News

POST TAGGED AS

တပ်မတော်

မောင်တော - တစ်ကျော့ နှစ်ကျော့ နောက်တစ်ကျော့
တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့မှ အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင်များ ကျဆုံးနေဆဲ ဖြစ်သည်။ 

အောက်တိုဘာလ ၉ ရက်နေ့က အစပြုခဲ့သည့် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုများမှာ တစ်လကျော်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ သေနတ်သံများ မတိတ်သေး။ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ကျဆုံးနေဆဲ ဖြစ်သည်။ မောင်တောခရိုင်က ကျေးရွာအချို့၌ ကထိန်လှည့်ရာတွင် လက်နက်ကိုင် လုံခြုံရေးများ လိုက်ပါနေရသည့် အခြေအနေ။

အကြမ်းဖက် ခေါင်းဆောင်များကို မဖမ်းမိသေးပါ။ အကြမ်းဖက်သမားများ လက်ထဲပါသွားသည့် လက်နက်ခဲယမ်း အများအပြားလည်း ပြန်မရသေးပါ။ မြန်မာနိုင်ငံ၏ အနောက်တံခါးဟု တင်စားကြသည့် မောင်တောဒေသ မည်သည့်အချိန်တွင် ငြိမ်းချမ်းနိုင်မည်နည်း ဆိုသည့် မေးခွန်းကိုလည်း အစိုးရက မဖြေနိုင်သေးပါ။ 

မောင်တောဒေသ တည်ငြိမ်အေးချမ်းမှု မရနိုင်အောင် လုပ်ဆောင်နေသည့် လုပ်ရပ်များကို တွေ့နေရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားသည်။

ဒေါ်အေးအေးစိုးသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်သည့် ‘နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ’ တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည်။  

“အစိုးရလုပ်လို့ အေးချမ်းတော့မယ်ဆိုရင် သူတို့ (အကြမ်းဖက်သမားများ) က အငြိမ်မခံဘူး။ မငြိမ်းချမ်းချင်ဘူး။ မြန်မြန်ဖြစ်အောင် ပြန်ဆွတယ်။ အေးချမ်းမှုကို မဖြစ်စေချင်တဲ့ အခြေအနေတွေ တွေ့နေရတယ်” ဟု ၎င်းက ပြောဆိုသည်။

မောင်တောနှင့် ရသေ့တောင် မြို့နယ်တို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် အပါအဝင် စခန်းသုံးခုကို အောက်တိုဘာလ ၉ ရက်နေ့က ဘင်္ဂါလီ အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့သည်။ 

နိုဝင်ဘာလ ၃ ရက်နေ့ကလည်း  မောင်တောမြောက်ပိုင်းရှိ နူရူလာကျေးရွာ အနီးက ကင်းစခန်း တိုက်ခိုက်ခံရ၍ ဒုတိယ ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်းတွင် နယ်မြေရှင်းသည့် တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရ၍ စစ်ကြောင်းမှူး ယာယီတပ်ရင်းမှူးတစ်ဦးနှင့် တပ်သားတစ်ဦး သေဆုံးခဲ့ပြန်သည်။ 

ယင်းတိုက်ခိုက်ခံရမှုတွင် တပ်မတော်က ရဟတ်ယာဉ် အသုံးပြုကာ ပစ်ကူရှင်းလင်းခဲ့သော်လည်း ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် စက်လတ်ကိုသာ အသုံးပြုခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

“လက်နက်ကြီး မသုံးပါဘူး။ ဗုံးတွေ မသုံးပါဘူး။ စက်လတ်ပဲ သုံးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်စစ်ကြောင်းကို အကြမ်းဖက်သမား ရှစ်ရာကျော်က နေရာသုံးနေရာ ခွဲကာ ဝိုင်းထားပြီး ယင်းအနက် အကြမ်းဖက်သမား ၃၀ ခန့်မှာ သေနတ်ကိုင်ထားကြကာ ကျန်ပုဂ္ဂိုလ်များမှာ ဓား၊ လှံစသည့် လက်နက်များကို ကိုင်ဆောင်ထားကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုသည်။

“တပ်မတော်သားတွေ အများကြီး ထိခိုက်နိုင်ပါတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်နိုင်တယ်။ ဒါကြောင့် ရဟတ်ယာဉ်လွှတ်ပြီး ဒဏ်ရာရထားတဲ့  စစ်ကြောင်းမှူးကို ကယ်ထုတ်ဖို့နဲ့ ကျန်တဲ့ တပ်မတော်သားတွေကို ကယ်ထုတ်ဖို့ သုံးခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။ 

သို့သော်လည်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် တပ်မတော်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်သဖြင့် အပြစ်မဲ့ ပြည်သူများ သေဆုံးသည်ဟု ရိုဟင်ဂျာအရေး လုပ်ဆောင်သူ ဆိုသူများက သတင်းဖြန့်ချိခဲ့ကြသည်။ သေဆုံးသူများတွင် ကလေးငယ်နှင့် အမျိုးသမီးများ ပါဝင်ကြောင်း ရုပ်သံမှတ်တမ်းများကိုပါ  ဖြန့်ချိခဲ့ကြသည်။

နိုင်ငံတော်သမ္မတရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးရာတွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သားများ သေဆုံးခြင်း မရှိကြောင်း  တုံ့ပြန်ထားသည်။

ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် အစိုးရက သတင်းထုတ်ပြန်မှုများမှာ အားနည်းနေဆဲ ဖြစ်သည်။ သတင်းကို လက်ဦးမှု ယူကာ ထုတ်ပြန်ခြင်း အားနည်းနေဆဲ ဖြစ်သည်။ သတင်းမှားများ ပျံ့နှံ့ပြီးမှ အစိုးရက လိုက်လံရှင်းလင်းနေရခြင်း ဖြစ်သည်။ ရှင်းသော်လည်း စွပ်စွဲသံများက တိတ်မသွား။  
ယခုအချိန်တွင် ယင်းအချက်ကို ပြင်ဆင်ရန် အစိုးရ စတင်ကြိုးပမ်းနေပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်အရေး အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ရန် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကို နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းသည်။ ယင်းကော်မတီတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ တာဝန်ယူပြီး နိုင်ငံတော် သမ္မတရုံး၊ တပ်မတော်၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။

“ပြောရရင်တော့ အရင်က သတင်းထွက်လာမှ နောက်က လိုက်ရှင်းရတဲ့ အနေအထား။ ပထမဆုံးထွက်တဲ့ သတင်းက ပေါက်သွားတာကို ပြန်ပြီးချေပရတဲ့ အနေအထား” ဟု အဆိုပါ ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးဇော်ဌေးက ပြောကြားသည်။

ကော်မတီ၏ ပထမဆုံးလုပ်ရပ်မှာ Human Right Watch (HRW) အဖွဲ့၏ အစီရင်ခံစာကို ချေပသည့် နိုဝင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော်သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။ 

မောင်တောရှိ ဘင်္ဂါလီကျေးရွာ (မူရင်းအသုံး ရိုဟင်ဂျာကျေးရွာ) သုံးရွာတွင် နေအိမ် ၄၃၀ မီးရှို့ဖျက်ဆီးခံရသည်ဟု ဂြိုလ်တု ဓာတ်ပုံမှတ်တမ်းကို အခြေခံကာ HRW အဖွဲ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာကို အခြေခံကာ ပြည်ပသတင်းမီဒီယာ အချို့က သတင်းဖော်ပြခဲ့ကြသည်။ 

ယင်းအပြင် မောင်တောဒေသတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရာတွင် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်၊ ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း ဆိုသည့် စွပ်စွဲချက်များကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ရိုဟင်ဂျာအရေး ဆောင်ရွက်သူများက စွပ်စွဲထားကြသည်။ 

ဘင်္ဂါလီနေအိမ်များ မီးရှို့ခံရသည်မှာ မှန်သည်။ သို့သော်လည်း HRW စွပ်စွဲသလို မဟုတ်ဟု အစိုးရက တုံ့ပြန်သည်။

စွပ်စွဲချက်နှင့် ပတ်သက်၍ တပ်မတော်က မြေပြင်ကွင်းဆင်း စစ်ဆေးချက်အရ နေအိမ် ၁၈၅ လုံးသာ မီးရှို့ဖျက်ဆီးခံရပြီး ယင်းမီးရှို့မှုမှာလည်း အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ စွပ်စွဲချက်များမှာ မြေပြင်အခြေအနေနှင့် အလွန်ကွာဟနေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။ 

“စွပ်စွဲချက်တွေကို လိမ်ညာပြီးတော့ မျက်စိစုံမှိတ်ပြီး ငြင်းတာမဟုတ်ပါဘူး။ အမှန်ကို အမှန်အတိုင်း ထုတ်ပြန်ပေးတာပါ။ လက်တွေ့ဖြစ်နေတဲ့ အမှန်တရားကို ဘာမှဖုံးကွယ်စရာ အကြောင်းမရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။ 

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ပတ်သက်၍ မွတ်ဆလင် အသိုင်းအဝိုင်းက သတင်းအမှားများကို ဖြန့်ချိနေသည့် ကွန်ရက်မှာ ကမ္ဘာတစ်ဝန်းလုံးတွင် ပျံ့နှံ့နေပြီ ဖြစ်ပြီး မောင်တောအရေးတွင်လည်း  သတင်းမှားများကို ဖြန့်ချိနေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။  

၁၉၉၀ နောက်ပိုင်း တပ်မတော်အစိုးရကို ဘုံရန်သူအဖြစ် ဆန့်ကျင်ခဲ့ချိန်မှ စတင်ကာ လူမျိုးအမည်တစ်ခုကို အမာခံပြုပြီး တည်ဆောက်ထားခဲ့သည့် ယင်းကွန်ရက်မှာ နိုင်ငံတကာမီဒီယာများ သာမက  နိုင်ငံတကာ အဖွဲ့အစည်းများ အထိပါ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နေရာယူထားပြီး ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ရိုဟင်ဂျာအရေး လုပ်ဆောင်သူများက မြန်မာအစိုးရကို ဖိအားပေးရန် ထိုင်းအစိုးရထံ တောင်းဆိုနေသည်။ ထိုင်းရောက် ရိုဟင်ဂျာ ရွှေ့ပြောင်းအလုပ်သမား ဆိုသူများက တောင်းဆိုခြင်း ဖြစ်သည်။ 

မောင်တော အကြမ်းဖက်တိုက်ခိုက်ခံရမှု အပြီးတွင် တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဘင်္ဂါလီ (၎င်းတို့ အသုံးအနှုန်း ရိုဟင်ဂျာ) များကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ ဘင်္ဂါလီ ၁၅,၀၀၀ ထက်မနည်း ထွက်ပြေးနေရကြောင်း ထိုင်းဘာသာဖြင့် ထုတ်ပြန်သော ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ယင်းလုပ်ရပ်မှာ ဘင်္ဂါလီများကို မြန်မာနိုင်ငံက ထွက်ပြေးအောင် လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ဘင်္ဂါလီများ ဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် မဝင်လာမီ မြန်မာအစိုးရကို  ဖိအားပေးရန် တောင်းဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ယင်းမီးရှို့မှုများကို တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြုလုပ်သည့် ပုံစံဖန်တီးထားခြင်း ဖြစ်ပြီး ယင်းအပြင် ပြည်ပအဖွဲ့အစည်းများ၏ အကူအညီ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်သမားများက လုပ်ဆောင်ခြင်းဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ 

ဖမ်းမိသည့် အကြမ်းသမားအချို့ကို စစ်ကြောချက်အရ ဘင်္ဂါလီ အကြမ်းဖက်သမားများသည် တပ်မတော် စစ်ကြောင်းများကို လူအင်အားဖြင့် အကြမ်းဖက်တိုက်ခိုက်ကာ လက်နက်များ လုယူရန် လူစုထားကြောင်း အစိုးရက ထုတ်ပြန်ထားသည်။  

အကြမ်းဖက်ရန် လူစုဆောင်းရာတွင် တစ်အိမ်တစ်ယောက်နှုန်းဖြင့် ပါဝင်ရန် စည်းရုံးခဲ့ပြီး မပါဝင်လိုသူများကို သေနတ်ဖြင့် ပစ်သတ်မည်၊ ဓားဖြင့် လည်လှီးသတ်မည်ဟု ခြိမ်းခြောက်ခံရကြောင်း၊ စည်းရုံးသူများတွင် ဗလီဆရာများ ပါဝင်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်သည်။

နေအိမ်မီးရှို့မှုများကိုလည်း ဘင်္ဂလားဒေ့ရှ်က ပြန်လာသည့် ဘင်္ဂါလီ အကြမ်းဖက်သမားက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အကြမ်းဖက်သမားများသည် တပ်မတော်စစ်ကြောင်းများကို ချောင်းမြောင်းတိုက်ခိုက်ပြီး အခြေအနေ  မကောင်းလျှင် လက်နက်ကို တစ်နေရာတွင် စွန့်ပစ်ကာ အရပ်သားများ ကြားထဲသို့ ဝင်ရောက်ကာ အရပ်သားဟန်ဆောင်သည့် ဗျူဟာများကို ကျင့်သုံးနေကြောင်း အစိုးရက စွပ်စွဲထားသည်။

“သူတို့သုံးတဲ့ နည်းဗျူဟာက သာမန်အရပ်သားကြားထဲကို စိမ့်ဝင်ပြီး ပျောက်သွားတဲ့ သဘောပေါ့နော်” ဟု ဦးဇော်ဌေးက ပြောကြားသည်။ 

တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ချောင်းမြောင်းတိုက်ခိုက်ခံနေရသည်။ တိုက်ခိုက်ခံရသည့် အကြောင်းရင်းလည်း ရှိသည်။ 

“ရန်သူက ယူနီဖောင်းဝတ်ပြီး တိုက်နေတာ မဟုတ်ဘူး။ ရန်သူ့စခန်းက ဘယ်နေရာရယ်လို့ အတိအကျ မပြောနိုင်ဘူး။ အဲဒါကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့  တပ်မတော် ချောင်းမြောင်း တိုက်ခိုက်ခံနေရတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

မောင်တော မလုံခြုံသေးပါ။ အကြမ်းဖက်မှု ကြိုးကိုင်သူများကိုလည်း မဖမ်းမိသေးပါ။ အကြမ်းသမားများ ယူဆောင်သွားသည့် သေနတ် ၆၄ လက်အနက် ၁၅ လက်သာ ပြန်လည်ရရှိထားပြီး ၄၉ လက်မှာ ပြန်မရသေးပါ။ 

အကြမ်းဖက်သမားများ လက်ထဲ လက်နက်ရှိနေလျှင် နယ်မြေလုံခြုံမှု မရှိနိုင်ဘဲ ပြည်သူများ အမြဲတမ်း ခြိမ်းခြောက်ခံနေရမည် ဖြစ်ကြောင်း မောင်တောဒေသခံများက ပြောဆိုကြသည်။ 

မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်လကျော် ကြာမြင့်လာသည်အထိ သေနတ်သံများ မတိတ်သေး။ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ကျဆုံးနေဆဲ။ ပြည်သူများလည်း ကျီးလန့်စာစား  ဖြစ်နေဆဲ။ နေရပ်ပြန်သွားကြသည့် ရခိုင်တိုင်းရင်းသားများမှာ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တစ်ကျော့ ပြန်လည်စွန့်ခွာနေကြပြီ ဖြစ်သည်။ မငြိမ်သော မောင်တောမှာ တစ်ကျော့၊ နှစ်ကျော့၊ နောက်တစ်ကျော့။ 

အစိုးရ၏ သတင်းထုတ်ပြန်ချက် အနေအထားမှာတော့ ပြောင်းလာပြီ။
“အခုက ဖြစ်တာနဲ့ ချက်ချင်းထုတ်ပြန်ဖို့ပေါ့နော်” ဟု ဦးဇော်ဌေးက ဆိုသည်။

The Voice 



FOLLOW US