News

POST TAGGED AS

တပ်မတော်

တပ်ချုပ်က သတင်းမီဒီယာကောင်စီကို လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံလိုက်ကြောင်း ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။

ယနေ့ (ဇွန် ၂၈ ရက်) နေ့လယ်ပိုင်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရှိ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကောင်စီအနေဖြင့် မေ ၃၀ ရက်က တွေ့ဆုံခွင့်ကို တပ်မတော် သတင်းမှန်ပြန်ကြားရေးကို တင်ပြလိုက်ခြင်းကြောင့် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်ကဆိုသည်။
 
တချို့သတင်းသမားများသည် မှန်ကန်မှုမရှိဘဲ ရေးသားမှုကြောင့် ဖြေရှင်းရခက်သည့် အခြေအနေ ဖြစ်ပေါ်စေကြောင်း၊ အချို့သတင်းများမှာလည်း စွပ်စွဲရေးသားချက်များ တွေ့ရသည်ဟု တပ်ချုပ်ကပြောကြောင်း ၎င်းက ပြန်ပြောင်းပြောကြားသည်။

“သတင်းသမားတွေအနေနဲ့ ညီညွတ်စွာဖြင့် စဉ်းစဉ်းစားစား ရေးကြဖို့။ အားလုံး ဝိုင်းဝန်းကြဖို့ ဗိုလိချုပ်မှူးကြီးက မေတ္တာရပ်ခံပါတယ်”ဟု ၎င်းကဆိုသည်။

AI ထုတ်ပြန်ချက်ဖြစ်သော တပ်မတော်အပေါ် အရေးယူမည်ဆိုသည့်ကိစ္စသည် အစိုးရအနေဖြင့် ရှင်းလိမ့်မည်ဟု ပြောဆိုကြောင်း ဦးအုန်းကြိုင်က ပြောသည်။

AI Report တွင် တပ်ချုပ် အပါအဝင် အရာရှိ ၁၃ ဦးကို အရေးယူရန် ရေးသားထားခြင်း ဖြစ်သည်။

ယင်းအပြင် လေရီဂျာကင်ရေးသည့် တပ်မတော်မှ အာဏာသိမ်းမည့် အခြေအနေသည်လည်း အစိုးရနှင့် တပ်မတော်ကြား စိတ်ဝမ်းကွဲပြားအောင် လုပ်ခြင်းဖြစ်ပြီး စွပ်စွဲရေးသားချက်သာ ဖြစ်သည်ဟ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုကြောင်း ဦးအုန်းကြိုင်က ပြန်ပြောပြသည်။

ယင်းကိစ္စနှင့်ပက်သတ်၍ မှတ်ချက်ပေးစရာ အကြောင်းမရှိဟု တပ်ချုပ်ကဆိုကြောင်း ကောင်စီအဖွဲ့ဝင် ဦးကျော်စွာမင်းက ပြောသည်။

တပ်မတော်လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာသမားများ ဆက်ဆံရေးပြေပြစ်ရေးနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရေး စီစဉ်ပေးမည်ဟု တပ်ချုပ်က ပြောကြားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

တပ်ချုပ်အနေနှင့် ဆောင်းပါးရေးသားသူ လေရီဂျာကင်သည် ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်ရက်ကတွေ့ဆုံခဲ့သည်ဟု ဦးကျော်စွာမင်းက ပြောဆိုခဲ့သော်လည်း ဘုရင့်နောင်ရိပ်သာသို့ အတူလိုက်ပါခဲ့သည့် ကောင်စီအတွင်းရေးမှူး ဦးမြင့်ကျော်ကမူ တပ်ချုပ်ပြောကြားချက်တွင် လေရီဂျကင်နှင့်တွေ့ဆုံသည်ဟု မပြောကြားကြောင်း မီဒီယာများကို ရှင်းပြသည်။



FOLLOW US