News

POST TAGGED AS

တပ်မတော်

တပ်မတော်လေယာဉ်တစ်စင်း ပျက်ကျ၊ လေသူရဲဗိုလ်မှူး သေဆုံး


တောင်ငူ၊ ဧပြီ ၃

တောင်ငူ လေတပ်စခန်းဌာနချုပ်ပိုင် ကြားဖြတ်တိုက်ခိုက်ရေး F-7 တိုက်လေယာဉ်တစ်စင်းသည် ဧပြီ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က လေ့ကျင့်ပျံသန်းနေစဉ် တောင်ငူမြို့နယ် ကျွန်းကုန်း ကျေးရွာအုပ်စု ချင်းကုန်းကျေးရွာအနီး လယ်ကွက်အတွင်းသို့ ပျက်ကျရာမှ တိုက်လေယာဉ်မှူး ဗိုလ်မှူးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်လေယာဉ်သည် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ တောင်ငူလေတပ် စခန်းဌာနချုပ်သို့ ယာယီတာဝန်ဖြင့် ရောက်ရှိနေသည့် DSA အမှတ်စဉ် (၄၆)မှ ဗိုလ်မှူး အာကာဝင်း (၃၃ နှစ်) တစ်ဦးတည်း ပျံသန်းမောင်းနှင်စဉ် စခန်းမှတက်ပြီး မိနစ်အနည်းငယ်အကြာတွင် ပျက်ကျခဲ့ရာ ဗိုလ်မှူးမှာလေထီးဖြင့် ခုန်ချလွတ်မြောက်ခဲ့သော်လည်း ရရှိထားသောဒဏ်ရာများဖြင့် နံနက် ၁၁ နာရီခွဲခန့်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစစ်ဌာနချုပ်ထံမှ သိရသည်။

“လေယာဉ်က သုံးပိုင်းပိုင်းပြီး ကျလာတာ”ဟု လေတပ်စခန်းဌာနချုပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ပျက်ကျသည့်လေယာဉ်နှင့် ပတ်သက်၍ The Voice က တောင်ငူလေတပ်စခန်းဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

“ဝုန်းခနဲ အသံကြီးကြားရတော့ ကျွန်တော် ခြံထဲကနေထွက်ကြည့်တော့ လယ်ကွက်ထဲကို လေထီးနဲ့ လူတစ်ယောက် ခုန်ချလာတာတွေ့ရပြီး လေယာဉ်အပိုင်းအစ တစ်ခုလည်း အတူတူကျလာတယ်။ လယ်ကွက်ထဲ ကျွန်တော်ပြေးသွားတော့ လေထီးနဲ့ လူတစ်ယောက် လုံးထွေးနေတာ တွေ့ရပေမယ့် ချက်ချင်းမထုတ်ရဲဘူး။ မိနစ်ပိုင်းလောက်မှာ တခြားလူတွေရောက်လာတော့မှ လေထီးကိုခွဲပြီး ဆွဲထုတ်ပြီး မဆရ ၃ ကို ပို့ခဲ့တယ်။ လူကတော့ သတိလစ်နေဆဲပါ”ဟု မျက်မြင်တွေ့ရှိခဲ့သူ ချင်းကုန်းရွာသား ဦးမျိုးက ပြောကြားသည်။

လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်း တစ်ဦးတည်း တောင်ငူလေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းမှ ပျံတက်လေ့ကျင့်စဉ် ပျက်ကျသေဆုံးခဲ့ပြီး ကျွန်းကုန်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်မည်ဖြစ်ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းထွန်းက ပြောကြားသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမြန်လမ်းအနောက်ဘက် ဥသျှစ်ကုန်း ကျေးရွာအနီးရှိ လျှိုမြောင်တစ်ခုအတွင်းသို့ တပ်မတော်ပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျရာမှ လေယာဉ်မှူး ဗိုလ်မှူးရန်နိုင်ထွန်း အပါအဝင် ဗိုလ်ကြီးတစ်ဦးနှင့် အုပ်ခွဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည်။ 

R-15




FOLLOW US