News

POST TAGGED AS

တပ်မတော်

ပဋိပက္ခဖြစ်စဉ်တွင် အသာစီးရထားသည့် တပ်မတော်ကို မြန်မာအစိုးရခေါင်းဆောင် ထိန်းချုပ်ရန် မလွယ်ကူ
Time မဂ္ဂဇင်းပါ ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကချင်ပြည်နယ် သစ်တောဖုံးလွှမ်းသော တောင်တန်းများ၏ နောက်သို့ တဖြည်းဖြည်း နေ၀င်နေချိန်တွင် ကချင်တပ်သားများသည် တောင်ထိပ်စခန်းကုန်းရှိ ကတုတ်ကျင်းများထဲတွင် တစ်ညတာအတွက် ပြင်ဆင်လျက်ရှိသည်။

အခြေအနေသည် တင်းမာနေပြီး စိုစွတ်သော ဘန်ကာကျင်းထဲတွင် တစ်ညတာ အိပ်စက်ရန် ကြိုးစားရဦးမည်ဟု ကချင်တပ်သားများက ဆိုသည်။ မီတာ ၅၀၀ ခန့်သာ ဝေးသော အခြားတောင်ကုန်းထိပ်၌ ရန်သူ ဖြစ်သော မြန်မာအစိုးရတပ်များ တပ်စွဲထားသည်ကို လှမ်းမြင်နိုင်သည်။

ကချင်တပ်သား ၂၀၀ ၀န်းကျင် တပ်စွဲထားသော ယင်းကဲ့သို့ စခန်းကုန်းများသည် ကေအိုင်အေ ဌာနချုပ် အခြေစိုက်သော တရုတ်-မြန်မာ နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် အစိုးရတပ်များအကြား စည်းခြားထားသော တစ်ခုတည်းသော ကာကွယ်ရေးစည်း ဖြစ်သည်။ လ၀ါယန်ဟု ခေါ်သော ၎င်းနယ်မြေသည် ပြင်းထန်သော တိုက်ပွဲများနှင့် ၂ နှစ်ခန့် ဝေးကွာနေသော်လည်း နယ်မြေတွင်း တင်းမာမှု ကြီးထွားလာသောကြောင့် တပ်ဖွဲ့ဝင်များ အနေနှင့် အထူးသတိထားနေကြရသည်။

“ဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။ မြန်မာစစ်တပ်က တိုက်ပွဲကို အရှိန်မြှင့်ချင်နေတယ်လို့ ထင်ပါတယ်။ မြောက်ဘက်မှာ သူတို့ရဲ့ လက်နက်ကြီးတွေ သယ်ယူဖို့အတွက် လမ်းတွေဖောက်နေတာကို မြင်ခဲ့ပါတယ်” ဟု လ၀ါယန်ကို ကွပ်ကဲနေသော ကချင်တပ်မှူး ဒုဗိုလ်မှူးကြီး ဇော်ဖန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ၂၀ ကျော်ထဲတွင် ပါဝင်သော ကေအိုင်အေသည် ကချင်လူမျိုး တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသော အင်အားကြီးအုပ်စု ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ၁၉၆၀ ပြည့်နှစ်များကတည်းက တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ တွင် အပစ်အခတ်ရပ်စဲမှု ပျက်ပြားသွားပြီးနောက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ပြီး ဒေသခံ ၁၀၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

ကချင်လို ဂီဒေါင်ဟု ခေါ်သော တောင်တန်းကို သိမ်းယူရန်အတွက် မြန်မာစစ်တပ်သည် သြဂုတ်လလယ်တွင် လိုင်ဇာမြောက်ဘက် ကီလိုမီတာ ၃၀ အကွာ နယ်မြေတွင် အဓိကထိုးစစ်ကို စတင်ခဲ့သည်ဟု ကေအိုင်အေက ပြောကြားသည်။ တပ်မတော်၏ စစ်ဆင်ရေး အောင်မြင်သွားပါက ကေအိုင်အေ နယ်မြေ နှစ်ပိုင်းကွဲသွားမည် ဖြစ်သည်။ ထိုအချိန်မှစ၍ ထိုးစစ်ပြင်းထန်လာခဲ့ပြီး လက်နက်ကြီး၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ စက်သေနတ် ပစ်ကူတို့ဖြင့် နေ့စဉ် မော်တာကျည်ဆန် မိုးရွာနေသော တပ်မတော် ထိုးစစ်လှိုင်းလုံးများကို အခြေခံ ချေမှုန်းရေး ရိုင်ဖယ်၊ စက်သေနတ်နှင့် မော်တာများသာ တပ်ဆင်ထားသော ကေအိုင်အေတပ်များက ကျားကုတ်ကျားခဲ ကာကွယ်ဟန့်တားနေကြခြင်း ဖြစ်သည်။

လိုင်ဇာတွင် TIME နှင့် ပြုလုပ်သော အင်တာဗျူးတွင် ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘုက “အခြေအနေက တင်းမာမှု ကြီးထွားနေပါတယ်။ မြန်မာစစ်တပ်က တပ်တွေကို ထပ်ကာထပ်ကာ အင်အားတိုးချဲ့နေပါတယ်။ ဂီဒေါင်တောင်တန်းမှာ ကေအိုင်အေတပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့ပြီး အောက်တိုဘာ လကုန်ပိုင်းမှာ မြန်မာစစ်တပ်ဘက်က ၁၀၀ လောက် ကျသွားပါတယ်” ဟု ပြောကြားသည်။

ကေအိုင်အေ ထိန်းချုပ်ထားသော နယ်စပ်တစ်လျှောက်ရှိ အကြမ်းဖျင်း ကီလိုမီတာ ၁၀၀ ခန့် ရှည်လျားသော နယ်မြေအတွင်းသို့ အစိုးရတပ်အင်အား ၃၀၀၀ ခန့် ၀င်ရောက်လာသောကြောင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု နော်ဘုက ဆိုပါသည်။

တပ်မတော်၏ လအတန်ကြာ ဖိအားပေး ထိုးစစ်ဆင်မှုကို တုံ့ပြန်သည့်အနေနှင့် မူဆယ် အပါအ၀င် ရှမ်းပြည်နယ်မြောက်ပိုင်း သုံးနေရာရှိ တပ်စခန်းနှင့် ရဲစခန်းများကို ကေအိုင်အေ၊ ရခိုင်၊ တအာင်းနှင့် ကိုးကန့်တပ်ဖွဲ့များ ပူးပေါင်းကာ လျှပ်တစ်ပြက် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားသုံးဦး အပါအ၀င် ရှစ်ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ကြေညာသည်။ ထိုသို့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နယ်စပ်ပိတ်သွားစေခဲ့ပြီး တရုတ်စစ်တပ်က နယ်စပ်အနီးတစ်ဝိုက် အမြင့်ဆုံး တပ်လှန့်မှု ပြုလုပ်ခဲ့ရသည်။ ဒေသခံ ၃၀၀၀ ခန့် တရုတ်နိုင်ငံဘက်သို့ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြသည်ဟု သိရှိရသည်။

သူပုန်တို့၏ ယင်းကဲ့သို့ တုံ့ပြန်တိုက်ခိုက်မှုသည် ၂၀၁၄ နောက်ပိုင်း အပြင်းထန်ဆုံးဖြစ်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ၂၀ တို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှု သဘောတူလက်မှတ် ထိုးနိုင်ရန် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားနေသည့်ကြားမှ အပြန်အလှန် တိုက်ခိုက်မှုများ ကြီးထွားလာခြင်း ဖြစ်သည်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တနင်္ဂနွေနေ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်ကြီးမားသော အနှောင့်အယှက်တစ်ခု ဖြစ်သည့်အပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကိုပါ ပြတ်တောက်သွားစေခဲ့သည်” ဟု ပြောကြားသည်။

အဆိုပါ ပဋိပက္ခသည် အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ခက်ခဲသော အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော NLD အစိုးရသစ်အတွက် ပြဿနာများကို ထပ်တိုးလာစေခဲ့သည်။ ရခိုင်ပြည်နယ်တွင် ယခင်လက ရဲစခန်းများကို အကြမ်းဖက်စီးနင်းခဲ့သော မွတ်ဆလင် စစ်သွေးကြွများကို တပ်မတော်က နှိမ်နင်းသုတ်သင်ရန် ရှာဖွေလျက်ရှိသည်။

စိတ်ပျက်မှုများ ပျံ့နှံ့

မြန်မာနိုင်ငံတွင် နှစ်ပေါင်းငါးဆယ် စစ်အုပ်ချုပ်ရေးအလွန် မနှစ်က သမိုင်းဝင် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိပြီးနောက် ဧပြီလ အစောပိုင်းတွင် ပထမဆုံး ဒီမိုကရေစီ အစိုးရကို ဖွဲ့စည်းခဲ့သည်။ အစိုးရသစ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးရန် မျှော်မှန်းထားသည်။ ထိုစာချုပ် လက်မှတ်ထိုးပြီးလျှင် ဖက်ဒရယ် အုပ်ချုပ်ရေး တောင်းဆိုမှုကိစ္စနှင့် တပ်မတော် ရေးဆွဲသော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကိစ္စများကို ဆွေးနွေးဖြေရှင်းရန် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို စတင်နိုင်မည် ဖြစ်သည်။

သြဂုတ်လကုန်ပိုင်းတွင် အစိုးရသစ်က ပထမဆုံး ငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူကျင်းပပြီး မရှေးမနှောင်းမှာပင် တပ်မတော်က ကချင်ပြည်နယ်တွင် စစ်ရှိန်မြှင့်ခြင်း၊ ကပ်လျက် ရှမ်းပြည်နယ်တွင် ထိုးစစ်ဆင်ခြင်း၊ နှစ်အတန်ကြာ တိုက်ပွဲများ ကင်းစင်နေသော တောင်ပိုင်း ကရင်ပြည်နယ်တွင် သူပုန်ခွဲထွက်အဖွဲ့ကို လိုက်လံနှိမ်နင်းခြင်း စသည်တို့ကို တောက်လျှောက်ပြုလုပ်ခဲ့သည်။ အရပ်သား ထောင်ပေါင်းများစွာ ထပ်မံ၍ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပြီး မြန်မာ့တပ်မတော် ယခင်က နာမည်ပျက်ခဲ့ဖူးသည့် ညှဉ်းပန်းနှိပ်စက်မှုများ၊ ဥပဒေဘောင်ကျော် သတ်ဖြတ်မှုများ၊ ကျေးရွာများကို အမြောက်ဖြင့် ပစ်ခတ်မှုများ စသည့် သတင်းများလည်း ပြန်လည်ထွက်ပေါ်လာသည်။

သွေးစွန်းသော တင်းမာမှုများ မြင့်တက်လာခြင်းသည် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများ လက်အောက်ရှိ အစီအစဉ်များကို အခြေခံဥပဒေအရ ဆက်လက် စီမံထိန်းချုပ်နေသော တပ်မတော်နှင့် တိုင်းရင်းသားအုပ်စုများ အကြား ယုံကြည်မှု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းညွှန်ရေးတို့နှင့် ပတ်သက်ပြီး NLD အစိုးရအတွက် အဓိကကျသော စိန်ခေါ်မှု ဖြစ်နေသည်။

“ပြီးခဲ့တဲ့ နှစ်လလောက်တုန်းက မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ပေမယ့် တပ်မတော်က နိုင်ငံရေးဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာ တန်ဖိုးတွေနဲ့ ပတ်သက်လို့ အကြောင်းပြ ရှင်းလင်းချက် မပေးဘဲ သူနဲ့ဆိုင်တဲ့ မူဝါဒတွေကို နောက်တစ်ကြိမ် ထပ်မံဆုပ်ကိုင်ထားပုံ ရပါတယ်” ဟု နယ်သာလန်အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ တွမ်ခရမ်မာက မှတ်ချက်ပေးသည်။

“ပါတီကို အမြောက်အမြား ထောက်ခံအားပေးခဲ့ကြတဲ့ တိုင်းရင်းသား အသိုင်းအ၀ိုင်းတွေကြားထဲမှာ စိတ်ပျက်မှုတွေ ပျံ့နှံ့နေပါပြီ။ အချိန်မနှောင်းသေးပေမယ့် NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ပြသဖို့ အရေးပေါ် ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုအချိန်ထိမူ အစိုးရသည် ဘက်အားလုံးအကြား ပုံမှန်ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းနေပြီး တပ်မတော်၏ စစ်ဆင်ရေးများ တိုးချဲ့နေမှုကို ပြစ်တင်ဝေဖန်ခြင်း မပြုဘဲ စစ်တပ်နှင့် အလုပ်သဘော ဆက်ဆံရေးကို တည်ဆောက်ရန် ကြိုးစားလျက်ရှိသည်။

NLD အစိုးရသည် တပ်မတော်၏ ထိုးစစ်ဆင်မှုများကို တားဆီးကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိန်းချုပ်နိုင်လိမ့်မည် ဟူသော လိုင်ဇာမှ ကချင်စစ်သားများနှင့် အရပ်သားများ၏ မျှော်လင့်ချက်မှာ တပ်မတော်၏ စစ်ရှိန်မြှင့်မှုကြောင့် မှေးမှိန်သွားပြီ ဖြစ်သည်။ “ငြိမ်းချမ်းရေးက အလှမ်းဝေးနေတုန်းပါပဲ။ အခြေခံဥပဒေအရ အရာရာကို တပ်မတော်က ချုပ်ကိုင်ထားတဲ့အတွက် NLD အစိုးရက ဘာမှမလုပ်နိုင်ပါဘူး” ဟု လိုင်ဇာအနီး လ၀ါယန် ရှေ့တန်းစခန်းမှ တပ်မှူး ဒုဗိုလ်မှူးကြီး ဇော်ဖန်က ပြောကြားသည်။

တရုတ်နိုင်ငံနှင့် မြစ်တစ်ခု ခြားထားပြီး တစ်ဖက်တစ်ချက်တွင် တောင်တန်းများ ခြံရံထားသော တောင်ကြားမြို့တွင် နေထိုင်ကြသော ၅၀၀၀ ၀န်းကျင်ရှိ ဒေသခံများ၊ ကေအိုင်အေ စစ်သားများနှင့် စစ်ဘေးရှောင် ဒုက္ခသည် ၂၀,၀၀၀ ခန့်တို့သည် ခြောက်နှစ်အတွင်း ၀င်ရောက်လာသော ပဋိပက္ခကြောင့် ခက်ခဲပင်ပန်းနေကြပြီ ဖြစ်သည်။ အောက်တိုဘာလကုန် အင်တာဗျူးများတွင် ကချင်ခေါင်းဆောင်များက “စစ်တပ်က ထိုးစစ်ဆင်နေသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု လျော့ပါးနေကြောင်း” ပြောကြားခဲ့သည်။

“ပဋိပက္ခ အဆုံးသတ်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်တယ်လို့ ကေအိုင်အေက ခံယူထားပါတယ်။ NLD လိုပဲ ကျွန်တော်တို့လည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ချင်ပါတယ်။ ဒီလိုသာ ထူထောင်နိုင်မယ်ဆိုရင် တပ်မတော်ရဲ့ အာဏာတွေ လျော့သွားမှာပါ။ တပ်မတော်က ဆက်ပြီး စစ်တိုက်ချင်နေတာဟာ အဲဒါကြောင့်ပါပဲ” ဟု ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ နော်ဘုက ပြောကြားသည်။

တရားဝင် ကြေညာချက်များဖြင့်သာ သဘောထားပေးလေ့ ရှိသော တပ်မတော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ဆက်လက်ဖော်ပြနေပြီး တနင်္ဂနွေနေ့က မူဆယ်တိုက်ခိုက်ခံရမှုအပေါ် တရားဝင် မှတ်ချက်ပေးခြင်း မပြုသေးပေ။

ကချင်မြေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကေအိုင်အေသည် ၎င်း၏ တပ်အင်အားကို တိုးချဲ့ရန်နှင့် လူသစ်စုဆောင်းရန် လိုအပ်လာခဲ့သည်။ ဆန္ဒအလျောက် စစ်မှုထမ်းရခြင်းဖြစ်ပြီး လူမျိုးရေးတာဝန်ဟု အများစုက ခံယူထားကြသော်လည်း တစ်အိမ်ထောင်လျှင် တစ်ယောက် စုဆောင်းသည့် ကေအိုင်အေ၏ တရားမ၀င် စည်းကမ်းကြောင့် ကျေးလက်ဒေသများတွင် အရွယ်မရောက်ဘဲ အတင်းအကျပ် စုဆောင်းမှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာစေသည်။

လိုင်ဇာအပြင်ဘက် တောင်ကုန်းပေါ်ရှိ စစ်သင်တန်းကျောင်းတွင် မိန်းကလေးအချို့နှင့် ဆယ်ကျော်သက်အချို့ ပါဝင်သော သင်တန်းသား ၁၀၀ ခန့်ကို မွန်းတည့်နေအောက်တွင် တပ်ကြပ်ကြီးတစ်ဦးက လေ့ကျင့်ပေးနေသည်။ လေးလသင်တန်းသည် တပ်ဖွဲ့ဝင်အဖြစ် လေ့ကျင့်ပေးခြင်းဖြစ်ပြီး မိန်းကလေး တပ်ဖွဲ့ဝင်သစ်များကိုမူ နောက်တန်းတွင် တာဝန်ပေးသည်ဟု သိရသည်။

သင်တန်းချိန်အပြီး အိပ်ဆောင်သို့ ပြန်လာသော အသက် ၂၆ နှစ်နှင့် ၂၈ နှစ် အရွယ် သင်တန်းသား နှစ်ဦးက ၎င်းတို့သည် ကေအိုင်ကေသို့ ၀င်ရန်အတွက် မန္တလေးမြို့တွင် လုပ်ကိုင်နေသော အလုပ်များကို စွန့်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲဝင်ရန် အသင့်ရှိနေကြောင်းနှင့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကို ကာကွယ်လိုကြောင်း ပြောကြားကြသည်။

ပိတ်ဆို့ခံထားရသည့် ကယ်ဆယ်ထောက်ပံ့မှုများ 

လိုင်ဇာမြို့ အပြင်ဘက် ကီလိုမီတာ အနည်းငယ် အကွာရှိ ကုလသမဂ္ဂ တည်ဆောက်ပေးထားသော ဒုက္ခသည် စခန်းများတွင် နေထိုင်နေသော ကချင်စစ်ဘေးရှောင် ဒုက္ခသည် ၂၀,၀၀၀ ခန့်မှာ အလုပ်အကိုင် ရှားပါးသောကြောင့် အများစုမှာ ကူညီထောက်ပံ့မှုများကို မှီခိုနေရသည်။ နောက်ထပ် ဒုက္ခသည် ၃၀,၀၀၀ ခန့်မှာ ကေအိုင်အေ ထိန်းချုပ်သော အခြားနယ်မြေများရှိ စခန်းများတွင် နေထိုင်ကြသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ အစိုးရ ထိန်းချုပ်နယ်မြေတွင် ရှိသော စခန်းများတွင်လည်း ဒုက္ခသည် ၅၀,၀၀၀ ခန့် ရှိသည်။

နိုင်ငံတကာ အကူအညီ လျှော့ချမှုများနှင့် မေလနောက်ပိုင်း ရှေ့တန်းနယ်မြေတွင် ထောက်ပံ့ကယ်ဆယ်ရေး ယာဉ်တန်းများ ဖြတ်သန်းခွင့်ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် တပ်မတော်က တားဆီးပိတ်ဆို့မှုများကြောင့် အခက်အခဲ တွေ့နေသော ဒုက္ခသည်များမှာ လတ်တလော တိုက်ပွဲများ ပြင်းထန်မှုကြောင့် စိတ်ဓာတ်ကျဆင်းနေကြသည်။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှုကို ၂၀ ရာခိုင်နှုန်း ဖြတ်တောက်ရန် မကြာသေးမီက ဖိအားပေး ခံနေရသော ကုလသမဂ္ဂကလည်း ရှေ့တန်းနယ်မြေရှိ ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် တောင်းဆိုထားသည်။ တပ်မတော်သည် လူသားချင်းစာနာမှု အကူအညီကို နိုင်ငံရေးလက်နက် အဖြစ် အသုံးပြုနေသည်ဟု ပြည်တွင်းမှ ကယ်ဆယ်ရေးအဖွဲ့များက မှတ်ချက်ကြပေးသည်။

ပဋိပက္ခ စကတည်းက အထောက်အပံ့ ပိတ်ဆို့တာကို နိုင်ငံရေးလက်နက်အဖြစ် တပ်မတော်က အသုံးပြုခဲ့ပြီး အခုနောက်ပိုင်း ပိုဆိုးလာပါတယ်။ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက စခန်းတွေမှာ ပရမ်းပတာ အခြေအနေဖြစ်အောင် ဖန်တီးဖို့ တပ်မတော်က ရည်ရွယ်တာပါ” ဟု လိုင်ဇာအခြေစိုက် ကချင်ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ လာရစ်ပ်က ပြောကြားသည်။

“မြန်မာနိုင်ငံဟာ အရင်နဲ့မတူဘဲ ပြောင်းလဲသွားပြီလို့ သူတို့က ပြောနေကြပေမယ့် ဒီနယ်မြေက လူတွေအတွက်တော့ ဘာမှမထူးခြားပါဘူး၊ အရင်ကထက်တောင် ပိုဆိုးလာပါတယ်” ဟု လာရစ်ပ်က ဆိုပါသည်။

၂၀၁၁ ကတည်းက ဂျီယန်ဒုက္ခသည်စခန်းတွင် နေထိုင်သော ကလေးနှစ်ယောက် မိခင် လဖိုင်ခေါင်ရှန်းက ကယ်ဆယ်ရေး အထောက်အပံ့ လျော့သွားသည်ကို လက်ခံနိုင်သော်လည်း NLD အစိုးရ တက်လာပြီးမှ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် စိတ်မကောင်း ဖြစ်ရသည်ဟု ပြောကြားသည်။ “စားစရာ မရှိတာကို စောဒက မတက်ဘဲ နေနိုင်ပါတယ်။ လက်ခံနိုင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က တားဆီးပေးမယ်လို့ ထင်ခဲ့ပေမယ့် အခုတိုက်ပွဲတွေ ပိုပြီးပြင်းထန်လာလို့ မယုံနိုင်တော့ပါဘူး” ဟု သူမက ရင်ဖွင့်ပြောဆိုသည်။           



FOLLOW US