News

POST TAGGED AS

တပ်သိမ်းမြေ

စစ်ကိုင်း ရှေးဟောင်းမဟာသိမ်တော်ကြီးရှိ နံရံဆေးရေးပန်းချီများကို မြန်မာ-ထိုင်းပညာရှင်များ ပြုပြင်ထိန်းသိမ်းမည်


စစ်ကိုင်း၊ ဧပြီ ၂၉

စစ်ကိုင်းမြို့ မဟာသိမ်တော် ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း မဟာသိမ်တော်ကြီးကို မြန်မာ-ထိုင်း ပညာရှင်များဖြင့် ထိန်းသိမ်းပြုပြင်မည်ဖြစ်ကြောင်း အဆိုပါကျောင်းတိုက် ဆရာတော် ဦးသုမင်္ဂလက မိန့်ကြားသည်။

မဟာသိမ်တော်ကျောင်းတိုက် တည်ရှိရာနေရာသည် နှစ်စဉ်ရေဝင်သည့် နေရာဖြစ်သောကြောင့် ရေခိုးရေငွေ့များနှင့် သိမ်တော်ကြီးအမိုးမှ ရေယိုခြင်းတို့ကြောင့် နံရံဆေးရေးပန်းချီများ ပျက်စီးမှုနှင့် ကြုံတွေ့နေရကြောင်း၊ နံရံဆေးရေး ပန်းချီများ ပျက်စီးမှုမှ ကာကွယ်ရန်အတွက် ရေတားနံရံတည်ဆောက်ခြင်း၊ အမိုးခုံတည်ဆောက်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်များကို ယိုးဒယားရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့နှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။

ရှေးဟောင်းသိမ်တော်ကြီးအတွင်း ယိုးဒယားလက်ရာ နံရံဆေးရေးပန်းချီများကို သိမ်တော်ကြီးဝင်ပေါက်နှင့် ပေါင်းကူးနေရာများတွင် တွေ့ရကြောင်း၊ သုတေသနပြုလုပ်မှုများအရ နှစ်ပေါင်း ၂၀၀ နီးပါးခန့် သက်တမ်းရှိပြီဟု ယူဆရကြောင်း၊ သိမ်တော်ကြီး တစ်ခုလုံးကို ပေ ၈၀ ခန့်ရှိ သံပေါင်းကူးအမိုးခုံးများ ပြုလုပ်မည်ဖြစ်ပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများကို မေလဒုတိယပတ်အတွင်း ပြုလုပ်နိုင်ရန် ရည်မှန်းထားကြောင်း တာဝန်ယူလုပ်ဆောင်မည့် တမ္ပဝတီဦးဝင်းမောင်က ပြောကြားသည်။

ရှေးဟောင်းမဟာသိမ်တော်ကြီးကို သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် ယိုးဒယား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ဧပြီလ ၂၉ ရက်နေ့တွင် အလှူငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ရာ ကျပ်သိန်း ၁၉၀ ကျော်ရရှိခဲ့ကြောင်း ဆရာတော် ဦးသုမင်္ဂလက ထပ်မံမိန့်ကြားသည်။

အဆိုပါသိမ်တော်ကြီးကို ထိန်းသိမ်းမှုများ ပြုလုပ်မည်ဆိုပါက အနည်းဆုံး ထိုင်းဘတ် သုံးသန်း (မြန်မာငွေ ကျပ်သိန်း ၁၂၆၀) ခန့် ကုန်ကျနိုင်သည်ဟု ယိုးဒယားရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ခန့်မှန်းထားသည်။

ရှေးဟောင်း မဟာသိမ်တော်ကြီးသည် စစ်ကိုင်းမြို့၊ ထားဝယ်ဈေးတိုက်နယ် မဟာသိမ်တော် ကျောင်းတိုက်တွင် တည်ရှိသည်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့အနေနှင့် ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်ရာ ခရီးသွားဇုန်အဖြစ် ဖော်ဆောင်မည့်နေရာများအနက် ရှေးဟောင်းသိမ်တော်ကြီးလည်း တစ်ခုအပါအဝင်ဖြစ်သည်။  

M-05




FOLLOW US