News

POST TAGGED AS

တပ်မတော်

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့နှင့် တွေ့ဆုံခြင်း

တပ်မတော်သား အငြိမ်းစားအချို့နှင့် အရပ်သားအချို့ ပူးပေါင်းကာ သေနင်္ဂ အမည်ရှိ စက်မှုရေးရာ မဂ္ဂဇင်းတစ်စောင်ကို ထုတ်ဝေနေပြီး စစ်ဘက်ရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်ချက်များလည်း ထုတ်ပြန်ရန် စီစဉ်နေသည့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးနှင့် စစ်ရေး၊ ငြိမ်းချမ်းရေး အကြောင်းအရာ အချို့အား မေးမြန်းဖော်ပြအပ်ပါသည်။

Voice - ကျွန်တော်တို့ ပထမ သိထားတာ သေနင်္ဂဆိုတာ စစ်မှုရေးရာ မဂ္ဂဇင်း တစ်စောင်ပေါ့လေ။  ဒါလည်း ပြည်တွင်းမှာ မရှိသေးတဲ့ ပုံစံတစ်ခု ဖြစ်တော့ ထူးခြားပါတယ်။ အားပေးမှုတွေလည်း တွေ့ရတယ်။ ခုတော့ မဟာဗျူဟာလေ့လာရေးအဖွဲ့လို့ ထပ်သိရတော့ သေနင်္ဂအဖွဲ့ အကြောင်း အကျဉ်းချုပ် ပြောပြပေးပါ။

Dr.NSO - ဟုတ်ကဲ့။ သေနင်္ဂလက်နက်နှင့် နိုင်ငံတကာစစ်မှုရေးရာ မဂ္ဂဇင်းကို လတ်တလောမှာ ဝါသနာအရ ထုတ်နေတာ ဖြစ်ပါတယ်။ Institute အပိုင်းကတော့ ဟိုးအရင်တည်းက အဓိကကတော့ စစ်မက်ရေးရာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အားနည်းနေတယ်။ သေနင်္ဂ ဆိုတာက အရပ်သား နောက်ပြီး စစ်ဘက်အရာရှိဟောင်းတွေ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်။ မဂ္ဂဇင်း ထုတ်ဝေနေပြီး အခုနောက်ပိုင်းမှာ မဟာဗျူဟာအတိုင်း သေနင်္ဂ Institute ကို လုပ်ဖြစ်ခဲ့တယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ အမျိုးသားကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာတွေမှာ ကျွမ်းကျင်သူတွေ လေ့လာသူတွေ အထူးသဖြင့် အရပ်ဘက်အနေနဲ့ အားနည်းပါတယ်။ အဲ့လိုအားနည်းတဲ့အတွက် ဒါကို တစိုက်မတ်မတ် လုပ်သွားဖို့ ဖြစ်တယ်။ 

Voice - နောက်ထပ် သိချင်တာက သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်ပါ။ အမည်မှာတင်ပဲ စစ်နဲ့ ဆက်နွှယ်တဲ့ အဓိပ္ပာယ် ပါနေပြီးသား ဆိုတော့ စစ်ရေး၊ ငြိမ်းချမ်းရေး၊ ကာကွယ်ရေး အကြောင်းတွေ ပါမယ်ထင်တယ်။

Dr.NSO - မဟာဗျူဟာလေ့လာရေး အဖွဲ့ကတော့  မူလရည်ရွယ်ချက်အတိုင်း ခြေတစ်လှမ်း ထပ်တိုးတာ ဖြစ်တယ်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ မဟာဗျူဟာ လေ့လာရေးဟာ အရေးကြီးပါတယ်။ တချို့လည်း ထဲထဲဝင်ဝင် မသိဘဲ လုပ်နေကြတာတွေ ရှိတယ်။ အထူးသဖြင့် အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ မြန်မာနိုင်ငံအတွက် အရပ်ဘက် - စစ်ဘက် ကျွမ်းကျင်မျှတတဲ့ မဟာဗျူဟာ လေ့လာရေးအဖွဲ့ ရှိဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ မပြီးပြတ်သေးဘူး။ ငြိမ်းချမ်းရေး မရသေးဘူး။ နောက်ပြီး တကယ့်ကို ကမ္ဘာမှာ အရေးကြီးတဲ့ မဟာဗျူဟာ အရေးပါတဲ့နေရာမှာ ရောက်နေတယ်၊ ရှိနေတဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့ အမြင်ကျယ်ကျယ်နဲ့ မဟာဗျူဟာ လေ့လာသုံးသပ်မှုတွေ အရေးကြီးလာပြီ ဖြစ်တယ်။ ဒါကတော့ ဘယ်တော့မဆို အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ Institute ဟာ သေနင်္ဂအနေနဲ့  ထပ်မံလှမ်းတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တယ်။ ဒီတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ အထူးသဖြင့် တပ်မတော်ကို ဖယ်ထုတ်ရေးလို့ ယူဆနေတဲ့ Institute ပုံစံအဖွဲ့တွေ ရှိတယ်။ ဒီအဖွဲ့တွေရဲ့ အယူအဆတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အန္တရာယ်ကြီးပါတယ်။ ဒီလိုအန္တရာယ်ကြီးတဲ့အတွက် ပြည်သူလူထုကိုရော နောက်နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော တတ်နိုင်သလောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဒီအရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် သေချာနားလည်နိုင်ဖို့ ဒီလိုမဟာဗျူဟာ လေ့လာရေးအဖွဲ့ အနေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ နိုင်ငံအတွက် လိုအပ်တဲ့ မဟာဗျူဟာ လေ့လာသုံးသပ်ချက်တွေ ထုတ်ပြန်ပေးဖို့၊ နောက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း တကယ့်လက်တွေ့ အမှန်တကယ်ဖြစ်စဉ်တွေ ချဉ်းကပ်မှုတွေကို ဒီအဖွဲ့ကနေ လေ့လာသုံးသပ် အကြံပြုသွားဖို့ ရည်ရွယ်ထားပါတယ်။ 

Voice - သေနင်္ဂမဂ္ဂဇင်း နှစ်အုပ်ထွက်တာ သတိထားမိလိုက်တယ်။ ပြည်တွင်းပြည်ပ စစ်မှုရေးရာ  အကြောင်းတွေ စာအုပ်စက္ကူပိုင်းရော ဆောင်းပါးပိုင်းမှာပါ အရည်အသွေးမြင့်မြင့် ရှိနေတာ တွေ့ရတယ်။  စီးပွားရေးအရရော တွက်ခြေကိုက်ရဲ့လား။ မဂ္ဂဇင်းက ပုံမှန်ထွက်ဖို့ရော ရှိလား။

Dr.NSO - သေနင်္ဂမဂ္ဂဇင်း အနေနဲ့တော့ နိုင်ငံတကာမှာ Military Technology မဂ္ဂဇင်းတွေ ရှိတယ်။ အဲဒါတွေဟာ Quality မဂ္ဂဇင်းတွေ ဖြစ်တယ်။ ပြီးတော့ ပုံတွေ၊ စာသားကောင်းကောင်း တင်ပြပုံကောင်းကောင်းနဲ့ လေ့လာတဲ့ စာအုပ်တွေ ရှိတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို စာအုပ်မျိုးကို နိုင်ငံတကာအဆင့်မီ Quality မဂ္ဂဇင်းမျိုး မရှိသေးဘူး။ အထူးသဖြင့် စစ်မှုရေးရာ အကြောင်းတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာလည်း အနည်းဆုံးတော့ ဒါမျိုးလုပ်နိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဂ္ဂဇင်းကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ စီးပွားရေးအရ တွက်ခြေကိုက်တာထက် မရှုံးရင်ဘဲ လုပ်ရတဲ့သူတွေက ကျေနပ်ပါတယ်။ ငွေရေးကြေးရေး စီးပွားရေးက အကျိုးအမြတ်အတွက် လုပ်တာ မဟုတ်ပါဘူး။ နံပါတ် (၁) က ဝါသနာ၊ နံပါတ် (၂) က ဒီပြည်တွင်းက ပြည်သူတွေ စစ်ဘက်ရေးရာ နည်းပညာတွေ၊ လက်နက်တွေကို နိုင်ငံတကာနဲ့အတူ အချိန်နဲ့ တစ်ပြေးညီ သိရှိဖို့၊ အဲဒီကတစ်ဆင့် ကာကွယ်ရေး မဟာဗျူဟာတွေကို စိတ်ဝင်စားလာဖို့ ရည်ရွယ်တယ်။ ရိုက်သလောက်လည်း ရောင်းရတယ်။ ဒါပေမဲ့ မဂ္ဂဇင်း ထုံးစံအတိုင်း ငွေတွေ ပြန်ရဖို့ အချိန်စောင့်ရတယ်။ မဂ္ဂဇင်းကတော့ နှစ်လတစ်ကြိမ် ပုံမှန်ထုတ်ဖို့ ကြိုးစားနေတယ်။ အထူးသဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေ ရှိတယ်။ အရပ်ဘက်မှာ လုပ်ကိုင်နေတဲ့လူတွေ ရှိတယ်။ အားလုံးဟာ စိတ်တူကိုယ်တူနဲ့ ဆောင်ရွက်တဲ့ မဂ္ဂဇင်း ဖြစ်တယ်။ ပုံမှန်ထွက်ရှိဖို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်တယ်။

Voice - သေနင်္ဂမဂ္ဂဇင်းမှာ တပ်မတော် ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေ အငြိမ်းစားတွေလည်း ဖြစ်မယ်။ သူတို့ရဲ့ ဆောင်းပါးတွေလည်း တွေ့ရတော့ ဒီသေနင်္ဂကို  တပ်မတော် အကြီးအကဲတွေကလည်း အသိအမှတ်ပြု အားပေးတယ်လို့ ခန့်မှန်းမိပါတယ်။ အဲ့ဒီလိုပဲလား။

Dr.NSO - ဒီအချက်ကတော့ ဒီသေနင်္ဂဆိုတဲ့အတွက် မြန်မာနိုင်ငံမှာ စစ်မှုရေးရာ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အရပ်ဘက်က စိတ်ဝင်စားသူတွေ ရှိသော်လည်းပဲ အမှန်တကယ် ထဲထဲဝင်ဝင် ကျွမ်းကျင်နှံ့စပ်တဲ့ ပုဂ္ဂိုလ်တွေ နည်းပါတယ်။ တချို့လည်း ရေးနေတာတွေ လွဲမှားနေတာတွေ ရှိတယ်ပေါ့နော်။ အဲဒီတော့ ခြုံပြီးပြောရရင် တပ်မတော် ခေါင်းဆောင်ပိုင်းက အရာရှိကြီးတွေ အငြိမ်းစား ယူသွားတဲ့အခါမှာ ရေးတယ်။ တချို့လည်း ဝါသနာအလျောက် ရေးကြတဲ့သူတွေ ရှိတယ်။ သူတို့ရေးတာတွေကို လိုက်လံတောင်းဆိုပြီး စုစည်းဖော်ပြပေးနေတာ ဖြစ်တယ်။ မဂ္ဂဇင်းမှာတော့ ဝင်ရေးတဲ့သူက အများကြီး ရှိတယ်။ မြန်မာနိုင်ငံ ဒေသအနှံ့မှာ ရောက်နေတဲ့၊ တာဝန်တွေ ထမ်းဆောင်နေတဲ့ အရပ်ဘက်က လူတွေလည်း ပါဝင်ပါတယ်။ တပ်မတော် အနေနဲ့ အားပေးတယ် ဆိုတာက ဒီသေနင်္ဂမဂ္ဂဇင်းမှာ ပါတဲ့ အကြောင်းအရာတွေက စစ်မှုရေးရာ သက်သက်ဖြစ်တယ်။ အဲဒီတော့ စစ်ဘက်က စစ်မှုရေးရာတွေနဲ့ ပိုပြီးနီးစပ်တဲ့အတွက် အများအားဖြင့် တပ်မတော်ပိုင်းက ဝယ်ယူတယ်ပေါ့ဗျာ။ တပ်မတော်ဘက်က များတယ်။ တပ်မတော် အကြီးအကဲတွေ အသိမှတ်ပြု အားပေးပုံရတယ် ဆိုတာက ခုနက ပြောသလို တပ်မတော်ဘက်က ပိုပြီးစိတ်ဝင်စားတယ် ပိုပြီးတော့လည်း ဝယ်ယူအားပေးတယ်။ အထူးသဖြင့် စစ်ကျောင်းတွေ တပ်မတော် သင်တန်းကျောင်းတွေက ဝယ်ယူကြတယ်။ ဒါဟာ သူတို့သင်ကြားရာမှာ ဖြစ်စေ တပ်မတော်ထဲမှာ အထောက်အကူ တစ်စိတ်တစ်ပိုင်း ဖြစ်စေနိုင်ပါတယ်ပေါ့။ ဗဟုသုတပိုင်းပေါ့နော်။ ဘာလို့လဲဆိုတော့ သေနင်္ဂမှာ နောက်ဆုံးပေါ် နည်းပညာတွေ နောက်ဆုံးပေါ် စစ်လက်နက်တွေ အကြောင်းကို ရေးတာများပါတယ်။ အဲဒီတော့ တပ်မတော်က အရာရှိတွေ အများစုက စိတ်ဝင်စားတယ်။ 

Voice - ဒီစနေမှာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတစ်ခုကို သေနင်္ဂက စီစဉ်ထားတာ တွေ့တယ်။ ဆွေးနွေးပွဲမှာ ပါဝင်မယ့် သူတွေကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်တွေပဲ။ ဒီပွဲကို ဘယ်လိုလုပ်ဖြစ်တာလဲ၊ ဘာကိုရည်ရွယ်သလဲ ဆိုတာလည်း သိပါရစေ။ 

Dr.NSO - သေနင်္ဂအနေနဲ့ အခုမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဖွဲ့အစည်း အမျိုးမျိုးက Forum တွေ လုပ်တယ် Workshop တွေ လုပ်တယ်၊ ဆွေးနွေးပွဲတွေ လုပ်ကြတယ်ပေါ့နော်။ ပြီးသွားတဲ့အခါမှာ အမှန်တကယ် စစ်ဘက်ဆိုင်ရာ နည်းပညာတွေ၊ စစ်မှုရေးရာတွေ၊ မဟာဗျူဟာတွေ အကျွမ်းတဝင် မရှိသော်လည်း အကြောင်းအမျိုးမျိုးနဲ့  ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်တယ်။ တချို့လည်း နိုင်ငံရေးအရ လုပ်ဆောင်နေတာတွေ ရှိတယ်။ အဓိက စိုးရိမ်တာက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပကတိအချိန် ရှိသေးလားပေါ့နော်။ ကောင်းကောင်းမွန်မွန် မသုံးသပ်နိုင်ရင် ကျွန်တော်တို့ အဖြေထွက်မှာ မဟုတ်ဘူး။ အဖြေဆိုတာလည်း မှားချင်မှားနေမှာပေါ့။ မူလကတည်းက ဒါတွေနဲ့ ပတ်သက်လို့ ရှုမြင်သုံးသပ်ချက်တွေ မှန်ကန်ဖို့ လိုအပ်ပါတယ်။ အရင်ကတည်းက ဒါကို စိတ်ကူးယဉ်နေတာကြာပြီ အိပ်မက်လည်း ရှိခဲ့ပါတယ်။ မှန်မှန်ကန်ကန် သုံးသပ်မယ့် တကယ့်ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ မဟာဗျူဟာ အနေနဲ့ သုံးသပ်နိုင်တဲ့လူတွေ စုပေါင်းပြီးတော့ ဆွေးနွေးတဲ့ပွဲမျိုး ဖြစ်လာဖို့ကို မျှော်မှန်းပြီးတော့ ကြိုးပမ်းခဲ့တယ်။ ကြိုးပမ်းခဲ့တဲ့ အချိန်မှာပဲ ဒီစနေနေ့ ဆွေးနွေးပွဲလေး ဖြစ်လာဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအတွက်လည်း အခက်အခဲအမျိုးမျိုး ရှိပါတယ်။ ဒါတွေကို ကြိုးပမ်းခဲ့တာ နှစ်အနည်းငယ် ကြာပြီလို့ ပြောနိုင်ပါတယ်။ Institute ထောင်မယ်။ ဒီလိုမျိုး လေ့လာသုံးသပ်ချက်တွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ Forum တွေ၊ Workshop တွေ လုပ်မယ်ဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ကူးဖြစ်တယ်။ အဲဒါကို မဖြစ်ဖြစ်အောင် ချိတ်ဆက်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ရည်ရွယ်ချက်ကတော့ ပကတိ အခြေအနေမှန်နဲ့ ယှဉ်တဲ့၊ မဟာဗျူဟာအနေနဲ့ ယှဉ်တဲ့ ရှုမြင်သုံးသပ်ချက်တွေ ထွက်ပေါ်လာဖို့ ဖြစ်ပါတယ်။ လက်တွေ့အခြေအနေနဲ့ယှဉ်တဲ့ ရှုမြင်သုံးသပ်ချက်တွေ ထွက်ရှိလာမှသာ အဖြေထွက်ပါမယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုးပေါ့နော်၊ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေး၊ လေ့လာကြတယ်၊ သုံးသပ်ကြတယ်၊ ဆွေးနွေးကြတယ်။ အဲဒီလို ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေက ထိထိရောက်ရောက် ဖြစ်ခဲ့မယ်ဆိုလျှင်  ငြိမ်းချမ်းရေးရတာ ကြာပြီပေါ့။ ခုချိန်ထိ ငြိမ်းချမ်းရေး မရသေးတာ ဘာကြောင့်လဲ။ ဒါတွေကို နောက်ဆုံး နှစ်ပေါင်းမြောက်မြားစွာ ဖြစ်လာတဲ့ ဖြစ်စဉ်က အရေးကြီးတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီအစိုးရလက်ထက်မှာ ၂၁ ရာစုပင်လုံ ဆိုပြီးတော့  ဖိတ်ခေါ်ပြီးတော့ အားလုံးပါဝင်အောင် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ အဲဒီလို အခြေအနေတွေ အမျိုးမျိုး ပြောင်းလဲလာပါတယ်။ ပြောင်းလဲလာတော့ ဒီပွင့်လင်းလာတဲ့ မီဒီယာခေတ်မှာ လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ပြည်သူလူထု အနေနဲ့ အမျိုးမျိုး ထင်မြင်ယူဆနေတာ ရှိတယ်ပေါ့နော်။ ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က အခုမြောက်ပိုင်းအရေး အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေ ဘာ့ကြောင့်ဖြစ်လဲ၊ တကယ့် သူတို့ရဲ့ ဖြစ်ရပ်မှန်တွေက ဘာတွေလဲ။ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုချင်ရင် ဘာတွေလုပ်ရမလဲ။။ အဲလိုအဖြေမှန်နဲ့ နီးစပ်တဲ့ အကြံပြုချက်တွေ ထွက်ပေါ်လာဖို့၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးသာ ဖြစ်တယ်။ အမျိုးသားလုံခြုံရေးကို နားလည်သဘောပေါက်ဖို့ အဓိက ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်။ အနည်းဆုံးတော့ ဒီမှာတက်တဲ့  ပညာရှင်တွေရဲ့ ရှုမြင်သုံးသပ်ချက်တွေက အခု နိုင်ငံတော်အစိုးရက တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တစ်ခုခု တစ်စိတ်တစ်ပိုင်းအားဖြင့် အကျိုးပြုနိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပြီး ဆောင်ရွက်တာ ဖြစ်တယ်။

Voice - မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့တွေ အများအပြား ရှိတယ်။ စစ်ဘက်ရေးရာ လေ့လာနေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ အရပ်ဘက်အဖွဲ့ အများစုက ပြည်တွင်းပြည်ပ တစ်နေရာရာက ငွေကြေးအထောက်အပံ့နဲ့ ရပ်တည်ကြတာ များတယ်။ သေနင်္ဂကရော ငွေကြေးအရ ဘယ်လိုရပ်တည်သလဲ ဆိုတာ ဖြေနိုင်ရင် ဖြေပေးပါ။ 

Dr.NSO - ဒီသေနင်္ဂက ငွေကြေးအရ ဘယ်လိုရပ်တည်လဲဆိုတော့ ကျွန်တော်တို့အတွက် အရမ်းကို ငွေကြေးတွေ၊ ထောက်ပံ့ကြေးတွေ တစ်ပုံတစ်ပင်ရပြီး သွားနေတာ မဟုတ်ဘူးပေါ့နော်။ မရှိရှိတဲ့ကြားက စုစည်းပြီး ဆောင်ရွက်တာ ဖြစ်တယ်။ သေနင်္ဂက ထောက်ပံ့ကူညီမှု လုံလုံလောက်လောက် တောင့်တောင့်တင်းတင်း ရှိတဲ့ အဖွဲ့အစည်းတော့ မဟုတ်ဘူးဗျ။  ဝါသနာကို အရင်းခံပြီး ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်တယ်။ အခုလုပ်မယ့် ပွဲကိုလည်း HD  စင်တာရဲ့  ပံ့ပိုးကူညီမှုနဲ့ သေနင်္ဂက လက်တွဲဆောင်ရွက်တာ ဖြစ်ပါတယ်။

Voice - မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သေနင်္ဂရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

Dr.NSO - မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အထက်မှာ ပြောထားတဲ့အတိုင်း လက်နက်ကိုင် တိုက်ပွဲတွေရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုတယ်။ နောက် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း၊ တပ်မတော်ရဲ့ သမိုင်းကြောင်း၊ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သမိုင်းကြောင်းပေါ့နော် ဒါတွေကို နားလည်ဖို့ လိုတယ်ပေါ့နော်။ အဲဒီတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အမျိုးမျိုး အဖြေရှာခဲ့ကြတယ်။ အဖြေမထွက်ခဲ့ဘူးပေါ့။ အဖြေမထွက်လို့လည်း အခုချိန်ထိ ငြိမ်းချမ်းရေး မရသေးတာ ဖြစ်တယ်ပေါ့။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ KNU အပါအဝင် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အဲ့ဒီထဲမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အခုလုပ်နေပြီပေါ့နော်။ တစ်ဖက်မှာလည်း လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းတွေ ရှိတယ်ပေါ့။ အဲဒီလိုရှိတဲ့အပြင် ကုန်သွယ်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ မူဆယ်လမ်းကြောင်းတို့ ဘာတို့ကို ပိတ်ဆို့နိုင်ဖို့ တိုက်ခိုက်လာတာတွေ ဘာတွေ ရှိလာပြန်တယ်။ အဲဒီအပေါ်မှာ တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ အသံအမျိုးမျိုး ပြောဆိုနေတာတွေ ရှိတယ်ပေါ့ဗျာ။ နောက်ဆုံးဖြေရမယ်ဆိုရင် တပ်မတော်ကို ထောက်ခံတဲ့အဖွဲ့တွေ ဆန္ဒတွေ  ထုတ်ဖော်နေသလို တစ်ဖက်မှာလည်း စစ်ပွဲတွေရပ်ဆိုတဲ့ အဖွဲ့တချို့ ရှိနေတာ တွေ့ရပါတယ်။ ဒီအနေအထားက ဘာကိုပြနေလဲဆိုရင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဖြစ်စဉ်အပေါ် ရှုမြင်ချက်တွေ အမျိုးမျိုး ကွဲပြားနေတယ်ဆိုတာ ပေါ်လွင်နေတာပေါ့။ အခု ကျွန်တော်တို့အနေနဲ့ ရှုမြင်သုံးသပ်ချက်တွေက အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတယ်။ အဲဒီအပေါ်မှာ လက်တွေ့လုပ်ဆောင်ချက်တွေ ကွဲပြားသွားနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးကို လွှမ်းခြုံပြီးတော့ ရှုမြင်သုံးသပ်နိုင်ဖို့ လိုတယ်။ တစ်ခုလုံး ဆိုတာက ကျွန်တော်တို့ ပထဝီ နိုင်ငံရေးလည်း ပါတယ် မဟာဗျူဟာ အနေအထားလည်း ပါတယ်ပေါ့ဗျာ။ နောက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ခုနကပြောတဲ့ ပထဝီနိုင်ငံရေးနဲ့  ကင်းကွာလို့ မရတဲ့ အနေအထားပါ။ မဟာဗျူဟာအတိုင်း ကြည့်ရှုနိုင်မှ အခြေအနေအမှန်ကို နားလည်နိုင်မှာ ဖြစ်တဲ့အတွက် ရှုထောင့်တစ်ခုတည်း၊ ဘက်တစ်ခုတည်း ကြည့်လို့မရဘူး။ ဘက်ပေါင်းစုံက ကြည့်နိုင်ရတယ်။ တစ်ခုလုံးကို ခြုံလွှမ်းပြီးတော့ ရှုမြင်နိုင်ရမယ်။ အဲ့ဒီအပေါ်မှာမှ မှန်ကန်တဲ့ စဉ်စားတွေးခေါ်မှု လိုအပ်တယ်။ အဲ့ဒါကြောင့်လည်း သေနင်္ဂ Institute အနေနဲ့ အခုစနေနေ့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကျန်နေသေးတဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်နိုင်မလဲ ဆိုတာကိုလည်း ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ ဒီဆွေးနွေးပွဲ လုပ်ရတာ ဖြစ်ပါတယ်။

Voice - အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတယ်။ တိုက်ပွဲတွေကတော့ ရှိနေတုန်းပဲ။ ဆိုတော့ သေနင်္ဂ ဝိုင်းတော်သားတွေကလည်း စစ်ရေးနဲ့ မစိမ်းကြတော့ ငြိမ်းချမ်းရေး အနာဂတ်ကို ဘယ်လိုခန့်မှန်းပါသလဲ။ ဒီအစိုးရလက်ထက်မှာ ဘယ်လောက်ခရီးပေါက်နိုင်သလဲ။ ခရီးပေါက်ဖို့ ဘာတွေ ပြင်ဆင်ဖြည့်စွက်ဖို့ လိုမလဲ။

Dr.NSO - တိုက်ပွဲတွေ ရှိနေတုန်းပဲပေါ့ဗျာ။ ပြီးတော့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အချိန်မှာ  တိုက်ပွဲတွေ ရှိနေတာကို အမျိုးမျိုး ဝေဖန်နေကြတယ်။ အခု ဒီစနေနေ့မှာ လာမယ့်ဆွေးနွေးပွဲမှာ အားလုံး မြင်တွေ့ကြားသိရပါလိမ့်မယ်။ တိုက်ပွဲတွေပေါ် ဘယ်လိုသဘောထားရှိလဲ ကျွန်တော်တို့ တွေ့မြင်ရမယ်ပေါ့။ အဲဒီတော့ ဒီတိုက်ပွဲတွေ အေးချမ်းသွားဖို့ ငြိမ်းချမ်းသွားဖို့ ဒီပညာရှင်တွေ ဘယ်လိုရှုမြင်သုံးသပ်ကြမလဲ ဆိုတာ ကျွန်တော်တို့ တွေ့ရလိမ့်မယ်ပေါ့နော်။ တစ်ဦးတစ်ယောက်တည်းရဲ့ ပညာရှင် ရှုမြင်ချက်ကို ပြောကြားတာနဲ့တင် မပြည့်စုံဘူး ထင်ပါတယ်။ အဲဒီတော့ အားလုံးပါဝင်တဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်မြင်နားလည်နိုင်ဖို့အတွက် ရှုထောင့်ပေါင်းစုံက ကြည့်ဖို့ လိုတယ်ပေါ့နော်။ ဒီရည်ရွယ်ချက်နဲ့ ဒီစနေနေ့ ဖိုရမ်ကို ကျွန်တော်တို့ ကျင်းပရခြင်း ဖြစ်ပါတယ်။ ဘယ်လောက်ထိ ခရီးပေါက်နိုင်မလဲ ဆိုတာက ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ဘယ်လိုချဉ်းကပ်လဲ ဆိုတာပေါ် မူတည်ပါတယ်။ ခရီးပေါက်ဖို့ အတွက်လည်း ဘာတွေ ပြင်ဆင်ဖြည့်စွက်နိုင်မလဲ ဆိုတာကို လာမယ့် စနေနေ့ ဆွေးနွေးပွဲမှာ ထွက်လာမယ့် ရှုမြင်သုံးသပ်ချက်တွေက တစ်စိတ်တစ်ပိုင်း အထောက်အကူပြုပါလိမ့်မယ်ပေါ့။ 

ဒါပေမဲ့ ဒီဆွေးနွေးပွဲ တစ်ပွဲတည်းနဲ့ ပြည့်စုံလုံလောက်တဲ့ အကြံပြုချက်တွေရမှာ မဟုတ်ဘူးပေါ့နော်။ ဆက်ပြီးတော့လည်း ကျွန်တော်တို့က Debate တွေ လုပ်ရမယ်။ ဆွေးနွေးပွဲတွေလုပ်ဖို့ လိုအပ်ပါမယ်။  ဒီဟာသည် ကျွန်တော်တို့ အဲဒီလို အားလုံး ဘက်ပေါင်းစုံ ပါဝင်တဲ့ ရှုမြင်သုံးသပ်ချက်တွေ စုစည်းလိုက်မှသာ ကျွန်တော်တို့ လက်တွေ့ ဘယ်လိုချဉ်းကပ်ရမလဲ ဆိုတာ ပုံပေါ်လာမှာ ဖြစ်ပါတယ်။

Voice - ထပ်မံဖြည့်စွက် ပြောလိုတာ ရှိရင်လည်း သိချင်ပါတယ်။

Dr.NSO - မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးက ငြိမ်းချမ်းရေးပေါ့နော်။ ငြိမ်းချမ်းရေးရဖို့ လိုတယ်။  နောက်တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို မြန်မာနိုင်ငံနဲ့  လိုက်လျောညီထွေဖြစ်တဲ့ လမ်းကြောင်းက ချဉ်းကပ်ဖို့ လိုတယ်။ ဒီနှစ်ချက်က ဒီအချိန်မှာ အရမ်းအရေးကြီးပါတယ်။ တချို့က ဒါကို ပေါ့ပေါ့တွက်ကြတယ်ပေါ့နော်။ ဘက်တစ်ဖက်တည်းက နေပြီးတော့ ရှုမြင်သုံးသပ်နေတာတွေ ရှိတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ လမ်းကြောင်းလွဲသွားမှာ အစိုးရိမ်ဆုံးပါ။ တကယ့်လက်တွေ့အနေအထားမှာ မှားယွင်းတာတွေ ဖြစ်လာနိုင်တယ်။ အဲဒီဟာကို အရမ်းစိုးရိမ်တယ်ပေါ့ဗျာ။  စိုးရိမ်တဲ့အတွက် ကျွန်တော်တို့ သေနင်္ဂ Institute  အနေနဲ့ လက်တွေ့ကျတဲ့ သုံးသပ်ချက်တွေကို ဖော်ထုတ်ဆောင်ရွက်ပေးဖို့ ကြိုးပမ်းသွားမယ်ပေါ့။ အရေးကြီးဆုံးကတော့ မြန်မာနိုင်ငံရဲ့ အခုပြောင်းနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခိုင်ခိုင်မာမာ ဖြစ်လာဖို့  နောက်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရပြီးတော့ မဟာဗျူဟာအရ အင်အားတောင့်တင်းတဲ့ နိုင်ငံဖြစ်လာဖို့ ကျွန်တော်တို့ အများကြီးလုပ်ဖို့ လိုတယ်ပေါ့ဗျာ။ ကျွန်တော်တို့ ပြည်တွင်းကွက်ကွက်လေးပဲ ကြည့်လို့ မရပါဘူး။ ငြိမ်းချမ်းရေးရော၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရောပေါ့။ ကမ္ဘာမှာ ပြောင်းလဲနေတယ်။ မဟာဗျူဟာတွေ ပြောင်းလဲနေတယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုမျိုး ရင်ဆိုင်မလဲ၊ ဘယ်လိုမျိုး ကျော်လွှားမလဲ၊ မြန်မာနိုင်ငံနဲ့ ဘယ်လိုအနေအထားကနေ ရပ်တည်ပြီးတော့ ဘယ်လမ်းကြောင်းကို လျှောက်မလဲ အရေးကြီးတယ်။ ဒီနိုင်ငံရဲ့ မဟာဗျူဟာအရ ရှင်သန်နိုင်မှုအတွက် အရမ်းအရေးကြီးပါတယ်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုပြီး ပြောနေတဲ့ အဖွဲ့တွေ ရှိတယ် ပေါ့ဗျာ။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ပုံတူကူးလို့ မရပါဘူး။ ဟိုနိုင်ငံမှာ လုပ်တယ် ဒီနိုင်ငံမှာ လုပ်မယ်ဆိုပြီး ပုံတူကူးလို့ မရဘူးဆိုတာ အလေးအနက်ထားပြီး ပြောကြားချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း၊ မြန်မာ့တပ်မတော် သမိုင်းကြောင်းကို သိရုံဖတ်ရုံတင် မဟုတ်ဘူး မဟာဗျူဟာ ရှုထောင့်အရ လေ့လာသုံးသပ်နိုင်ဖို့ လိုပါတယ်။ 

နော်ကိုကို



FOLLOW US