News

POST TAGGED AS

တပ်မတော်

06-Jul-2018

NCA တပ်မတော်
တပ်မတော်နှင့်အပစ်ရပ်အဖွဲ့များ ထိတွေ့မှု ၈၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း JMC ပြောရေးဆိုခွင့်ရှိသူပြော
ရန်ကုန်၊ ဇူလိုင် ၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ထိုးထားသည့် လက်နက်ကိုင်များနှင့် တပ်မတော်တို့အကြား ထိတွေ့ပစ်ခတ်မှု ၈၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ကြောင်း အပစ်ရပ်စောင့်ကြည့်ရေး ကော်မတီ JMC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

ပြည်ထောင်စုအဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC.U အစည်းအဝေးကို ရန်ကုန်မြို့ NRPC ရုံးတွင် သုံးရက်ကြာ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် အပစ်ရပ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ၂၀၁၅-၂၀၁၆ ဝန်းကျင် JMC ဖွဲ့စည်းပြီးအချိန်မှ ယခုချိန်ထိ ထိတွေ့တိုက်ခိုက်မှု မရှိသလောက် လျှော့ချနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် တွက်ချက်ပါက ၈၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောဆိုသည်။

“ထိတွေ့မှုက လုံးဝကို မရှိသလောက်နီးပါးထိ လျှော့ချနိုင်ခဲ့တယ်။ မတော်တဆ ထိတွေ့မှုတော့ ရှိတာပေါ့။ ရာခိုင်နှုန်းအားဖြင့် ၈၀ နီးပါးထိ လျှော့ချနိုင်ခဲ့တယ်။ ဒါက JMC ရဲ့ တိုးတက်မှုတစ်ခုလို့ ပြောနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

JMC အနေနှင့် တပ်မတော်နှင့် RCSS တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲအချို့ကို ဖြေရှင်းခဲ့ရပြီး ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း JMC မှ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆလိုင်းယောအောင်က ပြောကြားသည်။

လက်ရှိတွင် အပစ်ရပ်စာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

J-08



FOLLOW US