News

POST TAGGED AS

တပ်မတော်

စကားဝိုင်းတွေ အောက်မှာ
စစ်ပွဲသံတွေကြားကပင် ပင်လုံညီလာခံကြီး ပြန်စကြပြီ။ ညီလာခံနီးလျှင် ရှေ့တန်းတစ်နေရာ၌ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ မြင်တွေ့ရတတ်သည့် အစဉ်အလာကလည်း မပျက်မယွင်း တည်နေပြန်သည်။ 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၏ ခေါင်းစဉ်အောက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုသည့် အစည်းအဝေးကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းညီလာခံကို ၂၁ ရာစုပင်လုံဟု ဒေါ်အောင်ဆန်းစုကြည်က အထူးပြုသည်။

ယခုတစ်ကြိမ် ကျင်းပသည့် ၂၁ ရာစုပင်လုံမှာ တစ်နည်းအားဖြင့် သုံးကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တစ်ကြိမ်ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိအစိုးရကာလတွင် နှစ်ကြိမ်မြောက်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဆိုသည်မှာ နိုင်ငံရေး ပြဿနာများကို အဖြေရှာမည့် နိုင်ငံရေး ဆွေးနွေးပွဲကို ရည်ညွှန်းခြင်းဖြစ်သည်။ ညီလာခံမှတစ်ဆင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီ အသီးသီးအကြား နိုင်ငံရေးဆိုင်ရာ သဘောထား မညီမျှမှုများကို အဖြေရှာ၍ နိုင်ငံသစ်ကို ထုဆစ်ကြရန် ဖြစ်သည်။

ညီလာခံ၏ အန္တိမရည်မှန်းချက်က ပြည်ထောင်စုသားအားလုံး လက်ခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွက်လာရေးဖြစ်သည်။ ထိုအခြေခံဥပဒေနှင့်အတူ တန်းတူညီမျှရှိသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးစနစ်များလည်း ပါဝင်ပေလိမ့်မည်။ 

ညီလာခံမတိုင်မီ အလှုပ်ခတ်ဆုံး သတင်းများက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ခေါ် NCA ကို လက်မှတ်မထိုးရသေးသူ လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးလာရေးနှင့် ညီလာခံသို့ ပါဝင်တက်ရောက်ရေး ဖြစ်သည်။

လက်မှတ်မထိုးရသေးသူ လက်နက်ကိုင်အဖွဲ့မှာ ၁၀ ဖွဲ့ကျော် ရှိနေသေးသည်။ တစ်ဖန် ထို ၁၀ ဖွဲ့၌လည်း NCA လက်မှတ်ထိုး၍ ငြိမ်းချမ်းရေး ခရီးဆက်မည်ဟု ပြောထားသည့်အဖွဲ့များက တစ်ဖက်နှင့် NCA မထိုးဘဲ ငြိမ်းချမ်းရေးကို အခြားနည်းနှင့် သွားမည်ဟုဆိုသော အဖွဲ့များက တစ်ဖက်ဖြစ်နေသည်။

အလွယ်ဆိုရလျှင် တောင်ပိုင်းနှင့် မြောက်ပိုင်းအဖွဲ့များ ဖြစ်သည်။

တောင်ပိုင်းအဖွဲ့တွင် မွန်နှင့် ကယားလက်နက်ကိုင် နှစ်ဖွဲ့က အဓိကဦးဆောင်ပြီး စုစုပေါင်း ငါးဖွဲ့ ရှိသည်။

မြောက်ပိုင်းအဖွဲ့ကို နာမည်ကျော် ‘ဝ’ က ဦးဆောင်ပြီး ရှမ်း၊ ကချင်၊ မိုင်းလား၊ ပလောင်၊ ကိုးကန့်နှင့် ရခိုင်အဖွဲ့ဟူ၍ စုစုပေါင်း ခုနစ်ဖွဲ့ ရှိသည်။ ၎င်းတို့က နိုင်ငံရေးဆွေးနွေးမှု ကော်မတီတစ်ရပ် သီးခြားဖွဲ့ထားပြီး အစိုးရနှင့် ဆွေးနွေးရန် ပြောဆိုထားသည်။

NCA လမ်းစဉ်ကို မလိုက်ဟု ဆိုထားသူများ ဖြစ်သည်။

အမှန်တကယ် ညီလာခံ ကျင်းပချိန်တွင် NCA ကို ပယ်ချထားသည့် လက်နက်ကိုင်များက ညီလာခံသို့ ရောက်လာပြီး NCA လမ်းကြောင်းအတိုင်း ဆက်လျှောက်မည် ဆိုသူများကို ညီလာခံတွင် မတွေ့ရ။

ဤသို့ဖြင့်ပင် လူမစုံသော ပင်လုံညီလာခံတစ်ခု ဖြစ်လာရပြန်သည်။

တရုတ်ကဏ္ဍ

မြောက်ပိုင်းခုနစ်ဖွဲ့ နေပြည်တော်သို့ ရောက်လာသည့်အကြောင်း ပြောမည်ဆိုလျှင် တရုတ်ကို ချန်ထား၍ မရ။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးပါဟု ဆိုထားသူများကို နေပြည်တော်သို့ အရောက်ပို့ခဲ့သူက တရုတ်အစိုးရ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆန်ဂိုရှန်က မြောက်ပိုင်းအဖွဲ့များ ၂၁ ရာစုပင်လုံသို့ တက်ရောက်လာအောင် ညှိနှိုင်းခဲ့သူ ဖြစ်သည်။

အထူးသဖြင့် တပ်မတော်က လက်ခံဆွေးနွေးရန် ငြင်းပယ်ထားသည့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်အဖွဲ့၊ တအာင်းပလောင်အဖွဲ့နှင့် ရခိုင်အဖွဲ့ (AA) တို့ ပါလာခြင်းက မှတ်တိုင်သစ်တစ်ခု ဖြစ်သည်။ ယင်းသို့ တရုတ်၏ ညှိနှိုင်းမှုဖြင့် ထိုခုနစ်ဖွဲ့ နေပြည်တော် ရောက်လာခြင်း ဖြစ်သော်လည်း ဖွင့်ပွဲအခမ်းအနားနှင့် ညစာစားပွဲတက်ရုံ သက်သက်သာ ဖြစ်သည်။

ညီလာခံသို့ သူတို့ပါခွင့် မရပါ။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်အရ ကျင်းပသော ညီလာခံကို အပစ်ရပ်စာချုပ် လက်မှတ်ထိုးသူ၊ လက်မှတ်ထိုးမည့် သူများကိုသာ ပါဝင်ခွင့်ပြုမည်ဟု စည်းကမ်း သတ်မှတ်ချက် ရှိထား၍ ဖြစ်သည်။

အဆိုပါ ခုနစ်ဖွဲ့ကို ဖိတ်ကြားရာတွင်လည်း ညီလာခံကျင်းရန် နာရီပိုင်း အလိုတွင်မှ အစိုးရက ဖိတ်စာပို့ခဲ့ခြင်း ဖြစ်သည်။ ဖိတ်စာတွင် တစ်ဖွဲ့ချင်းစီကို ဖိတ်ကြားခြင်းဖြစ်ပြီး ၎င်းတို့ခုနစ်ဖွဲ့ ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေးမှု ကော်မတီကို အမည်တပ် ဖိတ်ကြားခြင်း မဟုတ်။

အကြောင်းမှာ မြောက်ပိုင်းအဖွဲ့များသည် နိုင်ငံရေးဆွေးနွေးမှု ကော်မတီသစ်အောက်တွင် စုစည်းကာ အစိုးရနှင့် ဆွေးနွေးအဖြေရှာမည့် လမ်းစကို ရှာနေကြချိန် ဖြစ်သည်။ အစိုးရက NCA အတိုင်းသာ ဆက်သွားမည်ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့များ စုဖွဲ့ထားသော ကော်မတီသစ်ကို အသိအမှတ်မပြုပါ။

တရုတ်အကြောင်းပြောလျှင် လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိက မိတ်ဖက် ဂျပန်တို့ အကြောင်းလည်း ပါလာမည် ဖြစ်သည်။ 

ဂျပန်တို့သည် နိပွန်ဖောင်ဒေးရှင်းမှတစ်ဆင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ ထောက်ကူနေသူများ ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင် အများအပြား ငြိမ်းချမ်းရေးလမ်းသို့ လျှောက်လှမ်းရာတွင် နိပွန်ဖောင်ဒေးရှင်း၏ အကူအညီက အထင်အရှား ရှိသည်။

သို့ရာတွင် တရုတ်သည် ထိုသို့မဟုတ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် တရုတ်၏ အကူအညီမှာ ငွေအားတွင် ပြောပလောက်ဖွယ် မရှိပါ။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေဆဲ လက်နက်ကိုင် အားလုံးနီးပါးမှာ တရုတ်နယ်ခြားမျဉ်း တစ်လျှောက် တည်ရှိသည် ဖြစ်၍ တရုတ်၏ အခန်းကဏ္ဍက မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးပါလာရခြင်း ဖြစ်သည်။ ယခု တရုတ်တို့၏ ပါဝင်ပတ်သက်မှုက ပို၍ထဲထဲဝင်ဝင် ရှိလာသည်။

“တရုတ်တို့ ဝင်လာရင်တော့ ဂျပန်က နောက်ဆုတ်ရလိမ့်မယ်။ နောက်မဆုတ်ရင်လည်း တရုတ်က လက်ခံမယ် မထင်ဘူး” ဟု မြန်မာ့အရေး ဆယ်စုနှစ်များစွာ လေ့လာနေသူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လစ်တနာက မှတ်ချက်ပြုသည်။

တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ သမိုင်းကြောင်းအရ ထိုသို့ ဖြစ်လာရခြင်းဟု ဆိုသည်။

ရှေ့ဆက်၍ မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်နှင့် ဂျပန်တို့ မည်သို့ ပတ်သက်ကြဦးမည် မသိသေး။

နိုင်ငံ့အရေး စိတ်ဝင်တစား ပြောဆိုတတ်ကြသူ အချို့ကမူ ငြိမ်းချမ်းရေးသည်ပင် Madi in China ဖြစ်လာပြီဟု သရော်စကား ဆိုကြသည်။

ခုနစ်ဖွဲ့ ဇာတ်လမ်း

ပင်လုံညီလာခံသို့ အရောက်လာသော ခုနစ်ဖွဲ့၏ ဇာတ်လမ်းကလည်း ထူးခြားသည်။

ငြိမ်းချမ်းရေး စိတ်ဝင်စားသူ ပြည်သူအများအပြား အပါအဝင် သတင်းမီဒီယာတို့၏ အာရုံက ထိုအဖွဲ့များနောက် တကောက်ကောက် ပါနေသည်။ ထိုခုနစ်ဖွဲ့ ညီလာခံခန်းမတွင် ရှိနေခြင်း၊ မရှိနေခြင်းကိုလည်း စိတ်ဝင်စားကြသည်။

ညီလာခံတွင် ရှိနေမည့်အကြောင်း၊ မရှိနိုင်မည့် အကြောင်းများကိုမူ အများစုက မသိပါ။

ဒုတိယတန်း ခေါင်းဆောင်များ ပါဝင်သော အဆိုပါ မြောက်ပိုင်းခုနစ်ဖွဲ့ တည်းခိုရာ Horizon Lake View ဟိုတယ်၌လည်း သတင်းမီဒီယာတို့က အချိန်ပြည့် စောင့်ကြည့်သတင်းယူနေရသည်။ ပြည်သူအများအပြား စိတ်ဝင်စားကြသည်ကလည်း ယင်းခုနစ်ဖွဲ့ပင် ဖြစ်နေသည် မဟုတ်ပါလော။

တရုတ်အရောက်ပို့သဖြင့် ပင်လုံသို့ ပေါက်လာသည့် သူတို့မှာလည်း မျက်နှာသာ ရလှသည် မဟုတ်ပါ။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) အနေနှင့် တရုတ်ကြောင့် ပင်လုံသို့ ရောက်လာရခြင်းသည် နိုင်ငံရေးအရ အရှက်ရစရာ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားတစ်ဦးပင် ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက မှတ်ချက်ပြုသည်။
“တရုတ်ခိုင်းလို့ လာရတယ်ဆိုတော့ နိုင်ငံရေးသိက္ခာ ကျတာပေါ့။ ခု ဝိုင်းပြောနေကြပြီလေ” ဟု ၎င်းက ဆိုသည်။

ဒုတိယခေါင်းဆောင် ပေါက်ယူရိ ဦးဆောင်လာသော ‘ဝ’ အဖွဲ့က ပြင်ဆင်မှုကောင်းကောင်းဖြင့် နေပြည်တော်သို့ ရောက်လာဟန်ရှိပြီး ညီလာခံသို့ ဆက်လက်တက်ရောက်ခွင့် မရခဲ့သည့်တိုင် ၎င်းတို့အဖွဲ့၏ ပြင်ဆင်မှုများကို စာတမ်းများ အသေအချာ ပြုစုလာကာ သတင်းမီဒီယာများမှ တစ်ဆင့် ဖြန့်ချိခဲ့ကြသည်။

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပြင်ဆင်ပြုစုလာသော စာတမ်းသုံးစောင်တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် တစ်စောင်ပင် ပါဝင်နေသေးသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ ငြိမ်းချမ်းရေးစာချုပ်နှင့် တစ်နိုင်ငံလုံး လွှတ်တော်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ဟု ခေါင်းစဉ်တပ်ထားသည်။

ယင်းစာချုပ်က လက်ရှိ ရှိနှင့်ပြီး အသက်ဝင်နေပြီ ဖြစ်သော NCA စာချုပ်နှင့် မသက်ဆိုင်သော နောက်ထပ်စာချုပ်တစ်ခု ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညီလာခံဖွင့်ပွဲ မိန့်ခွန်းအရဆိုလျှင် NCA အတိုင်းသာ ရှေ့ဆက်မည်ဖြစ်ရာ မြောက်ပိုင်းခုနစ်ဖွဲ့တို့ ငြိမ်းချမ်းရေး ခရီးတွင် ပါဝင်လာရေးက မရေရာ မသေချာ မှုန်ဝါးဝါးသာ ဖြစ်သည်။

“အပစ်အခတ်ရပ်စဲရေးကိစ္စ ဒီလိုပဲ ကြာတတ်ပါတယ်။ အဓိကတော့ နှစ်ဖက်လုံးက ဆွေးနွေးပွဲ တံခါးပေါက်တွေ မပိတ်လိုက်ဖို့ လိုတယ်” ဟု NCA စာချုပ်တွင် လက်နက်ကိုင်အဖွဲ့အစုံ မပါလာနိုင်သေးခြင်းအပေါ် ဦးသုဝေက မှတ်ချက်ပြုသည်။

ဦးနုအစိုးရလက်ထက်တွင် မင်းမှုထမ်းတစ်ဦး ဖြစ်ခဲ့ပြီး မဆလခေတ်တွင် တောခိုကာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့ဖူးသူ ဦးသုဝေမှာ ယခုအခါ နိုင်ငံရေးပါတီတစ်ခု၏ အကြီးအကဲအဖြစ် မြန်မာ့နိုင်ငံရေးတွင် သက်ဝင်လှုပ်ရှားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း ထဲထဲဝင်ဝင် ပါဝင်နေသူ ဖြစ်သည်။

မိန့်ခွန်းများ

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလ ၂၄ ရက်နေ့က ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ခဲ့ရာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ ခေါင်းဆောင်များက မိန့်ခွန်းပြောကြားခဲ့သည်။

မိန့်ခွန်းများအနက် သုံးခုကို လေ့လာသူတို့ စိတ်ဝင်တစား ရှိလှသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့၏ မိန့်ခွန်းများဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ညီလာခံခန်းမကြီးနှင့် ပရိသတ်ကို ရည်ညွှန်း၍ မြင်တွေ့နေရသည်က ‘နိုင်ငံရဲ့ ရှေ့အလားအလာ’ ဟု ဝိသေသပြုသည်။ ဤနေရာတွင် ငြိမ်းချမ်းရေးအိပ်မက် တည်ဆောက်မည့် အခြေခံအုတ်မြစ်များ ရှိနေသည်ဟု ဆိုသည်။

နိုင်ငံတော်၏ ရှေ့ခရီးကို ချီတက်ရာတွင် ဖိအားပေး အကျပ်ကိုင်ခြင်းများ လုပ်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အားလုံး လက်ခံနိုင်မည့် သဘောတူညီချက်များ ရရှိစေမည်ဟု ထုတ်ဖော်ပြောဆိုသည်။
“ဘယ်သူနဲ့မဆို စေ့စပ်ညှိနှိုင်း ဆွေးနွေးဖို့ စိုးရိမ်စရာ မလိုအပ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆိုစကားအရ ငြိမ်းချမ်းရေးအတွက် မည်သည့်အဖွဲ့နှင့်မဆို တွေ့ဆုံဆွေးနွေးမည်ဟု ဆိုသယောင် ရှိသည်။ သာဓကအားဖြင့် ဦးသိန်းစိန် အစိုးရနှင့် တပ်မတော်က လက်မခံခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည်။ 

ယခုလည်း မြောက်ပိုင်းခုနှစ်ဖွဲ့က ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖြစ် ခြေလှမ်းသစ် စလာပြီဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမှန်က မည်သို့ရှိမည် မသိ။ 

“အဝေးကနေ စကားလုံးတွေ၊ ပြောကြားချက်တွေကို နားထောင် အနက်ကောက်ပြီး သုံးသပ်နေတာထက် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တူညီတဲ့ သဘောထားတွေကို ဖော်ထုတ်နိုင်စေမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းဆိုသည်။

သို့ရာတွင် တစ်ဖက်၌လည်း လက်မှတ်ထိုးရန် တာစူနေသော မွန်နှင့် ကယား ဦးဆောင်သည့် လက်နက်ကိုင်ငါးဖွဲ့ကို နေပြည်တော်သို့ ယခုတစ်ကြိမ် အရောက်မခေါ်နိုင်ခြင်းက အပြစ်ပြောစရာ ဖြစ်နေသည်။ 

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရ တစ်နှစ်ပြည့် မိန့်ခွန်းတွင် ထိုငါးဖွဲ့ လက်မှတ်ထိုးတော့မည်ဟု ကြားသိရကြောင်း တိုင်းသိပြည်သိ ကြေညာထားပြီး ဖြစ်ရက်နှင့် ပင်လုံရက်များသို့ ထိုငါးဖွဲ့ကို အပါမခေါ်နိုင်ခြင်းက မချင့်မရဲ ဖြစ်စရာ။

“ဦးကျော်တင့်ဆွေ၊ ဒေါက်တာတင်မျိုးဝင်းတို့ ဦးဆောင်တဲ့ အလုပ်အဖွဲ့တွေက အသေအချာ တွေ့ဆုံဆွေးနွေးပြီး မစည်းရုံးနိုင်လို့ ဒီလိုဖြစ်ရတာပဲ” ဟု ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်သူ တတ်သိပညာရှင် ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင်မူ တပ်မတော်က နိုင်ငံရေးမလုပ်ဟု အတိအလင်း ဆိုသည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်၏ နံပါတ်သုံးအဆင့်၊ ကာကွယ်ရေး ဦးစီးချုပ်အဆင့် တပ်မတော် ခေါင်းဆောင်များ အပါအဝင် ဗိုလ်ချုပ်ကြီး အများအပြား ယူနီဖောင်းချွတ်၍ ရွေးကောက်ပွဲ ဝင်ကြခြင်းကမူ ဝိရောဓိ ဖြစ်နေသည်။

ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ဦးခင်ဇော်ဦးက ဥပမာဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေရင်း ရွေးကောက်ပွဲဝင်ခဲ့သည်။ ရွေးကောက်ပွဲ ရှုံးနိမ့်အပြီးတွင် တပ်မတော်၏ ငြိမ်းချမ်းရေး အစုအဖွဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေသည်မှာ ယနေ့အထိ ဖြစ်သည်။

သူ၏ ကိုယ်ရေးအရာရှိသည်ပင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးတစ်ဦး ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် NCA မှ ရှောင်ထွက်၍ လမ်းကြောင်းအသစ်ဖောက်မည့် သူများကို သတိပေးထားသည်။ NCA ၏ ပန်းတိုင်မှာ တိုင်းရင်းသားအားလုံး၏ တောင်းဆိုချက်များကို ခြုံငုံထားပြီးဟု ဆိုသည်။ 

“ဒါကို လျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်း အဖြေရှာရေးလမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရယူရေးလမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေး လမ်းစဉ်တို့ကိုသာ ဦးတည်နေကြောင်း ယူဆရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏ သဘောထားအမြင်ကို ထုတ်ဖော်ပြောဆိုသည်။

တစ်ဖန် သြဂုတ်လက ကျင်းပခဲ့သော ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား အစုအဖွဲ့အချို့က အလွန်အကျွံ တောင်းဆိုမှုများ လုပ်ခဲ့ကြောင်း၊ ယင်းမှာ တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဆန့်ကျင်ကြောင်း ထပ်လောင်းပြောဆိုသည်။

ဆန့်ကျင်သည့် အဖွဲ့အစည်းများကို တာဝန်နှင့်အညီ ဆောင်ရွက်မည်ဟုလည်း သတိပေးသည်။

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြည်သူတစ်ရပ်လုံးက နားလည်ရန် လိုအပ်ကြောင်း ထောက်ပြသည်။

လက်တွေ့တွင်မူ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရာ နေပြည်တော်၌ နေထိုင်သူ အများအပြားသည်ပင် ညီလာခံအကြောင်း ကောင်းကောင်းမသိကြ။ 

“ညနေတော့ ဘောလုံးပွဲရှိတာ သိတယ်။ စကိုင်းနက်ကလည်း စတုဒီသာ ကျွေးမယ်ဆိုလို့ သွားဖို့ စိတ်ကူးနေတယ်” ဟု မော်တော်ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတစ်ဦးက ဆိုသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဂုဏ်ပြုကာ နေပြည်တော်တွင် ကျင်းပသည့် ချစ်ကြည်ရေး ဘောလုံးပွဲကို ရည်ညွန်းခြင်း ဖြစ်သည်။

၂၁ ရာစု ပင်လုံညီလာခံ ခန်းမကြီးနှင့် မလှမ်းမကမ်း၌ ရှိသော သပြေကုန်းဈေးအနီး အလုပ်လုပ်ကိုင်သူ ဖြစ်သော်လည်း ၂၁ ရာစု ပင်လုံသည် ပထမအကြိမ်နှင့်ပင် ပြီးစီးပြီဟု သူက ထင်မှတ်ထားသည်။ 

ငြိမ်းချမ်းရေး အထိမ်းအမှတ် ဘောလုံးပွဲနှင့် စတုဒီသာကိုမူ သူကောင်းကောင်းသိသည်။

ဘာကြောင့် အရေးကြီး

ယခု ငါးရက်ကြာ ကျင်းပသည့် ၂၁ ရာစုပင်လုံက အရေးကြီးသည်။

အဘယ်ကြောင့်ဆိုသော နိုင်ငံရေးဆွေးနွေးပွဲများ အမှန်တကယ် စတင်သည့် ညီလာခံ ဖြစ်နေခြင်းကြောင့်ပင်။

ယခင်ညီလာခံ နှစ်ကြိမ်တွင် ဆွေးနွေးချက်အချို့ ရှိခဲ့သော်လည်း မှတ်တမ်းအဖြစ်သာ ကျန်ရစ်သည်။ ယခုတစ်ကြိမ်တွင်မူ ညီလာခံရလဒ်အဖြစ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများကို ချမှတ်ကြမည် ဖြစ်သည်။

ယင်းသို့ ချမှတ်နိုင်ရန်လည်း ကဏ္ဍအသီးသီးတွင် မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ စုံညီပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက အခြေခံမူ အဆိုပြုချက်များကို ကြိုတင်သတ်မှတ်ထားသည်။

အချို့က ထောက်ခံသည်။ အချို့က ပြင်ဆင်လိုသည်။ အချို့က ဖြည့်စွက်လိုသည်။

နိုင်ငံရေး၊ စီးပွားရေး ရေးရာမျိုးစုံတို့ အပေါ်တွင် အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးချက် အမျိုးမျိုး ရပ်တည်ချက် အမျိုးမျိုးကို ၂၁ ရာစုပင်လုံတွင် တွေ့ရသည်။

အဆိုပါ သဘောထားအမြင်များ ယူဆချက်များ ရပ်တည်ချက်များ အားလုံးကို ပြည်ထောင်စု တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် သဘောတူညီချက် တစ်ရပ်သို့ ညှိနှိုင်းရောက်ရှိပြီ ဆိုလျှင် ပွဲသိမ်းမည် ဖြစ်သည်။

သို့သော် ခရီးကား ဝေးသေးသည်။

“၂၁ ရာစု ပင်လုံညီလာခံက ဘယ်နှကြိမ်အထိ ကျင်းပသွားရမယ် ဆိုတာ အတိအကျ ပြောဖို့ခက်ပါတယ်။ အချိန်ကာလအားဖြင့် သုံးနှစ်မှ ငါးနှစ်အတွင်းလို့ သဘောထားတာ ရှိတယ်” ဟု ဦးမြင့်စိုးက ရှင်းပြသည်။

ဦးမြင့်စိုးသည် ဦးခင်ဇော်ဦးနည်းတူ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ဖြစ်သည်။ ရွေးကောက်ပွဲကာလတွင် တပ်မတော်မှ အငြိမ်းစားယူ၍ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ဦးခင်ဇော်ဦးနည်းတူ သူလည်း ရွေးကောက်ပွဲရှုံးသည်။

ယခုအခါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆက်လက်ပါဝင်နေသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပမည်ဟု လျာထားသတ်မှတ်ထားရာ အချိန်ကာလအားဖြင့် သုံးနှစ်မှ ငါးနှစ်အတွင်း ဆိုလျှင် ညီလာခံ ၁၀ ကြိမ် ၀ဝ်းကျင်ခန့် ကျင်းပရမည် ဖြစ်သည်။

ထို ၁၀ ကြိမ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး သောင်းပြောင်း ထွေလာ ပြဿနာတို့ကို ဖြေရှင်းနိုင်မည်ဟု မည်သူမျှ အာမမခံနိုင်သေးပါ။ ဖဆပလခေတ်၊ မဆလခေတ်၊ တပ်မတော်အစိုးရ ခေတ်နှင့် ယခု ဒီမိုကရေစီ အသွင်ပြောင်းရေးခေတ်ကို ဖြတ်သန်းနေသူ ဦးသုဝေ၏ အဆိုအရမူ ဆွေးနွေးပွဲ တံခါးများ မပိတ်ဖို့သာ အရေးကြီးမည် ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များက အချိန်ယူရမည်။

ယင်းအတွက် ၂၁ ရာစု ပင်လုံ ညီလာခံများလည်း အနည်းဆုံး ခြောက်လ တစ်ကြိမ်ခန့်ဖြင့် အကြိမ်ကြိမ် လာနေဦးမည်သာ ဖြစ်သည်။

စစ်ပွဲသံတွေ ကြားကပင် ပင်လုံညီလာခံကြီး ပြန်စနေပြီ ဖြစ်သည်။ ညီလာခံနီးလျှင် ရှေ့တန်းတစ်နေရာ၌ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ မြင်တွေ့ရတတ်သည့် အစဉ်အလာကလည်း မပျက်မယွင်း တည်နေပြန်သည်။ 

နှစ်ဖက်တပ်သားများသာမက ဒေသခံ တိုင်းရင်းသား ပြည်သူတို့လည်း ဒုက္ခပင်လယ်ဝေကြရသည်။ 

မေလ ၁၉ ရက်နေ့က ရှေ့တန်းတစ်နေရာတွင် တပ်မတော်သား အရာရှိငယ်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်။ အသက်အစိတ်ပင် မပြည့်တတ်သေးသော ဆရာဝန်စစ်ဗိုလ်တစ်ဦး အတွက် ဝမ်းနည်းကြေကွဲသံများက ကြွက်ကြွက်ညံမတတ်။ ပရဟိတ လုပ်ငန်းများကို ခုံမင်မြတ်နိုးသော အဆိုပါ အရာရှိအတွက် စေတနာ့ဝန်ထမ်း လုပ်ဖော်ကိုင်ဘက်များက ယူကြုံးမရ တသသ။

ဆရာဝန် ဆေးမှူးတစ်ဦးဖြစ်သူ ယင်းအရာရှိ၏ ကဗျာတစ်ပုဒ်သည်လည်း တစ်မုဟုတ်ချင်းပင် ပြည်သူအများအပြားအကြား ပျံ့နှံ့ခဲ့သည်။ ထိုကဗျာရှည်၏ တစ်ခုသောအပိုဒ်တွင် အောက်ပါအတိုင်း ဖွဲ့ဆိုထားသည်။

‘ရွှေပြည်တော်ဟာ မျှော်တိုင်းဝေးနေပေမယ့် ခြေတစ်လှမ်းလှမ်းတိုင်းတော့ သင်္ချိုင်းဟာ မမျှော်ဘဲ နီးနီးလာတယ်။ ပါးစပ်နဲ့ ရှင်းနေတဲ့ စကားဝိုင်းတွေအောက်မှာ သေနတ်နဲ့ ရင်းခဲ့ရတဲ့ အသက်ပေါင်းများစွာ’ ဟူ၍။

အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အချိန်ယူရပေဦးမည်။
တိုက်ပွဲများကို ဘယ်တော့ ဘယ်သူရပ်မည်နည်း။ 

နော်ကိုကို



FOLLOW US