News

POST TAGGED AS

တပ်မတော်

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးကိစ္စ ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ဟု တပ်/ချုပ်ပြောကြား
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများ အနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ယနေ့ (ဒီဇင်ဘာ ၅ ရက်) နံနက်ပိုင်းက တွေ့ဆုံခဲ့ကြရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိမိနိုင်ငံ၏ လုံခြုံရေး အဖွဲ့အစည်းများ အနေဖြင့် ဥပဒေမဲ့ လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိကြောင်းနှင့် အဖွဲ့အစည်းများနှင့်လည်း စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အကယ်၍ ဥပဒေ ချိုးဖောက်မှု ရှိပါကလည်း အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zulkifeli Bin Mohd Zain သည် ယခုလပိုင်းအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်မှ အငြိမ်းစားယူမည် ဖြစ်ပြီး မလေးရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။

ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး



FOLLOW US