News

POST TAGGED AS

တပ်မတော်

ခွဲထွက်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဆက်အစပ်
ခွဲထွက်ခွင့်

နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြန်ကြည့်လိုက်လျှင် ‘ခွဲထွက်ပိုင်ခွင့်’ (right to secede) ကို တရားဝင် ခွင့်ပြုထားသည့် နိုင်ငံဆို၍ ယခင် ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယားနှင့် မြန်မာနိုင်ငံ၏ ၁၉၄၇ အခြေခံဥပဒေတို့သာ ရှိမည် ထင်ပါသည်။ ဆိုဗီယက်ယူနီယံနှင့် ယူဂိုဆလားဗီးယားတို့မှာ ယခုအခါ မရှိတော့ပါ။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး နိုင်ငံသစ်များ ပေါ်ထွက်လာချိန်မှာ ဆိုဗီယက်တို့၏ အိုင်ဒီအိုလိုဂျီ လက်သီးဆုပ်ပြေကျချိန် ရောက်တော့မှ ဖြစ်သည်။ ဤနေရာတွင်လည်း ခွဲထွက်နိုင်ငံ အချင်းချင်းသော် လည်းကောင်း၊ ဆိုဗီယက်ယူနီယံ၏ ပင်မ ရုရှားနှင့်သော် လည်းကောင်း စစ်ခင်းခဲ့ကြရသည်များ ရှိသည်။ ယူဂို ဆလားဗီးယား ပြည်ထောင်စု ပြိုကွဲမှုကား ‘ဘော်လတန်နိုက်ဇေးရှင်း’ (Balkanization) ဆိုသော ဝေါဟာရသစ် ပေါ်ထွက်လာရသည်အထိ ဆိုးဆိုးဝါးဝါး သွေးချောင်းစီးခဲ့ရသည်။ (ဘော်လတန်နိုက်ဇေးရှင်းမှာ ‘အစိတ်စိတ်အမြွာမြွာ ပြိုကွဲခြင်း’ ဟု အဓိပ္ပာယ်ရသည်။) ဤတွင် ပြောလိုသည်မှာ အခြေခံဥပဒေပါ ‘ခွဲထွက်ပိုင်ခွင့်’ ကိုကိုင်ပြီး အေးအေးညောင်းညောင်း ခွဲထွက်ကြသည်မဟုတ်။ စစ်ခင်းပြီးမှ နိုင်ငံသစ်များ ပေါ်ထွက်လာကြသည်ကို ဆိုလိုရင်း ဖြစ်သည်။

မူလအခြေခံဥပဒေတွင် ခွဲထွက်ပိုင်ခွင့်ကို တရားဝင် ဖော်ပြမထားသော်လည်း အခင်မင်မပျက် ခွဲခွာခဲ့ကြသည့် နိုင်ငံတစ်ခုကား ရှိပါသည်။ ယခင် ချက်ကိုဆလိုဗားကီးယား ဖြစ်သည်။ အခြေခံဥပဒေကို နောက်မှ ပြင်ဆင်ပြောင်းလဲသည့်နည်းဖြင့် ‘ချက်’ နှင့် ‘ဆလိုဗက်’ နိုင်ငံသစ် နှစ်ခု ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဤတွင်ပြောလိုသည်မှာ ခွဲထွက်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားဝင် ပြဋ္ဌာန်းထားသော်လည်း စစ်ခင်းပြီး ပြိုကွဲသွားသည့် နိုင်ငံများ ရှိသလို ခွဲထွက်ပိုင်ခွင့်ကို တရားဝင် ခွင့်မပြုသော်လည်း ငြိမ်းငြိမ်းချမ်းချမ်း ခွဲခွာနိုင်သည့် နိုင်ငံများလည်း ရှိတတ်သည်ကို သတိချပ်ကြဖို့ ဖြစ်ပါသည်။

၁၉၄၇ အခြေခံဥပဒေဖြင့် သွားခဲ့သော မြန်မာနိုင်ငံတွင်လည်း အလားတူ အဖြစ်မျိုးများ ရှိသလောက် ရှိပါသည်။ ပြည်တွင်းစစ်ခေတ်ဦးက တိုင်းရင်းသားလက်နက်ကိုင် အင်အားစု တော်တော်များများမှာ ခွဲထွက်ရေး ရည်မှန်းချက် ရှိခဲ့ကြဖူးသည်။ ၁၉၉၀ ပြည့်လွန်နှစ်များ ရောက်တော့မှ ဤရည်မှန်းချက်ကို စွန့်လွှတ်လာကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ‘ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ’ (၂၁ ရာစုပင်လုံ) ဒုတိယအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အားလုံးက ‘ခွဲထွက်ဖို့’ သဘောထား မရှိပါကြောင်း အခိုင်အမာ ပြောကြားခဲ့ကြသည်။ သို့တစေ ‘မည်သည့်အခါမှ ခွဲမထွက်ရ’ ဆိုသော အသုံးအနှုန်းမှာ တိုင်းရင်းသားများအပေါ် မယုံသလို ဖြစ်နေကြောင်း၊ သို့အတွက် နှစ်ဖက်လက်ခံနိုင်မည့် အနက်တူ ဝေါဟာရဖြင့် အစားထိုးစေလိုကြောင်း တင်ပြလာကြပါသည်။

ဤတွင် ညီလာခံ တက်ရောက်လာသော ဥပဒေပညာရှင် တစ်ယောက်၏ အကူအညီဖြင့် အခြားနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အသုံးပြုကြသော အနက်တူ စကားလုံးကို ရှာဖွေကြည့်ကြပါသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ တော်တော်များများတွင် ‘ခွဲမထွက်ရ’ ဆိုသော အဓိပ္ပာယ်နှင့် နီးစပ်တူညီသည့် ‘indivisible’ ဆိုသည့် ဝေါဟာရကို တွေ့ရသည်။ ‘ပိုင်းခြားမရသော’၊ ‘ခွဲခြမ်း၍ မရနိုင်သော’ စသဖြင့် ဘာသာပြန်နိုင်ပါလိမ့်မည်။ (ဥပမာ - ပြင်သစ် (၁၉၅၈)၊ နီပေါ (၂၀၁၅)၊ စပိန် (၁၉၇၈)၊ အာဖဂန်နစ္စတန် (၂၀၀၄)၊ အီဂျစ် (၂၀၁၄) ... စသဖြင့်) နိုင်ငံအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ‘One and Indivisible’ ဟု သုံးသည်။ ‘တစ်ခုတည်းသောနှင့် ခွဲခြမ်း၍ မရနိုင်သော’ စသဖြင့် ဘာသာပြန်နိုင်ပါလိမ့်မည်။ (အယ်ဂျီးရီးယား (၁၉၈၉)၊ ပေါ်တူဂီ (၂၀၀၅)၊ အီတလီ (၁၉၄၇) စသဖြင့်) မြန်မာဆန်ဆန် အသုံးပြုလိုလျှင်မူ ‘ဥမကွဲ သိုက်မပျက်’ ဟု အနီးစပ်ဆုံး ယူနိုင်လိမ့်မည် ထင်ပါသည်။ ဖင်လန်နိုင်ငံ၏ ၁၉၉၉ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ထူးထူးခြားခြား ယခုလို ဖော်ပြထားသည်။ “ပါလီမန်၏ သဘောတူညီမှုနှင့်သာ နိုင်ငံ၏ အမျိုးသားနယ်နိမိတ်ကို ပြောင်းလဲသတ်မှတ်နိုင်သည်” ဟူ၍ ဖြစ်ပါသည်။ (The National borders cannot be altered without the consent of the Parliament.)

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ (Self - determination) ဆိုသော စကားရပ်၏ ခေတ်သစ်အဓိပ္ပာယ်ကို စတင်တွေ့ရှိရသည်မှာ ၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သော ‘အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း’ တွင် ဖြစ်သည်။ ၁၉ ရာစုနှင့် ၂၀ ရာစု ခေတ်ဦးသို့ ရောက်သောအခါ ‘အမျိုးသားရေး လှုပ်ရှားမှုများ’ နှင့် ယှဉ်တွဲပြီး အဓိပ္ပာယ် ဖွင့်လာကြသည်။ ဤကာလအတွင်း (၁၉၁၃) ဆိုဗီယက်ခေါင်းဆောင် စတာလင် ရေးသားထုတ်ဝေခဲ့သည့် ‘မာက္ခ်ဝါဒနှင့် အမျိုးသားရေး ပြဿနာ’ (Marxism and the National Question) စာအုပ်တွင် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဆိုသည်ကို ယခုလို အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ‘The right of a nation (or nationality) freely to secede or to enter federal relation with other.’ ‘ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဟု အဓိပ္ပာယ် ထွက်ပါလိမ့်မည်။ (ဤအချက်ကိုကိုင်ပြီး ဂျော်ဂျီယာပြည်နယ် ခွဲထွက်ဖို့ ကြိုးစားသောအခါ တပ်နီတော်နှင့် ချေမှုန်းခဲ့သည်သာ ဖြစ်ပါသည်။)

ပထမကမ္ဘာစစ်အပြီး ဝီလဆင်မူ ၁၄ ချက် ထုတ်ပြန်အပြီး တစ်လအကြာ ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သော အမေရိကန်သမ္မတ ဝုဒရိုးဝီလဆင် မိန့်ခွန်းတွင် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ စကားရပ်သက်သက်မျှ မဟုတ်။ မဖြစ်မနေ လုပ်ကိုလုပ်ကြရမည့် ‘မူ’ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ဤမိန့်ခွန်း၏ အကျိုးဆက်ကြောင့်ပင် သြစတီးယန်း၊ ဂျာမာန်နှင့် အော်တိုမင် အင်ပါယာများမှ နိုင်ငံသစ်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀ ပြည့်နှစ်တွင် ထွက်ပေါ်လာသော ကိုလိုနီနိုင်ငံများနှင့် လူများ၏ လွတ်လပ်ရေးကို အာမခံသော ကြေညာချက်တွင်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ မူများကို တွေ့လာရသည်။ ၁၉၇၀ ပြည့်နှစ် ‘နိုင်ငံတကာ ဥပဒေဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်သော ကြေညာချက်’ ထွက်ပေါ်လာသောအခါ တွင်မူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ‘ပြည်တွင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ (Internal self-determination) နှင့် ‘ပြည်ပကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ (External self-determination) ဟူ၍ ခွဲခြားဖော်ပြလာသည်။

Encyclopedia Princetoniensis ၏ ဖွင့်ဆိုချက်အရ ‘ဖက်ဒရယ်ပြည်ထောင်စု အတွင်းရှိ ပြည်နယ်တစ်ခုအတွင်း မှီတင်းနေထိုင်ကြသော လူများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ သဘောကို ‘ပြည်တွင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဟု နားလည်ရပါသည်။ ‘ကိုယ်ပိုင်လွတ်လပ်သော နိုင်ငံတစ်ခု ထူထောင်ရေး အပါအဝင် တိုင်းတစ်ပါး အုပ်စိုးမှုမှ လွတ်မြောက်ရေး’ ကို ‘ပြည်ပကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ဟု သဘောပေါက်လိုက်ပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အင်အားစုများ ခေတ်အဆက်ဆက် တောင်းဆိုနေကြသည်မှာ ‘ပြည်တွင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ သာ ဖြစ်ပါသည်။

‘စကားလုံး’ နှင့် ‘မူ’

ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဆိုခဲ့ပါ ‘ခွဲထွက်ခွင့်’ နှင့် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ တို့ကို ‘အစုံလိုက် အဆိုပြု လက်ခံရသော ကမ်းလှမ်းချက်’ (Package deal) အဖြစ် ချိတ်ဆက်ထားသည်ဟု သိရသည်။ ဆိုလိုသည်မှာ ‘နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ’ ဆိုသော အဆိုပြုလွှာကို ဖြုတ်ပယ်မည်ဆိုလျှင် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ခေါင်းစဉ်ပါ အဆိုပြုလွှာ ငါးချက်လုံးကိုပါ ဖြုတ်ပယ်ရမည့် သဘော ဖြစ်သည်။ ဆိုခဲ့ပါ အဆက်အစပ်ကို မေလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပခဲ့သော UPDJC  အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။

အစိုးရအစုဖွဲ့ (အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်) က ‘ခွဲမထွက်ရေးကို အာမခံစေပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ယူပါ’ ဆိုသော အပေးအယူဖြင့် ပြဿနာကို ချဉ်းကပ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ကမူ ‘တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိနေသမျှ ခွဲမထွက်ပါ’ ဆိုသော ခြွင်းချက်ဖြင့် ချဉ်းကပ်သည်။ နောက်ဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါ Package deal တစ်ခုလုံး နောက်တစ်ကြိမ် ညီလာခံမှ ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်လိုက်ရသည်။ နှစ်ဖက်သံသယများ၏ အကျိုးဆက်ကြောင့် အရေးအကြီးဆုံး အခြေခံမူဖြစ်သည့် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ကို လတ်တလော စွန့်လွှတ်လိုက်ရသည့် သဘောဟု နားလည်ရပါသည်။

စာရေးသူအနေနှင့် ‘နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ’ ဆိုသော အဆိုပြုလွှာကို ခံတွင်းမတွေ့နိုင်ကြသည့် တိုင်းရင်းသားများ၏  စိတ်ခံစားမှုကို အပြည့်အဝ နားလည်နိုင်ပါသည်။ သို့တိုင် ဤကိစ္စမှာ စကားလုံး ပြဿနာမျှသာ ဖြစ်သည်။ စကားလုံးထက် ပို၍အရေးကြီးသည်မှာ ‘မူ’ ပိုင်းဆိုင်ရာ ဖြစ်သည်။ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ ခေါင်းစဉ်ပါ အချက်ငါးချက်လုံး မဆိုနှင့် နံပါတ် (၃) အချက်မျှနှင့်ပင် ထိုက်ထိုက်တန်တန် ရရှိနေပြီဟု ဆိုနိုင်သည်။ အဆိုပါ နံပါတ် (၃) အချက်ကို စာဖတ်သူများ ‘ဆဝါး’ နိုင်ရန် မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ ယခုလို ... ‘တိုင်းဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း စသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံချက် ရှိစေရမည်။’

ဤအဆိုပြုလွှာအရဆိုလျှင် နိုင်ငံရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် ခွဲထွက်ရေး မပါသည့်တိုင် ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ (Autonomy) ကို အသေအချာ ရရှိတော့မည် ဖြစ်သည်။ ဒါဆိုလျှင် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ လမ်းစပေါ်လာနိုင်သည်။ (ပုဒ်မ ၂၆၁ မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့်အပ်ရမည်ဆိုသော ပုဒ်မဖြစ်သည်။) စီးပွားရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြီ ဆိုလျှင် ‘သယံဇာတ ခွဲဝေရေး’ (Resource Sharing) အတွက်လည်း လမ်းပွင့်လာနိုင်သည်။ အလားတူ လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စသည်တို့နှင့် ပတ်သက်လျှင်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ အကောင်းဆုံး ပုံဖော်နိုင်ပြီ ဖြစ်ပါလိမ့်မည်။

ပြောရလျှင် ဆိုခဲ့ပါ ‘အထွေထွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ မှာ ဖဆပလ၊ ပထစ၊ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တပ်မတော်အစိုးရနှင့် ယခင် ဦးသိန်းစိန်အစိုးရ၊ အစိုးရ အဆက်ဆက် ဘယ်တုန်းကမှ မရခဲ့ဖူးပါ။ အစိုးရ အဆက်ဆက်ကို လက်နက်ကိုင် ပုန်ကန်ခဲ့သော အရှေ့မြောက်ပိုင်း ဗကပသည်ပင် ဤအခွင့်အရေးမျိုး ပေးခဲ့သည် မဟုတ်ပါ။ (အရှေ့မြောက် ဗကပက ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ ပေးပါသည်။)  ထို့ထက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ ခေတ်အဆက်ဆက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်မှာလည်း အဆိုပါ ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ အတွက် မဟုတ်ပါသလော ...။ ဤမျှအရေးကြီးသော ‘အခြေခံမူကြီး’ ကို စကားလုံးမှ ပေးသော စိတ်ခံစားမှုကြောင့် စွန့်လွှတ်လိုက်ရသည်မှာ နှမြောဖို့ ကောင်းလှသည်ဟု ထင်သည်။ ‘မူ’ ကို အမိအရ ဆုပ်ကိုင်ကာ ‘စကားလုံး’ ကို ယာယီစွန့်လွှတ်ပြီး နောင် သံသယကင်းစင်မှ ပြန်ပြင်လျှင်လည်း ‘နောက်မကျသေး’ ဟု ယူဆပါသည်။ သို့အတွက် ဆိုခဲ့ပါ ‘Package deal’ ကို ပြန်လည်ဆင်ခြင် သုံးသပ်စေလိုကြောင်း တိုင်းရင်းသား ညီနောင်များကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ 

ကျော်ဝင်း
၆ ဇွန်၊ ၂၀၁၇

ကျေးဇူးစကား - ဤဆောင်းပါးအတွက် ဥပဒေဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောပြပေးသော ဒေါက်တာ ဆလိုင်း ငွန် ကျူးလျန်ကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



FOLLOW US