News

POST TAGGED AS

တပ်မတော်

30-May-2018

NCA တပ်မတော် KIA
KIA အပစ်ရပ်မထိုးသေးသည့်အပေါ် တပ်မတော်သဘောထား ပြောကြား
နေပြည်တော်၊ မေ ၂၉

KIA အနေနှင့် NCA (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) တွင် လက်မှတ်မထိုးပါက အစိုးရနှင့်လွှတ်တော်တို့ကို မူတည်၍ ကိုယ်လိုချင်သောအချက်များကို တောင်းဆို ဆောင်ရွက်သွားနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောကြားသည်။

“KIA အနေနဲ့ NCA လမ်းကြောင်းကို လက်မှတ်မထိုးဘူးဆိုရင် ကျွန်တော်တို့ ဒီနိုင်ငံမှာဒီမိုကရေစီစနစ်ပေါ်နေပါပြီ။ အခုတချို့အဖွဲ့တွေဆိုရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရှိတယ်။ လွှတ်တော်တွေရှိတယ်၊ အစိုးရတွေရှိပါတယ်။အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကိုယ်လိုချင်တဲ့ဟာကို ဒီမိုကရေစီစနစ်မှာ တောင်းဆိုပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားလို့ ရပါတယ်”ဟု ၎င်းက ဆိုသည်။

အစိုးရ၏ ဒုတိယတစ်နှစ်တာ ကာလအတွင်း လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စား ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက တက်ရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

NCA သည် တစ်ဖက်နှင့်တစ်ဖက် အကျေအလည် ဆွေးနွေးနေရသည့် အကြောင်းအရာဖြစ်ပြီး ယင်းလက်မှတ်ထိုးရန် လိုက်ပါလာခြင်းမရှိပါကလည်း ထိုးစစ်ဆင်ခြင်း မဆင်ခြင်းကိုလည်း ၎င်းအနေနှင့် မသိရှိကြောင်းပြောသည်။ 

“လက်နက်ကိုင်ပြီးရရှိနေတဲ့ မိမိရဲ့အခွင့်အရေးတွေကို မစွန့်လွှတ်ချင်ဘူး၊ လက်နက်ကိုင်ပြီး ဒီဟာကို ထိန်းသိမ်းဆောင်ရွက်နေမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ ငြိမ်းချမ်းပြီးသွားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် NCA လမ်းကြောင်းအတိုင်းသွားမှသာ ငြိမ်းချမ်းရေးရရှိမယ်လို့ ပြောကြားလိုပါတယ်”ဟု ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ရှင်းပြသည်။

ပြည်တွင်းတိုက်ပွဲများသည် လက်နက်ကိုင်များအနေနှင့် သတ်မှတ်ထားသည့် နေရာတွင်မနေဘဲ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆက်ကြေးကောက်ခြင်း၊ လူသတ်ခြင်း၊ အုပ်ချုပ်မှုတပ်၊ တပ်ရင်းဌာနများကို ဝင်တိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လာသောကြောင့် အစိုးရ၏ယန္တရားများစွာ ဒုက္ခရောက်သွားနိုင်သည့်အတွက် ပြန်လည်တိုက်ခိုက်တုံ့ပြန်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ထပ်လောင်းပြောကြားခဲ့သည်။ 

S-01




FOLLOW US