News

POST TAGGED AS

တပ်မတော်

19-Sep-2016

တပ်မတော်
ပြည်နယ်တောင်းပြီး စုစည်းတဲ့ မူအစား စုစည်းပြီးမှ ခွဲဝေအုပ်ချုပ်တဲ့မူက ပိုကောင်းမယ်လို့ ထင်ပါတယ်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံညီလာခံကို ၃၁-၈-၂၀၁၆ မှာ စတင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား ၁၃၅ မျိုးတို့ရဲ့ ပုံစံအမျိုမျိုးနဲ့ အငြင်းပွားနေတဲ့ အမြင်သဘောထား အယူအဆ များစွာကို ဝင်ရောက်တင်ပြ ဆွေးနွေးနိုင်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နယ်ပယ်ကြီးရဲ့ ဂိတ်တံခါးကို စတင် ဖြတ်ကျော်နိုင်ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားတဲ့ ညီလာခံက တိုင်းရင်းသား ညီအစ်ကိုများ အချင်းချင်း စိတ်ဝမ်းကွဲပြီး တစ်ဦးနှင့်တစ်ဦး ပုံစံအမျိုးမျိုးနှင့် တိုက်ခိုက်ဆန့်ကျင် သွေးကွဲနေတာတွေကို ပြန်လည်စည်းလုံးညီညွတ်မှု ရှိအောင် စေ့စပ်ဖြေရှင်းရန် ကြိုးစားတဲ့ပွဲလို့ ဆိုနိုင်ပေမယ့် တချို့တက်ရောက်လာသူတို့ရဲ့ ဆွေးနွေးတင်ပြချက်တွေက ပေါင်းစည်းမှုကို ဦးမတည်ဘဲ နယ်မြေတောင်း၊ ပြည်နယ်တောင်း၊ အမွေတောင်းသလို ဖြစ်နေတာ တွေ့ရပါတယ်။ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှုတွေကို ခံစားလာခဲ့ရတာမို့ နားလည်ခွင့်လွှတ်မိပေမယ့် စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပါ။ အနာဂတ်ကို ဘယ်လိုကောင်းအောင် စီမံသင့်သလဲ ဆိုတာထက် အတိတ်က ဒီလိုရှိခဲ့တာမို့ ဒီလိုမျိုးကိုပဲ ဖြစ်ချင်လိုချင်ပါတယ်ဆိုတဲ့ အတိတ်က ဖြစ်စဉ်ကြီးမှာပဲ တဝဲလည်လည် ဖြစ်နေကြတာကိုလည်း တွေ့မြင်နေရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိတဲ့ ရှမ်းနီလူမျိုးများကိုယ်စား ‘တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ’ က ၁၉၄၇ ခုနှစ်မှာ အလျင်စလို ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြောင့် ရှမ်းနီလူမျိုး အများစု နေထိုင်တဲ့ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ကသာ စတဲ့ ဒေသတွေဟာ ကချင်ပြည်နယ်အတွင်း ပါဝင်သွားပြီး ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက် စတဲ့ ဒေသတွေဟာလည်း တခြားပြည်နယ်နှင့် တိုင်းအတွင်း ကျရောက်သွားတာကြောင့် အဆိုပါ မြို့နယ်များ စုပေါင်းပြီး ရှမ်းနီပြည်နယ်ပေးဖို့ တောင်းဆိုခဲ့သလို ‘လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ’ ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခဲ့ပါတယ်။ အဆိုပါ တောင်းဆိုချက်တွေကို လောဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (LNUDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) တို့ကလည်း အဆိုပါ တောင်းဆိုမှုကို လက်မခံကြောင်း ကန့်ကွက်ခဲ့ပါတယ်။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကလည်း လက်ရှိ သတ်မှတ်ပေးထားတဲ့ ၆ မြို့နယ် အပါအဝင် ကျိုင်းတုံဒေသရှိ ၄ မြို့နယ်ကိုပါ ထည့်သွင်းပြီး ‘ဝ’ ပြည်နယ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့သလို ရှမ်းပြည်နယ်အတွင်းမှာ ရှိကြတဲ့ ပလောင် (တအာင်း)၊ ဓနု၊ ပအိုဝ်း၊ လားဟူ၊ အာခါ၊ ကိုးကန့်တို့ရဲ့ ပြည်နယ်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရင်လည်း အပြည့်အဝ ထောက်ခံသွားမယ့်အကြောင်း ညီလာခံမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာဒေသတိုင်းမှာ လူမျိုးပေါင်းစုံ ရောနှောနေထိုင်နေကြပြီ ဖြစ်လို့ အခုလို ပြည်နယ်သီးသန့်တောင်းပြီး စုစည်းတည်ထောင်တဲ့ စနစ်က အောင်မြင်လာစရာ အကြောင်းမရှိနိုင်ပါဘူး။ အဲဒီလိုဖြစ်ဖို့ ဆွေးနွေးနေလည်း အချိန်ကုန်ရုံသာရှိမှာ ဖြစ်ပြီး ငြိမ်းချမ်းရေးဆိုတာ ရေပေါ်မှာ အရုပ်ရေးသလိုပဲ အလှမ်းဝေးနေမှာပါ။ ‘ပြည်နယ်တောင်းပြီး စုစည်း’ မယ့်အစား ‘စုစည်းပြီးမှ ခွဲဝေအုပ်ချုပ်’ တာ မျိုးကသာ မျှော်လင့်ချက် ရှိနိုင်မှာပါ။

ညီလာခံ တက်ရောက်ရန် အရည်အချင်းပြည့်စုံဖို့ မလုံလောက်တဲ့ ကျွန်တော့်လို သာမန်စာနယ်ဇင်းသမားတစ်ဦး အနေနဲ့ မိမိအတွေး ရှိသလောက်တော့ ၆ လ တစ်ကြိမ် ကျင်းပနေဦးမယ့် နောက်ဆက်တွဲ ညီလာခံများဆီကို ‘စုစည်းပြီးမှ ခွဲဝေအုပ်ချုပ်’ တဲ့မူကို ကျွန်တော် တွေးမိသလောက်တော့ တင်ပြဆွေးနွေးလိုပါတယ်။

ဆွေးနွေးတင်ပြချက် (၁)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို အောက်ပါအတိုင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး စုစည်းလိုပါတယ်။

(က) ယခင်ပြည်နယ်များကို အမည်ပြောင်း၍ တိုင်းအဆင့် တိုးမြှင့်ပေးပါ။
- ကချင်ပြည်နယ်ကို မေခဧရာတိုင်း 
- ချင်းပြည်နယ်ကို သလ္လာဝတီတိုင်း 
- ရခိုင်ပြည်နယ်ကို ဓညဝတီတိုင်း 
- ကရင်ပြည်နယ်ကို ဟံသာဝတီတိုင်း
- မွန်ပြည်နယ်ကို ရာမညတိုင်း 
- ရှမ်းပြည်နယ်ကို မောရဝတီတိုင်း
- ကယားပြည်နယ်ကို လွိုင်ကော်တိုင်း

(ခ) အထက်ဖော်ပြပါ တိုင်းများနှင့် ယခင်က တိုင်း ၇ တိုင်းကို ပူးပေါင်းကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဖွဲ့စည်းလိုပါတယ်။

(၁) ရန်ကုန်တိုင်၊ (၂) ပဲခူးတိုင်း၊ (၃) ဧရာဝတီတိုင်း၊ (၄) တနင်္သာရီတိုင်း၊ (၅) မန္တလေးတိုင်း၊ (၆) စစ်ကိုင်းတိုင်း၊ (၇) မကွေးတိုင်း၊ (၈) မေခဧရာတိုင်း၊ (၉) သလ္လာဝတီတိုင်း၊ (၁၀) ဓညဝတီတိုင်း၊ (၁၁) ဟံသာဝတီတိုင်း၊ (၁၂) ရာမညတိုင်း၊ (၁၃) မောရဝတီတိုင်း၊ (၁၄) လွိုင်ကော်တိုင်း။

(ဂ) တိုင်းတစ်တိုင်းစီအတွင်း သင့်တော်ဆီလျော်သည့် ပြည်နယ်များကို မြို့အမည်များကိုသုံးပြီး ပြန်လည်ခွဲခြားသတ်မှတ်ရန် ဖြစ်ပါတယ်။

ဥပမာ- မေခဧရာတိုင်းတွင်
(၁) ပူတာအိုပြည်နယ် (ပူတာအို၊ နောင်မွန်း၊ မချမ်းဘော၊ ဆွန်ပရာဘွမ်တို့ ပါဝင်မည်)
(၂) ပန်ဝါပြည်နယ် (ခေါင်လန်ဖူး၊ ပန်ဝါ၊ ချီဖွေ၊ ဆဒုံး၊ အင်ဂျန်းယန်၊ ဆော့လော်တို့ ပါဝင်မည်)
(၃) မြစ်ကြီးနားပြည်နယ် (မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်၊ လိုင်ဇာတို့ ပါဝင်မည်)
(၄) ဖားကန့်ပြည်နယ် (ဖားကန့်၊ ကာမိုင်း၊ တနိုင်း၊ ချီဖွေယန်တို့ ပါမည်။)

မောရဝတီတိုင်းတွင်
(၁) လားရှိုးပြည်နယ် (လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း စသည်တို့ ပါဝင်မည်။)
(၂) တောင်ကြီးပြည်နယ် (တောင်ကြီး၊ ကလော၊ ကျိုင်းတုံ၊ တာချီလိတ်၊)
(၃) ပန်ဆိုင်းပြည်နယ် (ပန်ဆိုင်း၊ မုန်းပေါက်၊ မိုင်းလား၊ မိုင်းယောင်း စသည်တို့ ပါမည်။)
ထို့အတူ အခြားတိုင်းများတွင်လည်း နီးစပ်ရာ ဒေသများကို စုစည်းပြီး ပြည်နယ်များဖွဲ့မည်။

ဆွေးနွေးချက် (၂)

အုပ်ချုပ်ပုံ နည်းစနစ်

ပြည်နယ်တစ်ခုအတွင်း နေထိုင်သည့် မတူညီသည့် တိုင်းရင်းသားဦးရေး အချိုးအစားအလိုက် ကိုယ်စားပြုသည့် ပြည်နယ်ကောင်စီဝင်များကို အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ပြီး ပြည်နယ်အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့ရပါမယ်။ ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ လူဦးရေ အချိုးအစားအရ ပြည်နယ်ကောင်စီဝင် ဦးရေကို သတ်မှတ်ရမှာပါ။ လူဦးရေများသည့် တိုင်းရင်းသားက ပြည်နယ်အုပ်ချုပ်ရေး ကောင်စီဝင် အရေအတွက် ပိုမိုရရှိမည်ဖြစ်ပြီး ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူလူထုဆန္ဒနှင့်အညီ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် ရရှိရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာ ပြည်နယ်အုပ်ချုပ်ရေး ကောင်စီများ စုပေါင်းပြီး တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့အား တာဝန်ခံရမှာ ဖြစ်ပါတယ်။

တပ်မတော် ဖွဲ့စည်းရေး

တိုင်းရင်းသားမျိုးစုံ စုစည်းပါဝင်သည့် ပြည်နယ်အလိုက် ဖွဲ့စည်းထားသော ‘ပြည်နယ်တပ်မတော်များ’ ကို စုစည်းရပါမယ်။ ထိုမှတစ်ဆင့် ‘တိုင်းတပ်မတော်များ’ ကို ဖွဲ့စည်းတည်ဆောက်ပါမယ်။ အဆိုပါ တိုင်းအဆင့် တပ်မတော်များက ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တပ်မတော်ကို တာဝန်ခံရမှာ ဖြစ်ပါတယ်။ အဓိကက ‘မြန်မာ့တပ်မတော် တပ်ပေါင်းစု’ အဖြစ် စုပေါင်းဖွဲ့စည်းပြီး နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းကို အဓိက ဆောင်ရွက်စေလိုပါတယ်။

ဆွေးနွေးချက် (၃)

တိုင်းရင်းသား ၁၃၅ မျိုးအား ‘မြန်မာ’ ဆိုသည့် လူမျိုးတစ်ခုတည်းတွင် ပေါင်းစည်းလိုပါတယ်။

မြန်မာဆိုသော အမည်ကို ‘ဗမာ’ အပါအဝင် တိုင်းရင်းသား အားလုံးက ပိုင်ဆိုင်ရပါမယ်။ မြန်မာနိုင်ငံတွင် မြန်မာဆိုသည့် လူမျိုးတစ်မျိုးတည်းသာ ရှိသည်ဟု သတ်မှတ်ပြီး ဗမာနှင့် ကျန်တိုင်းရင်းသား အားလုံး၏ လူမျိုးအမည်များကို မိသားစုအတွင်း ခေါ်ဝေါ်သည့် အမည်များအဖြစ် သတ်မှတ်ချင်ပါတယ်။ ကျွန်တော်တို့အားလုံး မနောကလျှင် အတူကပါမယ်။ ဒုံးယိမ်းကလျှင် အတူကပါမယ်။ ဦးရွှေရိုးကလျှင် အတူကပါမယ်။ ရှမ်းအိုးစည် အတူတီး၍ အားလုံး အတူကပါမယ်။ ဘုရားကျောင်းဆောက်လျှင် အတူဆောက်ပြီး ဘုန်းကြီးကျောင်း ဆောက်လျှင်လည်း အတူဆောက်ပါမယ်။ တောင်ယာပဲစိုက်စိုက်၊ ငါးပဲဖမ်းဖမ်း၊ အမဲပဲလိုက်လိုက် အတူဖမ်းပြီး  လမ်းပဲဆောက်ဆောက်၊ တံတားပဲဆောက်ဆောက်၊ စာသင်ကျောင်းပဲဆောက်ဆောက် နေရာအနှံ့ ညီညီမျှမျှ အေးအတူ ပူအမျှ အတူတူဆောက်ချင်ပါတယ်။ မည်သည့်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်း စဉ်လာကိုမဆို မြန်မာရိုးရာ ထုံးတမ်းစဉ်လာများအဖြစ် သတ်မှတ်ချင်ပါတယ်။

အထက်ပါ ဆွေးနွေးချက်တွေက အခြေခံသင့်တဲ့ အချက်တွေအဖြစ် ဆွေးနွေးတင်ပြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုကတော့ ငြိမ်းချမ်းရေး ညီလာခံကို အလျင်အမြန် ဆွေးနွေးပြီး သဘောတူညီချက်တွေ ရရှိစေလိုပါတယ်။ နှစ်ပေါင်းများစွာအတွင်း စီးပွားရေးချွတ်ခြုံကျမှုတွေကြောင့် တစ်နေ့တခြား ဆင်းရဲတွင်း နက်လာနေတဲ့ အခြေအနေမှာ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့အတွက် မရှိရင်မဖြစ်တဲ့ အိပ်မက်တစ်ခုပါ။ တစ်ရက်နောက်ကျရင် ကျွန်တော်တို့ တစ်ရက် ဒုက္ခရောက်ပါတယ်။ ယနေ့ ကချင်ပြည်နယ် အခြေအနေကို လေ့လာကြည့်ပါ။ ကျောက်စိမ်းစီးပွားရေးကို အခြေခံတဲ့ ကချင်ပြည်နယ်အတွင်းမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ၊ ရောင်းဝယ်ဖောက်ကားရေး လုပ်ငန်းတွေ ရပ်တန့်နေပြီ ဖြစ်ပါတယ်။ လုပ်ငန်းတွေ ရပ်တန့်နေတာကြောင့် ကျောက်စိမ်းလုပ်ငန်းတွေကို မှီခိုနေကြတဲ့ လုပ်ငန်းရှင်တွေ၊ အလုပ်သမား ထောင်ပေါင်းများစွာတွေ၊ လောင်စာဆီ၊ စားနပ်ရိက္ခာ တင်ပို့ရောင်းချတဲ့ လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို မှီခိုနေရသူတွေ၊ သူတို့ကို မှီခိုနေတဲ့ မိသားစုတွေ အားလုံးဟာ စီးပွားရေးကပ်ဆိုး အတွင်းကို ကျရောက်နေပြီ  ဖြစ်ပါတယ်။ အခုနောက်ဆုံး အခြေအနေအရ တစ်နိုင်တစ်ပိုင် ရွှေကျင်ရင်း၊ ပယင်းတူးရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရတဲ့ ဒေသခံ အများစုဟာ ‘တနိုင်း’ ဒေသတွေမှာ တိုက်ပွဲတွေကြောင့် လုပ်ငန်းတွေကို စွန့်ခွာပြီး ထွက်ပြေးနေခဲ့ရပြီ ဖြစ်ပါတယ်။ လူငယ်လူရွယ် အများစုဟာလည်း ငွေရလွယ်တဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လာပြီး မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်တွေအဖြစ် တစ်နေ့တခြား တဖြုတ်ဖြုတ် ကြွေလွင့်နေရတဲ့ ဘဝမျိုးတွေကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ လုပ်ငန်းတစ်ခု အဆင်မပြေရင် နောက်ထပ် လုပ်ငန်းတွေလုပ်နိုင်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ခိုင်မာတဲ့ စက်မှုလုပ်ငန်းတွေ စက်ရုံအလုပ်ရုံတွေ၊ သတ္တုတူးဖော်ရေး လုပ်ငန်းကြီးတွေ ပြည်နယ်အတွင်း ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြား ဝင်ရောက်လာနိုင်မှ ပြည်သူအများစု အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာပြီး ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ရရှိဖို့ ငြိမ်းချမ်းရေးဆိုတာ မဖြစ်မနေ လိုအပ်တာမို့ ၆ လတစ်ကြိမ် ကျင်းပနေမယ်၊ ညီလာခံက အချိန်ကာလ ကြာမြင့်သွားမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထုကတော့ ဆေးကုလို့ မမီတော့တဲ့ ကင်ဆာပေါင်းစုံ ရောဂါဝေဒနာရှင်တွေအဖြစ် ဆက်လက်ရှင်သန်သွားကြရတော့မှာ အသေအချာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အနေနဲ့လည်း မိမိသြဇာအာဏာက လက်နက်နဲ့ မဟုတ်ဘဲ အများအကျိုးစီးပွားကို ဦးစားပေ ဆောက်ရွက်ပြီးတော့ အများရဲ့ ချစ်ခင်လေးစားမှုနဲ့ တည်ဆောက်သွားစေချင်ပါတယ်။ အများပြည်သူ မဲပေးရွေးချယ်တဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရား အတွင်းမှာ ဝင်ရောက်ပြီး နိုင်ငံနဲ့လူမျိုးတွေကို လမ်းညွှန် ကူညီဆောင်ရွက်စေချင်ပါတယ်။

အဲဒါကြောင့် မင်းက ဗမာ၊ ငါက ကချင်၊ သူက ရှမ်းဆိုတဲ့ အမြင်ကို မထားကြတော့ဘဲ အတ္တစွဲတွေကို ဖျောက်ပြီး မင်းလည်း မြန်မာ ငါလည်း မြန်မာ၊ သူလည်း မြန်မာဆိုတဲ့ ပေါင်းစည်းမှုကို ပြုလုပ်စေချင်ပါတယ်။ လူမျိုးခြားဆိုတဲ့ အသိကို ဖျောက်ပြီး မင်းက ဒါယူ၊ မင်းက ဒါလုပ်၊ မင်းက ဒါကိုပေး ဆိုတဲ့ အပေးအယူမျှတဲ့ ညီအစ်ကို စိတ်ဓာတ်နဲ့လက်တွဲမှု၊ စည်းလုံးမှု၊ ညီညွှတ်မှုတွေရယူပြီး ပြည်သူလူထုကို ဝိုင်းဝန်းစောင့်ရှောက်နိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းဆွေးနွေးလိုက်ပါတယ်။

မိုးကောင်းသား (၉-၉-၂၀၁၆)



FOLLOW US