News

POST TAGGED AS

တရားမဝင်

20-Jun-2017

စက်သုံးဆီ
ပြင်သစ်ရေနံကုမ္ပဏီ Total နှင့် Denko တို့ ပူးပေါင်း၍ စက်သုံးဆီဆိုင်များ ဖွင့်မည်

ရန်ကုန်၊ ဇွန် ၂၀

ပြင်သစ်အခြေစိုက် ရေနံကုမ္ပဏီ Total နှင့် ဧဒင်ဦးချစ်ခိုင် ပိုင်ဆိုင်သည့် Denko စက်သုံးဆီဆိုင်တို့ ပူးပေါင်း၍ ပြည်တွင်း၌ စက်သုံးဆီဆိုင်များ ဖွင့်ရန် စီစဉ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“သူက ဒုတိယကုမ္ပဏီပေါ့။ ပထမတစ်ခုက မကြာသေးခင်က ခွင့်ပြုပြီးပါပြီ။ MIC အနေနဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက်ရရင် လုပ်ကိုင်ခွင့် ချပေးမှာပါ”ဟု ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မူဝါဒအသစ်အရ စက်သုံးဆီ လက်လီ အရောင်းဆိုင်များကို နိုင်ငံခြားသားများ ဝင်ရောက်မြှုပ်နှံနိုင်ရန် ဧပြီလကစ၍ ခွင့်ပြုလိုက်ပြီးနောက် နိုင်ငံခြားကုမ္ပဏီများက လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြောင်း ၎င်းက ပြောဆိုသည်။

ပြည်တွင်းသို့ တင်သွင်းနေသည့် စက်သုံးဆီ အများစုမှာ စင်ကာပူနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ယင်းကဲ့သို့ နိုင်ငံခြားကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခြင်းအားဖြင့် ဈေးကွက် ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာပြီး စားသုံးသူများအတွက် ရွေးချယ်ခွင့် ပိုရှိမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက မေလအတွင်း စင်ကာပူနိုင်ငံ အခြေစိုက် ရေနံကုမ္ပဏီ PUMA ကို ပြည်တွင်းတွင် ပထမဆုံး စက်သုံးဆီ လက်လီ ရောင်းချခွင့်ပြုခဲ့ပြီး ယင်းကုမ္ပဏီအနေနှင့် စက်သုံးဆီဆိုင်များအား လက်ကား ရောင်းချမှုကို စတင် ဆောင်ရွက်နေသည်။

ပြည်တွင်း စက်သုံးဆီဈေးကွက်သည် နိုင်ငံတကာတွင် ဈေးတက်ချိန်၌ လိုက်ပါမြင့်တက်ပြီး ဈေးကျချိန်တွင် အတက်ဈေးပင်ဖြစ်နေကာ လိုက်ပါမကျဆင်းသည့်အတွက် ဈေးကွက်ယှဉ်ပြိုင်မှု လိုအပ်သောကြောင့် နိုင်ငံခြားသားများကို ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ဟု မတ်လ ၁၈ ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီး ပြောကြားမှုအပြီးတွင် စင်ကာပူအခြေစိုက် ရေနံကုမ္ပဏီ PUMA က မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် ပူးပေါင်း၍ စက်သုံးဆီဆိုင်များ ဖွင့်ရန် စီစဉ်သကဲ့သို့ နယ်သာလန် အခြေစိုက် စက်ဆီ၊ ချောဆီကုမ္ပဏီ Shell ကလည်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များနှင့် ပူးပေါင်းရန် စီစဉ်နေသည်။

Total E&P Myanmar ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၁၉၉၂ ခုနှစ်က စတင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ပြီး လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်ရှိ ရတနာကမ်းလွန်လုပ်ကွက် M5, M6 မှ ဓာတ်ငွေ့များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

J-13



FOLLOW US