင်စေရန် ရဲတပ်ဖွဲ့က စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အကျဉ်းထောင်မှသက်သေကို ထုတ်လာရသည့် ရဲတပ်ဖွဲ့အနေနှင့် သက်ဆိုင်ရာ တရားရုံးများသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ခြင်း မရှိသည့်အတွက် အမှုများကြန့်ကြာနေခြင်းများ ရှိနေကြောင်း မန္တလေးတိုင်း တရားသူကြီးချုပ်ဦးစိုးသိန်းက ပြောဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ခရိုင်တရားရုံးများတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မတ်လအကုန်အထိစာရင်းများအရ စာရင်းဖွင့်ထားသည့် ရာဇဝတ်မှု ၈၉၁ မှု ရှိပြီး တရားရုံးများက ၆၅၈ မှုကို လက်ခံ စစ်ဆေးခဲ့ကာ ၄၉၄ မှုကို ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့ကြောင်းနှင့် တရားမမှုအနေ နှင့် ၂၅၃၉ မှုစာရင်းရှိခဲ့ပြီး ၇၁၂ မှုကို လက်ခံစစ်ဆေးခဲ့ရကာ ၃၉၅ ခုကို ပြီးပြတ်အောင် စစ်ဆေးနိုင်ခဲ့ကြောင်း တိုင်းတရားလွှတ်တော်၏ စာရင်းများအရ သိရသည်။

M-04



FOLLOW US