News

POST TAGGED AS

တရားခံ

တာမွေဆန္ဒပြပွဲ ရှင်းရာတွင် အရပ်ဝတ်များကို အသုံးပြုခြင်းမရှိဟု ရဲချုပ် ဆို

နေပြည်တော်၊ မေ ၁၅

ရန်ကုန်မြို့ တာမွေအဝိုင်းထိပ်အနီးတွင် မေလ ၁၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုဆန္ဒပြပွဲတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့ က ရှင်းလင်းရာတွင် အရပ်ဝတ်များကို အသုံးပြုခြင်းမရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက အတည်ပြု ပြောကြားသည်။

မေလ ၁၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစိုးရသက်တမ်း ၂ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းသည့်ပွဲတွင် ရဲချုပ်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“တာမွေကိစ္စမှာ အရပ်သားတွေ အသုံးပြုခွင့်၊ အသုံးပြုမှုမရှိဘူးလို့ပဲ ကျွန်တော် ဖြေကြားပါရစေ။ ဒီအရပ်ဝတ်တဲ့သူတွေကို ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါ့မယ်”ဟု ရဲချုပ်အောင်ဝင်းဦးက ဆိုသည်။

ရဲချုပ်က အရပ်ဝတ်များကို အသုံးပြု၍ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူများကို ရှင်းလင်းခြင်းမရှိဟု ပြောကြားခဲ့သော်လည်း တာမွေအဝိုင်းထိပ်အနီးတွင် ပြုလုပ်သော ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုဆန္ဒပြပွဲတွင် ပါဝင်သူများကို အရပ်ဝတ်များက ဝင်ရောက်ဖမ်းဆီးခြင်း၊ ကိုယ်ထိလက်ရောက်မှုများ ပြူလုပ်ခြင်းများ သာမက သတင်းမီဒီယာများကိုပင် ခြိမ်းခြောက်မှုများရှိခဲ့သည်။

“ရဲတွေရှေမှာပဲ ဆန္ဒပြတဲ့သူတွေကို ဆဲဆိုခြိမ်းခြောက်ပြီး ထိုးကြိတ်တယ်။ ဆန္ဒပြတဲ့သူတွေကို ဖမ်းတော့လည်း ရဲတွေနဲ့ အတူပဲလေ၊ ဓာတ်ပုံတွေကော ဗီဒီယိုရုပ်သံတွေပါ ရှိနေတာဗျာ၊ ဘာလို့မသုံးဘူးလို့ ပြောရမှာလဲ၊ သူပြောတဲ့အတိုင်း အရပ်ဝတ် မသုံးဘူးဆို အဲဒီနေ့က အရပ်ဝတ်တွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူမှာပါ၊ အရပ်ဝတ်တွေကို ဆဲဆိုထိုးကြိတ်တာကို ခွင့်ပြုတဲ့ ရဲအရာရှိတွေကိုလည်း အရေးယူရမယ်”ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ကိုသာလွန်ဇောင်းထက်ကဆိုသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သော ကိုတင်ထွဋ်ပိုင်ကလည်း အရပ်ဝတ်များ၏ အကြမ်းဖက်မှုနှင့် ပတ်သက်၍ “ရဲတွေက ကျွန်တော်ကို ဖမ်းပြီးလို့ အချုပ်ကားပေါ် တင်ခါနီးမှာ အရပ်ဝတ် လူ ၅ ဦးက မင်းလားကွ ငြိမ်းချမ်းရေး လိုလားသူလားဆိုပြီး ဝိုင်းထိုးတာ။ ဒါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ ထိုးခံလိုက်ရတာ။ အသားနာတာ ပြဿနာ မဟုတ်ပေမယ့်။ အမည်မသိ အရပ်ဝတ်တွေ (ဌာနဆိုင်ရာက မဟုတ်သောသူ) က ဥပဒေမဲ့ အနိုင်ကျင့်တာကိုတော့ နည်းလေးမှ လက်မခံနိုင်ဘူး။ ဒီလိုမျိုးဆူပူမှုဖြစ်ရန် ဖန်တီးခဲ့သော အရပ်ဝတ်လူတစ်စုကို အရေးယူပေးဖို့တော့ အမြနိဆုံးလိုအပ်သည်”ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။

မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သောဆန္ဒပြပွဲတွင် သတင်းရယူနေသော သတင်းမီဒီယာများ ခြိမ်းခြောက် အကြမ်းဖက် ရန်ပြုခံရသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ထံသို့ မေလ ၁၄ ရက်နေ့က အသိပေး တိုင်ကြားစားများ ပေးပို့ခဲ့ပြီး အဆိုပါ တိုင်ကြားစာများနှင့်အတူ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ပြုစုထားသည့် အကြမ်းဖက် ခြိမ်းခြောက် ရန်ပြုခံရသည်ဆိုသော အစီရင်ခံစာကိုလည်း ပူးတွဲပေးပို့လိုက်ပြီဖြစ်ကြောင်း မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။

S-01



FOLLOW US