News

POST TAGGED AS

တပ်မတော်

တိုင်းရင်းသားစာပေ သင်ကြားပေးသည့် ဒေသခံ ဆရာများကို သင်ကြားရေး လက်ထောက်အဖြစ် ခန့်အပ်မည်
တောင်ငူ၊ ဇွန် ၃

တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းအချို့တွင် တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနေသည့် ဒေသခံ ဆရာ၊ ဆရာမများကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှာကြားချက်နှင့် ဝန်ကြီးဌာနများ ညှိနှိုင်းပေါင်းစပ်ပြီး ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာဦးစီးဌာနတွင် သင်ကြားရေးလက်ထောက် အဖြစ် အတည်ပြု ခန့်အပ်သွားရန် ရှိနေကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောကြားသည်။

“ညှိနှိုင်းပေါင်းစပ်ပြီး လုပ်ဆောင်နေဆဲဖြစ်တဲ့ အတွက် ဘယ်တော့လောက်မှာ ခန့်အပ်မယ် ဆိုတာကို အတိအကျပြောလို့ မရသေးပါဘူး။ မေလ ၉ ရက်နေ့က ပညာရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတို့ ညှိနှိုင်းအစည်းအဝေးမှာ သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ သဘောတူညီချက်အရ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်မှ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ မေလ ၉ ရက်နေ့က တိုင်းရင်းသားဒေသများတွင် ဒေသခံ တိုင်းရင်းသားများကို တိုင်းရင်းသား ဘာသာစကားနှင့် စာပေသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ Teaching Assistant အဖြစ် ခန့်အပ်နိုင်ရေးအတွက် လုပ်ငန်းစီမံချက် ပေးပို့ထားသည်ဟု တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

“တိုင်းရင်းသား ဘာသာစကားနဲ့ စာပေသင်ကြားပေးနေတဲ့ ဆရာတွေကို လက်ထောက်သင်ကြားရေး ဝန်ထမ်း ခန့်အပ်မယ်ဆိုတာ ကျွန်မတို့ ဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး လက်မှတ်နဲ့ ထုတ်ပြန်ထားပြီးပါပြီ။ ပညာရေး ဝန်ကြီးဌာနကတော့ ကျွန်မတို့ ဆီကို တရားဝင် အတည်ပြုထားတဲ့စာတော့ မရောက်လာသေးပါဘူး” ဟု ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်ဆေးက ပြောကြားသည်။

ထန်းတပင်မြို့နယ် အတွင်းရှိ တိုင်းရင်းသားအချို့အခြေချ နေထိုင်သည့် ကျေးရွာအုပ်စုများတွင် မွန်၊ ကရင်၊ ရှမ်း၊ ကယားနှင့် ပအိုဝ်းလူမျိုး ကလေးငယ်များကို အခြေခံပညာကျောင်းများတွင် မိခင်ဘာသာစကားနှင့် စာပေကို ပြီးခဲ့သည့် သုံးနှစ်ကျော်ခန့်မှ စတင်ကာ သင်ကြားပေးနေပြီး လက်ရှိတွင် ဆရာ၊ ဆရာမ အယောက် ၅၀ ကျော် ရှိနေကြောင်း ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောကြားသည်။
“ဒီသတင်း အတည်ဖြစ်ရင် ဝမ်းသာစရာပါ။ လက်ရှိမှာ တိုင်းရင်းသားစာပေ သင်ကြားပေးနေတဲ့ ဆရာတွေကို ငွေကျပ် ၃၀၀၀၀ ပဲ ထောက်ပံ့နိုင်သေးတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားလူမျိုးများ အခြေစိုက်သည့် မြိုနယ်များတွင် တိုင်းရင်းသား ဘာသာစကားနှင့် စာပေသင်ကြားနေသည့် ကျောင်းအရေအတွက် အတိအကျ မသိရှိရသော်လည်း ဆရာဦးရေ ၁၅၀၀၀ ကျော်ခန့် ရှိနေမည်ဟု ခန့်မှန်းထားပြီး ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း၂၈ မြို့တွင် တိုင်းရင်းစာပေ သင်ကြားပေးနေသည့် ကျောင်းပေါင်း ၄၀၀ ကျော် ရှိနေသည်ဟု သိရှိထားကြောင်း ကိုယ်တိုင်လည်း တိုင်းရင်းသားတစ်ဦး ဖြစ်သည့် ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောကြားသည်။

R-15



FOLLOW US