POST TAGGED AS

တပ်မတော်

ငြိမ်းချမ်းရေး ရန်ပုံငွေ အစိုးရနှင့် NRPC မပိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ငြိမ်းချမ်းရေး ရန်ပုံငွေများကို အစိုးရနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC က ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၂၈ ရက်က ရန်ကုန်မြို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coor-dinating Body for Peace Process Funding-JCB) အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ရန်ပုံငွေများကို နိုင်ငံတကာမှ ထောက်ပံ့သည်ဖြစ်စေ၊ ပြည်တွင်း အလှူရှင်များက ထောက်ပံ့သည်ဖြစ်စေ နိုင်ငံသူ နိုင်ငံသားများကို လှူဒါန်းခြင်းသာ ဖြစ်ပြီး နိုင်ငံတော်အစိုးရ တစ်ခုတည်းနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက ပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

အဆိုပါ ရန်ပုံငွေများကို စိစစ်ရာတွင်လည်း မည်သည့်အတွက်ကြောင့် မည်သည့်နေရာတွင် သုံးစွဲရသည်ကို လိုအပ်သလို ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း၊ ရန်ပုံငွေ လုံလောက်မှု မရှိ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်မှုမျိုး မဖြစ်စေရန်၊ မလိုအပ်သည့် အပိုကုန်ကျမှုများ မရှိရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့က သဘောတူ ချမှတ်ထားသော ဦးစားပေး ကဏ္ဍကြီးများနှင့် ညီညွတ်မှု ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ JMC-U -့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အပစ်ရပ် ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ အပါအဝင် အပစ်ရပ် မထိုးထားသည့် လက်နက်ကိုင်များဘက်မှ “ဝ”နှင့် မိုင်းလား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

ထို့ပြင် အစည်းအဝေးတွင် ငြိမ်းချမ်းရေး ရန်ပုံငွေနှင့် ပတ်သက်သည့် JCB ၏ ရှေ့လုပ်ငန်းစဉ်များ ဖြစ်သည့် ရန်ပုံငွေကို မည်သို့ ခွဲဝေ သုံးစွဲမည်ကို အစုအဖွဲ့အလိုက် အလုပ်အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များက လိုအပ်သည့် ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက The Voice သို့ ပြောကြားသည်။

ငြိမ်းချမ်းရေး ရန်ပုံငွေ ခွဲဝေသည့် အလုပ်အဖွဲ့တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ အချိုးအစား ပါဝင်မှုကို လက်နက်ကိုင် အချင်းချင်း ဆက်လက် ညှိနှိုင်းရမည် ဖြစ်သောကြောင့် ယင်းအစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ခြင်း မရှိကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။ 

“ဒီဘဏ္ဍာငွေကို ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ လုပ်ငန်း မှန်သမျှ အသုံးချသွားမှာ ဖြစ်တယ်။ စနစ်တကျ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ Guide Line သေသေချာချာ ပြန်ရေးဆွဲရမယ် ဆိုတာတော့ မူအရ ဆွေးနွေးကြတယ်”ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ရန်ပုံငွေများကို အသုံးပြုရာတွင် ဦးစားပေး ခေါင်းစဉ်ကြီးများအဖြစ် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေးကို အထောက်အကူ ပြုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) စသည်တို့တွင် အသုံးပြုသွားရန် မူဝါဒ ချထားကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

ငြိမ်းချမ်းရေး ရန်ပုံငွေ ခွဲဝေရေးနှင့် ပတ်သက်၍ မျှတမှု ရှိစေရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်း ကော်မတီ တစ်ရပ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂ဝ ရက်က တရားဝင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အစိုးရဘက်မှ ကော်မတီဝင် ရှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ ရှစ်ဦး စုစုပေါင်း ၁၆ ဦးနှင့် အကြံပေးနှစ်ဦး ကော်မတီတွင် ပါဝင်မည်ဖြစ်ပြီး အပစ်ရပ်စာချုပ် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များလည်း ပါဝင်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ကုလသမဂ္ဂမှ ပံ့ပိုး ကူညီပေးရန် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ (Joint Peace Fund) ကို တည်ထောင်ထားပြီး လာမည့် ခြောက်နှစ်တာ ကာလအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း တစ်ရာကျော် ပေးအပ်ရန် ကတိကဝတ်ပြုပြီး ဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ကြေညာထားသည်။

လက်ရှိ အချိန်အထိ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့မှ ရန်ပုံငွေများ ထည့်ဝင်ရန် ကတိပြုထားကြောင်း သိရသည်။

J-08



FOLLOW US