News

POST TAGGED AS

တပ်မတော်

15-May-2018

တပ်မတော်
တပ်မတော်အရာရှိ ပါဝင်သည့် အကြွေးတောင်းအဖွဲ့က အဓမ္မကျင့်သည်ဟု လီဆယ်တိုင်ကြားသည့် အမျိုးသမီးကို အမှုဖွင့် အရေးယူမည်
ရန်ကုန်၊ မေ ၁၅

အကြွေးပြန်မဆပ်သဖြင့် ခင်ပွန်းဖြစ်သူကို ဝိုင်းရိုက်နှက်ပြီး ၎င်းကိုပါ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု လီဆယ်တိုင်ကြားခဲ့သော အမျိုးသမီးကို အမှုဖွင့် အရေးယူရန် မေလ ၁၅ ရက် ညနေပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း ကျောက်တန်းမြို့မ ရဲစခန်းထံမှ သိရသည်။

လီဆယ်တိုင်ကြားခဲ့သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးမှာ မေလ ၁၀ ရက်နေ့က ကျောက်တန်းမြို့နယ်၊ ကြခတ် ဝိုင်းဟိန္ဒူဘုရားကျောင်းတွင် ၎င်းတို့လင်မယားနှစ်ဦးရှိနေချိန် တပ်မတော်အရာရှိ တစ်ဦးပါဝင်သည့် အမျိုးသား ခုနစ်ဦးက ရောက်ရှိလာပြီး ၎င်းတို့ ကျောင်းအပြင်သို့ ဆွဲခေါ်ထုတ်သွားခဲ့ကြောင်း၊ ယင်းနောက် လမ်းခုလတ်အရောက်တွင် အမျိုးသားတစ်ဦးက ၎င်းကို ခုံးတံတားအောက်သို့ ဆွဲခေါ်ပြီး ခြိမ်းခြောက်ပြောဆို ရိုက်နှက်၍ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျောက်တန်းမြို့မ ရဲစခန်းတွင် လာရောက် အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် ၎င်းတို့လင်မယားနှစ်ဦးကို အငှားယာဉ်များဖြင့် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးအနီးရှိ နှစ်ထပ်နေအိမ်သို့ ခေါ်ဆောင်သွားပြီး ခင်ပွန်းဖြစ်သူကို နေအိမ်အောက်ထပ်တွင် ယင်းအဖွဲ့က ခြိမ်းခြောက်ပြောဆို ရိုက်နှက်စစ်ဆေး မေးမြန်းနေစဉ် အမည်မသိ အမျိုးသားတစ်ဦးက ၎င်းကိုအပေါ်ထပ်သို့ဆွဲခေါ်၍ သားမယားအဖြစ် အဓမ္မပြုကျင်ခဲ့သည်ဟု မေလ ၁၂ ရက်က လီဆယ်တိုင်ကြားခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါအမှုမှ တိုင်ကြားခံရသည့် တပ်မတော်အရာရှိတစ်ဦး အပါအဝင် ခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဆက်လက် စစ်ဆေးခဲ့ရာ ယင်းအမျိုးသမီးမှ အကြွေးငွေများ ပြန်မဆပ်နိုင်ပါက ၎င်း၏ ခင်ပွန်းဖြစ်သူမှာ ဒုက္ခရောက်မည် စိုးရိမ်သောကြောင့် လီဆယ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးက ဝန်ခံထွက်ဆိုခဲ့သဖြင့် သက်ဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမျိုးသမီးကို အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း ကျောက်တန်းမြို့မ ရဲစခန်းထံမှ သိရသည်။

လီဆယ်တိုင်ကြားခဲ့သည့် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ ငွေကျပ်သိန်း ၃၀၀ ကျော်ကို ပြန်မဆပ်ဘဲ ကားတစ်စီးဝယ်၍ ကျန်ငွေများဖြင့် ရွှေထည်ပစ္စည်းများကို ဝယ်ယူထားခဲ့ကြောင်း၊ ယင်းနောက် အကြွေး ပြန်မဆပ်ဘဲ တိမ်းရှောင်နေသဖြင့် အကြွေးရှင်က သက်ဆိုင်ရာ ရပ်ကွက်လူကြီးများဖြင့် သွားခေါ်၍ ၎င်းတို့လင်မယား နှစ်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လှိုင်သာယာမြို့နယ်ရှိ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ အကြွေးငွေအကုန် ပြန်မဆပ်နိုင်ပါက တစ်ဝက်သာပေးရန်ပြောဆိုရာ ယင်းအမျိုးသမီးက နေအိမ်မှ ပိုက်ဆံသွားယူမည်ဖြစ်ကြောင်း ပြောဆိုခွင့်တောင်းပြီး ပြန်သွားခဲ့ရာမှ ရဲတပ်ဖွဲ့ထံတွင် ၎င်းမှာ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရကြောင်း လီဆယ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

လီဆယ် တိုင်ကြားမှုကြောင့် တပ်မတော် အရာရှိတစ်ဦး အပါအဝင် ခုနစ်ဦးမှာ ကျောက်တန်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ / ၃၂၃/ ၃၄၂/ ၁၁၄ တို့ဖြင့် အမှုဖွင့်ခံခဲ့ရသော်လည်း မေလ ၁၄ ရက်နေ့တွင် အာမခံ ရရှိထားကြောင်း ကျောက်တန်းမြို့မ ရဲစခန်းထံမှ သိရသည်။

S-03



FOLLOW US