News

POST TAGGED AS

တပ်မတော်

ဒီမိုကရေစီ ပီပြင်စွာ တည်ဆောက်နိုင်ရေး လက်တွေ့နည်းလမ်း
မြန်မာ့ဒီမိုကရေစီ မပီပြင်သေးပါ။ ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး မျှတပြီ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ကြပြီ။ လွှတ်တော်တွေ ရှိနေပြီ။ သို့သော်ငြားလည်း အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုသေးတယ်။ တပ်မတော်က ပါဝင် ပတ်သက်နေသေးတယ်။ ငြိမ်းချမ်းရေး မရသေး။ စီးပွားရေး အခြေခံကောင်းတွေ တည်ဆောက်နိုင်ဖို့ အချိန်ယူရဦးမယ်။ လူထုနိုင်ငံရေး ရင့်ကျက်ဖို့ လေ့ကျင့်ပေးရဦးမယ်။ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့လုပ်စရာတွေ တပုံတပင်။ ဖက်ဒရယ်ကိစ္စ ငြင်းတုန်းခုံတုန်း။ ဒီမိုကရေစီရေချိန် ခေါင်းဆောင်ကောင်းတွေ လိုတယ်။ အင်စတီကျူးရှင်းတွေ ချည့်နဲ့တုန်း။

ပြောရမယ်ဆိုရင် မကုန်နိုင်ဘူး။ ခိုင်မာတဲ့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ အဖြစ် ကျကျနန ရပ်တည်နိုင်ဖို့ ခရီးရှည်ကြီး ချီတက်ကြရဦးမယ်။ ၂၀၁၅ အလွန် အမှန်တကယ် လူထုမဲနဲ့ ကျကျနန ရွေးကောက်ခံပြီး တက်လာတဲ့ အစိုးရလက်ထက်မှာ ခုနကပြောတဲ့ လိုအပ်ချက်တွေက ပိုထင်ရှား ပီပြင်လာသလားလို့။

ဒီမိုကရေစီအစိုးရ တက်လာရင် ဘာဖြစ်လာမယ် ညာဖြစ်လာမယ်။ ချက်ချင်းလက်ငင်း မျှော်လင့်လို့ရတဲ့ ကိစ္စတွေ ရှိတယ်။ ရေရှည်မျှော်လင့်ထားတဲ့ ကိစ္စတွေ ရှိတယ်။ တကယ်တမ်း အစိုးရ တက်လာတော့ မျှော်လင့်သလောက် ပီပြင်လာတာ မရှိဘူး။ အခက်အခဲတွေက ပုံစံသစ်နဲ့ စိန်ခေါ်လာကြတယ်။ ကိုင်တွယ်ဖြေရှင်းလို့ မလွယ်တဲ့ ပြဿနာတွေက များနေတယ်။

ဒါက ဘာကြောင့်လဲဆိုတော့ စောစောက ပြောခဲ့တဲ့ လိုအပ်ချက်တွေကြောင့်ပါပဲ။ တည်ဆောက်ယူရမယ့် ကိစ္စတွေ အမည်များတယ်။ တစ်ခုနဲ့တစ်ခုက ဆက်စပ်နေတယ်။ တစ်ခုအောင်မြင်မှ ကျန်တာတွေ အောင်မြင်မယ်။ ဘယ်တစ်ခုကိုမှ ပီပီပြင်ပြင် အောင်မြင်အောင်လုပ်ဖို့ မလွယ်လှသေးဘူး ဆိုတာကို ပကတိအမြင် ရှိရင် အလွယ်နဲ့ သိနိုင်တယ်။ ဒီတော့ ဘယ်လိုဆက်လုပ်ကြမလဲ။ ဘယ်နည်းနဲ့ အဖြေရှာကြမလဲ။ ဒီမိုကရေစီ ပီပြင်တဲ့အဆင့် မြန်မြန်ရောက်ဖို့ ဒီလောက်များပြားလှတဲ့ စိန်ခေါ်မှုတွေကို ဒီလောက်ပြဿနာတွေ ရှုပ်ထွေးလှတဲ့ တိုင်းပြည်နဲ့ နိုင်ငံသားတွေ ဘယ်လိုအောင်မြင်အောင် ကျော်ဖြတ်ကြမလဲ။

ပြဿနာရှိရင် အဖြေရှိပါတယ်။ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိလှပါဘူး။ အခြေခံအကြောင်းတရား (ပြဿနာရဲ့ဇာစ်မြစ်) ကို သိဖို့၊ အရှိအတိုင်း လက်ခံဖို့၊ နည်းလမ်းတကျ ဖြေရှင်းနိုင်ရေး ဘယ်လိုအကြောင်းနဲ့မှ လက်မတွန့်ဖို့ ဒါတွေပဲ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက ဘယ်နိုင်ငံနဲ့မှ မတူပါဘူး။ သီအိုရီများကို ပစ်ပယ်လို့ မရတာ မှန်ပေမယ့် သီအိုရီအတိုင်း လိုက်အကောင်အထည် ဖော်ဖို့လည်း အင်မတန် ခက်ခဲပါတယ်။ တိုင်းရင်းသားတွေ အမျိုးစုံတယ်။ စီးပွားရေး ရေခံမြေခံ တအားပျက်နေတယ်။ လိုချင်တာတွေချင်းကလည်း ကွဲပြားခြားနားမှုတွေ ရှိနေတယ်။ သံသယတွေ မဖျောက်နိုင်ကြသေးဘူး။ တကယ့်သပွတ်အူထက် ရှုပ်ထွေးတဲ့ နိုင်ငံရေးပါ။

ဒီတော့ လက်တွေ့ကျကျ စဉ်းစားရင် ဒီမိုကရေစီပီပြင်ဖို့ ခက်ပါတယ်။ ရွေးကောက်ပွဲတွေ ပီပြင်လာပြီ ဆိုတိုင်း ဒီမိုကရေစီ မပီပြင်ဘူး ဆိုတာ လက်တွေ့သိနေကြပြီလည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေ တောင့်တင်းတဲ့နေ့၊ ငြိမ်းချမ်းရေး တည်ဆောက်မှု တာဝန်များ ပြီးပြတ်တဲ့နေ့၊ လူထုနိုင်ငံရေး ရင့်ကျက်လာတဲ့ တစ်နေ့ရောက်ရင် နည်းနည်းမျှော်လင့်လို့ ရပြီလို့ အကြမ်းဖျင်းပြောလို့ ရပေမယ့် အဲဒီနေ့ဆီ ရောက်ဖို့ကို ကျားကုတ်ကျားခဲ ချီတက်ကြရပါလိမ့်ဦးမယ်။

ဒီတော့ လက်ရှိအခြေအနေမှာ ဒီမိုကရေစီ မပီပြင်သေးဘူး။ ဒီမိုကရေစီနည်းကျ တက်လာတဲ့ အစိုးရကလည်း သူ့ချည်းလုပ်လို့ကိုင်လို့ မရသေးဘူး ဆိုတာ အခုဆိုရင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီ။ ဒီလိုလုပ်လို့ ကိုင်လို့မရတာနဲ့ အစိုးရ အပြစ်ပုံချဖို့လည်း သဘာဝမကျလှပါဘူး။ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ရေခံမြေခံက ဘယ်အစိုးရကိုမဆို ဟန့်တားနှောင့်ယှက်နေဦးမှာ ဖြစ်ပါတယ်။ ဒီတော့ လက်ရှိအစိုးရကိုရော နောက်ရွေးကောက်ပွဲ သက်တမ်း သုံးလေးခုလောက်အထိ တက်လာကြမယ့် အစိုးရများကိုပါ Stakeholder အားလုံးကရော၊ နိုင်ငံသားများ အားလုံးကပါ တတ်စွမ်းသလောက် ထိထိရောက်ရောက် ဝိုင်းဝန်းကူညီကြဖို့ ဆိုတဲ့ နည်းလမ်းကလွဲလို့ တခြားနည်းလမ်းနဲ့ မြန်မာပြည်ပန်းတိုင် မရောက်နိုင်ပါဘူး။ လက်ရှိ အစိုးရ အပါအဝင် စောစောက ပြောသလို နောက်တက်လာမယ့် အစိုးရများရဲ့ သဘောထား (Attitude) ကလည်း တော်တော်လေး အရေးပါပါတယ်။ အနိုင်ရပါတီများ အစိုးရဖွဲ့ခွင့် ရှိပါတယ်။ တိုင်းပြည်ကို  စီမံခန့်ခွဲခွင့် ရှိပါတယ်။ သို့သော် ၁။ လက်ရှိ ရေခံမြေခံအရသော် လည်းကောင်း၊ ၂။ ပါတီများရဲ့ အရည်အသွေး (တစ်နည်း) နိုင်ငံရေးသမားများရဲ့ အရည်အချင်းအရသော် လည်းကောင်း ပါတီတစ်ရပ်က ဖွဲ့စည်းတဲ့ အစိုးရတစ်ရပ်ဟာ သူ့ချည်းအောင်မြင်အောင် လုပ်ဖို့ ဆယ်နှစ်ဆယ့်ငါးနှစ် အတွင်းမှာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒီအချက်ကို နိုင်ငံရေးပါတီ တော်တော်များများက လက်ခံဖို့လည်း အင်မတန် ခက်ခဲပါတယ်။ သို့သော် လက်တွေ့အမှန်တရား ဖြစ်နေပါတယ်။

ဒီတော့ လက်ရှိအစိုးရ အနေနဲ့ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေလုပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ မလုပ်ရင် အစိုးရသက်တမ်း ငါးနှစ်မှာ အောင်မြင်ဖို့အကြောင်း တော်တော်နည်းနေပြီ ဆိုတာ အခုဆိုရင် လက်တွေ့သာဓကတွေအရ ထင်ထင်ရှားရှား သိနိုင်မြင်နိုင်နေပြီ ဖြစ်ပါတယ်။ အခုအစိုးရ အပါအဝင် အစိုးရ အဆက်ဆက်ဟာ အမြော်အမြင်ကြီးကြီး သဘောထားကြီးကြီးနဲ့ အစိုးရဖွဲ့တဲ့အခါ ၁။ တတ်စွမ်းသမျှ Stakeholder တွေ နယ်ပယ်စုံက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့၊ ၂။ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေထဲက သင့်တော်သူများ တတ်နိုင်သလောက် ပါဝင်ဖို့ (အခုထက် ပိုပါဝင်နိုင်ဖို့ လိုပါတယ်။) ၃။ အတွေ့အကြုံ ရင့်ကျက်သူများနဲ့ ပညာရှင်များ ပါဝင်ဖို့ ဦးတည်စဉ်းစားသင့်ပါတယ်။

ဒီလိုလုပ်နိုင်မှသာ ၁။ နိုင်ငံရေးခရီးစဉ် တည်ငြိမ်ဖို့ အာမခံချက် အပြည့်အဝ ရရှိပါလိမ့်မယ်။ နယ်ပယ်စုံက လူပုဂ္ဂိုလ်များ ပါဝင်မှုကြောင့် နိုင်ငံရေးအရ အခက်အခဲ အကျပ်အတည်းများ လျော့နည်းသွားပါလိမ့်မယ်။ ၂။ ပညာရှင်များနဲ့ အတွေ့အကြုံ ရင့်ကျက်သူများက အခြေအနေ အရပ်ရပ် တိုးတက်ကောင်းမွန်ရေး ထောက်ပံ့ကူညီကြပါလိမ့်မယ်။ ၃။ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်တိုးတက်ဖို့ အစိုးရရဲ့ Capacity အတော်အတန် အဆင့်မီလာပါလိမ့်မယ်။ ၄။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာဖို့ အတွက် ယုံကြည်မှုလည်း တစ်စုံတစ်ရာ အတိုင်းအတာအထိ မြင့်တက်လာပါလိမ့်မယ်။

ငါက ရွေးကောက်ခံပဲ၊ ငါ အစိုးရဖွဲ့ခွင့် ရှိတယ်၊ ဒါ ဒီမိုကရေစီဆိုပြီး လုပ်လို့လည်း ရတာပါပဲ။ သို့သော် တကယ်ပီပြင်တဲ့ ဒီမိုကရေစီနိုင်ငံ၊ လူစဉ်မီတဲ့ လူ့ဘောင်တည်ဆောက်ဖို့တော့ လက်တွေ့ဖြစ်လာဖို့ မရှိပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာနိုင်ငံကို လက်ရှိအခြေအနေမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်များကမှ တစ်ဦးကောင်း တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းနဲ့ တည်ဆောက်ဖို့ မဖြစ်နိုင်ပါ။ ပြဿနာ များပါတယ်။ အကျိုးဆိုင်သူ များပါတယ်။ တပ်မတော်ကိုလည်း နိုင်ငံတည်ဆောက်ဖက်အဖြစ် ဆက်လက်လက်တွဲထားပြီး တပ်မတော်ရဲ့ အင်စတီကျူးရှင်းတစ်ရပ် အဖြစ် ခိုင်မာနေမှုနဲ့ အခက်အခဲများကို ကျားကန်ထားနိုင်ပါတယ်။ တပ်မတော်ဟာ လက်ရှိ နိုင်ငံတည်ဆောက်ရေးမှာ အထောက်အပံ့အဖြစ် ရှိနေတယ် ဆိုတာကိုလည်း ရှေးကလို သိပ်ငြင်းခုံစရာ မလိုလောက်တော့ပါဘူး။ လွှတ်တော်ကပင်လျှင် တပ်မတော် ၂၅ ရာခိုင်နှုန်းကြောင့် လွှတ်တော်လုပ်ငန်းတွေ အနှောင့်အယှက် မရှိပါလို့ ပြောဆိုလာမှုဟာ အပြုသဘော တိုးတက်မှု ဖြစ်သလို ကြိုဆိုရမယ့် ကိစ္စပါ။

တခြားနည်းလမ်း မရှိပါ။ လူထုက ရွေးချယ်တင်မြှောက်ကြပါစေ။ ဒါဟာ ဒီမိုကရေစီ အခြေခံသဘောတရား တစ်ခုပါ။ အလေ့အကျင့် လုပ်ရပါမယ်။ လွှတ်တော်များကို ထင်သလို ပြုပြင်ဖွဲ့စည်းလို့ မရပါဘူး။ ရွေးကောက်ခံလွှတ်တော် ဖြစ်ရပါမယ်။ ဒီမိုကရေစီ စည်းမျဉ်းပါ။ အစိုးရကိုတော့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး စွမ်းရည်မြင့် အစိုးရဖွဲ့လို့ ရပါတယ်။ ပန်းတိုင်မြန်မြန်ရောက်ဖို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်က ချော်ကျမသွားဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါ၏။ 

မင်းနွယ်



FOLLOW US