News

POST TAGGED AS

တပ်မတော်

တရုတ်လွှမ်းမိုးမှုအောက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (အပိုင်း ၇)
ယမန်နေ့မှအဆက်

Yun Sun ရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသုတေသီ Yun Sun က အစီရင်ခံစာတစ်စောင်ကို သုတေသနပြု ရေးသားခဲ့ပြီး မတ်လကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ China and Myanmar’s Peace Process ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးပေါင်း ၈၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်း ဖြစ်သည်ဟု သုတေသီ Yun Sun က ဆိုထားသည်။ စာမျက်နှာ ၂၀ နီးပါးခန့် ရှိသည့် ယင်းအစီရင်ခံစာကို The Voice Daily သတင်းစာတွင် ဆီလျော်သလို အပိုင်းခွဲကာ ဘာသာပြန်ဆို ဖော်ပြသွားမည် ဖြစ်ပါသည်။ နှစ်ပေါင်း  ၅၀ ကျော်၊ ၆၀ နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ကြိုးပမ်းနေသူများ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် များစွာအထောက်အကူပြုမည့် အစီအရင်ခံစာဟုလည်း ယုံကြည်ပါသည်။ (အစီအရင်ခံစာမူရင်းကို ဖတ်ရှုလိုသူများ အနေနှင့် www.usip.org ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ယူကာ ဖတ်ရှုနိုင်ပါသည်)

အရေးပါသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အလေးအနက်ထား အာရုံစိုက်မှုမှာ တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် ကချင်နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအုပ်စုများပင် ဖြစ်လေသည်။ တရုတ်တို့သည် မြန်မာပြည်အောက်ပိုင်းဒေသမှ ကရင်၊ ချင်း သို့မဟုတ် မွန် စသည့် တိုင်းရင်းသားအုပ်စုများကို အနည်းငယ်မျှသာ အလေးထားကြသည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများထဲတွင်လည်း ကေအိုင်အေနှင့် ‘ဝ’ တပ်ဖွဲ့တို့သည် တရုတ်တို့၏ ဦးစားပေးခြင်းခံရသော အုပ်စုများ ဖြစ်ကြလေသည်။ အကြောင်းမှာ ကေအိုင်အေနှင့် ‘ဝ’ တပ်ဖွဲ့တို့၏ အင်အားအရွယ်အစား၊ ပထဝီ အနေအထားအရ နီးကပ်မှု၊ တရုတ်နိုင်ငံနှင့် တိုင်းရင်းသား မျိုးနွယ်ချင်း နီးစပ်မှု စသည့် အကြောင်းတို့ကြောင့်ပင် ဖြစ်လေသည်။ ရိုးရိုးစင်းစင်းနှင့်ပင် မှန်သည်ဟု ဆိုရပေမည်။ ကေအိုင်အေနှင့် ‘ဝ’ တပ်ဖွဲ့တို့သည် နယ်စပ်ဒေသတစ်လျှောက် အလှုပ်အယမ်းများကို ဖန်တီးပေးနိုင်သည့် ကြီးမားသော စွမ်းဆောင်ရည်ကိုယ်စီ ရှိနေကြသည်။ အခြားအုပ်စုများထဲတွင် Mongla Army (NDAA-ESS) သည် ‘ဝ’ တပ်ဖွဲ့၏ ကိုယ်စားလှယ်အဖြစ် အစဉ်အမြဲ သတ်မှတ်ခံခဲ့ရပြီး ယင်းအုပ်စု၏ စစ်ရေးနှင့် နိုင်ငံရေး မဟာဗျူဟာများသည်လည်း ‘ဝ’ တို့နှင့် တူညီလေသည်။ အစောပိုင်းက NCA လက်မှတ်ရေးထိုးမှုတွင် မပါဝင်ခဲ့သော ကိုးကန့်၊ ရခိုင်တပ်ဖွဲ့နှင့် တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့တို့ကိုလည်း တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်လျက် ရှိသည်။ အကြောင်းမှာ ကိုးကန့်လူမျိုးစုသည် တရုတ်အနွှယ်များ ဖြစ်ကြပြီး ယင်းအုပ်စုသုံးခု စလုံးသည် ကေအိုင်အေ၊ ‘ဝ’ တပ်ဖွဲ့တို့နှင့် ဆက်ဆံရေး ရှိကြခြင်းက တစ်ကြောင်း၊ ၎င်းတို့သည်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်၊ အထွေထွေငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ကတောက်ကဆ ဖြစ်အောင် လုပ်ဆောင်နိုင်သည့် စွမ်းရည် ရှိနေခြင်းက တစ်ကြောင်း ဖြစ်လေသည်။ အဆိုပါအုပ်စု ခြောက်ခုထက်  SSA မြောက်နှင့် SSA တောင် (ရှမ်းပြည်နယ် ပြန်လည်ပေါ်ထွန်းရေးကောင်စီ အဖြစ်လည်း လူသိများသော) အဖွဲ့သည်လည်း တရုတ်နိုင်ငံအတွက် ဂရုတစိုက် စောင့်ကြည့်ရမည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ယင်းအဖွဲ့သည် နယ်စပ်ဒေသနှင့် ဝေးကွာသည့် အနေအထားတွင် ရှိသော်လည်း နိုင်ငံရေး ရပ်တည်ချက်၊ (အထူးသဖြင့် NCA လက်မှတ်ရေးထိုးပြီး အစိုးရနှင့် ပူးပေါင်းနိုင်ခြင်း ရှိ၊ မရှိ) စသည်တို့နှင့် ပတ်သက်၍ တရုတ်တို့အတွက် စိုးရိမ်စရာ ဖြစ်နေခြင်းပင်။ ယင်းအဖွဲ့၏ ရပ်တည်ချက်နှင့် လုပ်ကိုင်ဆောင်ရွက်ချက်တို့သည် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတို့၏ ညီညွတ်မှုနှင့် နိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှုရှိမည် ဖြစ်လေသည်။

ကေအိုင်အေ

ညီညွတ်သော အမျိုးသားများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ခေါင်းဆောင် အဖွဲ့အစည်း ဖြစ်သော ကေအိုင်အေသည် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွင် အရေးအပါဆုံးသော ပလေယာ (Player) ဖြစ်လေသည်။ ကေအိုင်အေ၏ နယ်နိမိတ်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီနှင့် ဘောင်ရှမ်းဒေသတို့နှင့် ထိစပ်နေပြီး ကေအိုင်အေ ဌာနချုပ်မှာ တရုတ်-မြန်မာ နယ်စပ်ဒေသ (တရုတ်နိုင်ငံ၊ ယင်ကျန်း ကောင်တီ) မျက်နှာချင်းဆိုင်တွင် ရှိနေသည်။ မြန်မာနိုင်ငံမှ ကချင်လူမျိုးများသည် တရုတ်ကချင် (ဂျင်းဖော) တို့နှင့် မျိုးနွယ်စုချင်း တူကြသည်။ တရုတ်ကချင် ညီနောင်များထံမှ ကေအိုင်အေတို့ နိုင်ငံရေးနှင့် ဘဏ္ဍာရေး အထောက်အပံ့များ ရရှိမှုသည် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ အားလုံးထဲတွင် အများဆုံးဖြစ်ဟန် ရှိသည်။ ယင်းသို့ ထောက်ပံ့မှုများ အကြီးအကျယ် ရရှိနေခြင်းက တရုတ်နိုင်ငံအပေါ် အရေးကြီးသည့် နိုင်ငံရေး လှုပ်ယမ်းမှုကို ဖြစ်ထွန်းစေသည်။ အကြောင်းမှာ လူမှုတည်ငြိမ်မှုဟူသော အကြောင်းကိစ္စ အတွက် ပြည်နယ်အစိုးရများက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို ဂရုတစိုက်ထား ဆက်ဆံနေကြရခြင်းကြောင့် ဖြစ်လေသည်။ ကချင်ပြည်နယ် ဟူသည်မှာ သဘာဝသယံဇာတနှင့် တွင်းထွက်ပစ္စည်းများ လွန်စွာ ပေါကြွယ်ဝသည့် ဒေသကြီးတစ်ခု ဖြစ်သည်။ အထူးသဖြင့် ကျောက်စိမ်းတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ သတ္တုရှာဖွေရေး စသည် လုပ်ငန်းကြီးများ လုပ်ကိုင်နိုင်သည့် ဒေသဖြစ်ရာ တရုတ်တို့နှင့် အကျိုးတူ ဖက်စပ်လုပ်ငန်းများစွာ ၀င်ရောက်လုပ်ကိုင်လျက် ရှိသည်။ ဤသို့ သော အနေအထားကပင် တရုတ်ဒေသခံနှင့် ပုဂ္ဂလိက အုပ်စုများ အနေနှင့် ကေအိုင်အေကို ကာကွယ်ထောက်ပံ့ပေးရန် မက်လုံးတစ်ခုသဖွယ် မလွဲဧကန် ဖြစ်လာခဲ့လေသည်။ ဤအကြောင်းအရင်းများကြောင့် တရုတ်နိုင်ငံသည် လတ်တလော စစ်မက်ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင်ဆောင်ရွက်နိုင်ရေးအတွက် ကေအိုင်အေတို့နှင့် နီးကပ်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်သည်။ သို့တိုင်အောင် လက်နက်ကိုင်အုပ်စု ခြောက်စုထဲတွင် ကေအိုင်အေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ နေရာပေးမှုမှာ အမြင့်ဆုံး အနေအထားတွင် ရှိနေပါသည်။ UNFC တွင် ကေအိုင်အေ၏  ဦးဆောင်မှု အနေအထားနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကေအိုင်အေ၏ ပဓာနကျသော အခန်းကဏ္ဍတို့ကို ဘေဂျင်းအစိုးရက အသိအမှတ်ပြု နားလည်ထားသော်လည်း ယင်းအုပ်စုအပေါ် ထားရှိသည့် ဘေဂျင်း၏ သဘောထားမှာမူ အကြောင်းအမျိုးမျိုးကြောင့်  တဖြောင့်တည်း မရှိပေ။ ကေအိုင်အေသည် ကချင်ပြည်နယ်တွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက်  အမြဲပင်တစေ ထောက်ပံ့ပေးခြင်းမျိုး မရှိခဲ့ပေ။ ‘ကချင်ပြည်သူတွေရဲ့ စိုးရိမ်သောက’ ဟူသော အကြောင်းပြချက်ဖြင့် ကေအိုင်အေတို့က တရုတ်တို့၏ မြစ်ဆုံစီမံကိန်းကြီးကို ကန့်ကွက်ခဲ့ဖူးသည်။ ကချင်ပြည်သူလူထုနှင့် ကေအိုင်အေတို့သည် ၎င်းတို့ကိုးကွယ်သော  ခရစ်ယာန်ဘာသာ တည်တံ့ရေးဟူသည့် အခြေခံသဘောဖြင့် အနောက်နိုင်ငံများနှင့် အနောက်အဖွဲ့အစည်းများနှင့် အနီးကပ် ဆက်ဆံရေးကို ထိန်းထားသည်။ ထို့ပြင် ကချင်တို့တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်မှုကို ဆန့်ကျင်တိုက်ခိုက်ရာ၌ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်တို့နှင့် ပူးပေါင်းခဲ့သည့် သမိုင်းကြောင်းလည်း ရှိနေလေသည်။

တရုတ်တို့သည် ကချင်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပတ်သက်၍လည်း စိုးရိမ်မကင်း ဖြစ်ရပြန်သည်။ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်များ ဝါရှင်တန်သို့ သွားရောက်ပြီး  ကချင်ပြဿနာတွင် အမေရိကန်တို့၏ ထောက်ပံ့မှု ရရှိရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တရုတ်တို့၏ စိုးရိမ်သောကမှာ ပြီးခဲ့သည့် နှစ်များအတွင်း တဖြည်းဖြည်းချင်း ကြီးထွားလာသည်။ ထင်ရှားလူသိများခဲ့သော  ခရီးစဉ်မှာ ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ၂၀၁၄၊ ဧပြီလက အမေရိကန်အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သော ခရီးစဉ် ဖြစ်သည်။ ကေအိုင်အေတို့သည် ၂၀၁၃ ခုနှစ်က မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် အမေရိကန်ပြည်ထောင်စုကို ကုလသမဂ္ဂ၊ ဗြိတိန်၊ တရုတ်နိုင်ငံတို့နှင့်အတူ လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ရန် အဆိုပြုခဲ့သည်။ တရုတ်တို့၏ သဘောထားအမြင်တွင် အဆိုပါ အဆိုပြုချက်သည် ကချင်ကိစ္စကို နိုင်ငံတကာအရေးကိစ္စ ဖြစ်အောင် လုပ်ဆောင်ရန် တိုက်ရိုက်ကြိုးပမ်းခြင်း ဖြစ်သလို တရုတ်နယ်စပ်ဒေသတွင် အမေရိကန်တို့ ရှိလာအောင် နိဒါန်းပျိုးသော လုပ်ရပ်အဖြစ် သတ်မှတ်ထားသည်။ အမေရိကန်ပြည်ထောင်စု၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ တရုတ်တို့၏ စိုးရိမ်ပူပန်မှုကို နားလည် သဘောပေါက်လာပြီးနောက် ကေအိုင်အေက အမေရိကန်ဟူသည် မိမိတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသည့်နိုင်ငံ ဖြစ်သည်ဟူသော သဘောမျိုး ဖြစ်လာစေရန်  ပုံဖော်လာခဲ့တော့သည်။ အမေရိကန်သည် မြန်မာစစ်တပ်နှင့် တရုတ် ဆက်ဆံရေး ဝေးကွာသွားကာ ကေအိုင်အေအပေါ် တရုတ်တို့ ပံ့ပိုးမှု မြင့်တက်လာစေရေးအတွက် မြန်မာစစ်တပ်နှင့် ပူးတွဲလုပ်ဆောင်နေခြင်း ဖြစ်သည့် သဘောမျိုး ပုံဖော်ရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ကေအိုင်အေတို့၏ ယုံကြည်အားကိုး၍ မရနိုင်သော အနေအထားကို တွေ့မြင်ခဲ့သော တရုတ်က ယင်းအုပ်စု၏ သွေးဆောင်စည်းရုံးမှု အဖြစ်သာ ရှုမြင်ခဲ့တော့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ကေအိုင်အေအဖွဲ့တွင်း အကွဲအပြဲ ဖြစ်မှုကလည်း တရုတ်နိုင်ငံကို  အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကေအိုင်အေတွင် အစိုးရနှင့် စေ့စပ်ညှိနှိုင်းလိုသော သဘောထားပျော့ ပျောင်းသည့် အုပ်စုရှိသလို လွတ်လပ်ရေး သို့မဟုတ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအား အန္တိမပန်းတိုင်အဖြစ် သတ်မှတ်ထားသည့် သဘောထား တင်းမာသော အုပ်စုလည်း ရှိသည်။ သဘောထား ပျော့ပျောင်းသူများကမူ လိုအပ်မည်ဆိုလျှင် အစိုးရနှင့် ညှိနှိုင်းရမည်ဟူသော အမြင်ရှိသည်။ လွတ်လပ်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဟူသည့် အဆိုပါ ရပ်တည်ချက်ပင် ကေအိုင်အေ၏ စေ့စပ်ညှိနှိုင်းရေးဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်ဖွယ် ရှိသည်။(စာတမ်းအတွက် ပြုလုပ်ခဲ့သော အင်တာဗျူးများအရ သိရသည်) သို့သော် ယင်းရပ်တည်ချက်သည် တရုတ်ပြည်နှင့် ဆက်ဆံရေးတွင် ပလဲနံပသင့်မည် မဟုတ်ပေ။ အကြောင်းမှာ ဘေဂျင်းအစိုးရသည် တိဘက်နှင့် အူဂါဟူသော ခွဲထွက်ရေးဝါဒီတို့၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရခြင်းကြောင့် ဖြစ်လေသည်။ ကေအိုင်အေတွင်း သဘောထားကွဲလွဲမှုများက ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တွင်း NCA အတွက် ပြုလုပ်ခဲ့သော စေ့စပ်ညှိနှိုင်းပွဲများတွင် ရှေ့နောက်မညီသော ရပ်တည်ချက်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းသို့ ရှေ့နောက်မညီဖြစ်မှုကပင် ဗိုလ်ချုပ်ဂွမ်မော်၏ စေ့စပ်ညှိနှိုင်းပိုင်ခွင့် အာဏာနှင့် လုပ်ပိုင်ခွင့်တို့ကို ကမောက်ကမ ဖြစ်စေခဲ့သည်ဟု ရန်ကုန်အခြေစိုက် အစိုးရ အရာရှိကြီးများ၏ အဆိုအရ သိရပါသည်။ တရုတ်နိုင်ငံအတွက်မူ ဤအချက်ကြောင့် ကေအိုင်အေတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် သဘောတူညီချက်များအတွက် တစ်သမှတ်တည်း ရှိသည့်  ဆုံးဖြတ်ချက်မျိုး မရှိဟူသော အချက်ကို ပေါ်လွင်စေခဲ့ပါသည်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့နှင့် ယူနန်မြို့တို့မှ လေ့လာစောင့်ကြည့်သူများ၏ အမြင်တွင် ကေအိုင်အေ ဦးဆောင်မှုအောက်ရှိ UNFC သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တန့်သွားအောင် လုပ်တတ်သည့် အကျင့်တစ်ခုရှိသည် ဟူ၍ သတ်မှတ်ထားကြမည် ဖြစ်လေသည်။ မြန်မာတပ်မတော်ဘက်က ဧရာမထိုးစစ်ကြီးများ ပြုလုပ်လာခြင်းကြောင့် စစ်မှန်သည့် ပူဆွေးသောကများ ပေါ်ပေါက်လာချိန်တွင် ယင်းအချက်ကို တွေ့မြင်ရတော့သည်။ အလုံးစုံ ယုံကြည်မှုကင်းမဲ့နေသည်ဟူသော အချက်မှာလည်း ပေါ်လွင်သွားသည်။ မည်သို့ပင် ဆိုစေကာမူ ကေအိုင်အေ အပါအဝင်  မည်သည့်လက်နက်ကိုင် အုပ်စုက နိုင်ငံရေးနှင့်  စီးပွားရေး စေ့စပ်ညှိနှိုင်းမှုများ မပါမဖြစ် လိုအပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အမှန်တကယ် လိုလားသနည်း ဟူသည်ကို တရုတ်အစိုးရ အရာရှိကြီးများ မေးခွန်းထုတ်လာကြပါသည်။ တရုတ်အတွက်မူ ကေအိုင်အေတို့၏ ရပ်တည်ချက် သဘောထား မသေချာမရေရာ ဖြစ်နေခြင်းက မဝေးကွာတော့သည့် အနာ တ်တွင် ပြီးပြည့်စုံသော ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖွယ် မရှိဟူသော အချက်ကို (ဤအစီရင်ခံစာ အစောပိုင်းတွင် ဆွေးနွေးခဲ့သည့်အတိုင်း) အတည်ပြုနိုင်ခဲ့လေသည်။ သို့အတွက်ကြောင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လာရေးအတွက် ကေအိုင်အေနှင့် UNFC တို့ကို တွန်းအားပေးရန် တရုတ်နိုင်ငံတွင် မက်လုံးကြီးကြီးမားမား မရှိသော်လည်း အပြောင်းအလဲမြန်မှုများနှင့် အဆုံးစွန်သော ဦးတည်ချက်များနှင့် ပတ်သက်သော သံသယများမှာ နက်နက်ရှိုင်းရှိုင်းပင် အမြစ်တွယ်နေတော့မည် ဖြစ်လေသည်။               

ချွန်ထူးဟန်
ဆက်လက်ဖော်ပြပါမည်။




FOLLOW US