News

POST TAGGED AS

တပ်မတော်

11-Mar-2018

တပ်မတော်
ဖာပွန်ခရိုင်အတွင်း တပ်မတော် လမ်းဖောက်၍ စစ်ရေးတင်းမာနေမှု KNU က JMC ထံ ကန့်ကွက်စာပို့
ရန်ကုန်၊ မတ် ၁၁

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန်ခရိုင်အတွင်း တပ်မတော်က လမ်းဖောက်၍ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ရေးတင်းမာနေမှုကို ဖြေရှင်းပေးရန် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ထံသို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း KNU ထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါ ဖာပွန်ခရိုင်အတွင်းရှိ ခေးပူ-လယ်မူပလော ကားလမ်းဟောင်းကို ဖောက်လုပ်ရန် တပ်မတော်တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမှုတွင် နယ်မြေခံ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး ကားလမ်းအနီးအနားရှိ ကျေးရွာ ၈ ရွာမှ ဒေသခံ နှစ်ထောင်နီးပါးကလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ တပ်မတော်၏ လမ်းဖောက်လုပ်မှုသည် စစ်ရေးအရ ဖြည့်တင်းလုပ်ဆောင်သည့်သဘော သက်ရောက်နေသည့်အတွက် ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် KNU က JMC သို့ တိုင်ကြားထားသည့် တိုင်စာတွင် ဖော်ပြထားသည်။

KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကမူ တပ်မတော်နှင့် KNU တို့၏ အဆိုပါ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများသည် လတ်တလော နားလည်မှု လွဲခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တင်းမာမှု မရှိတော့ကြောင်း ပြောကြားသည်။

အဆိုပါ လမ်းဖောက်မှုသည် တပ်မတော်က ၎င်း၏ တပ်စခန်းများကို ပုံမှန် ရိက္ခာပို့ရန် လမ်းဖောက်ခြင်းဖြစ်ပြီး နယ်ခံ KNU တပ်များကလည်း နားလည်မှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယခုအဆိုပါ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ကန့်ကွက်စာကို JMC ၌တင်ထားပြီး ပြန်လည်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒါကို ကန့်ကွက်စာ ပို့ထားတာပေါ့။ ဒီကန့်ကွက်စာနဲ့ပတ်သက်ပြီးတော့ နှစ်ဖက်ညှိနှိုင်းဖို့ လိုအပ်တာပေါ့။ ဒါကို ဖြေရှင်းတော့ ဖြေရှင်းရမှာပါ။ စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။ နားလည်မှုလွဲလို့ ဖြစ်တာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖာပွန်ခရိုင်အတွင်း တပ်မတော် တပ်စခန်းများ၊ ခြေလျင်တပ်စခန်းများသည် ယခင်ငြိမ်းချမ်းရေး မရခင်က ရှိပြီးသား တပ်စခန်းများဖြစ်ပြီး ယင်းတပ်စခန်းများသို့ ရိက္ခာပို့ရသည့်လုပ်ငန်းမှာ ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်ကြောင်း ယင်းဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အရာရှိတစ်ဦးက ဆိုသည်။

“သူတို့အနေနဲ့တော့ တပ်တွေ ဖြတ်သန်းသွားတာကို စိုးရိမ်နေလားတော့ မပြောတတ်ဘူးပေါ့။ ဒါပေမဲ့ ဒါက အရင်ကတည်းကရှိတယ်။ KNU နဲ့ ငြိမ်းချမ်းရေး မရခင်ကတည်းက ရှိတာ”ဟု ၎င်းကဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ထိန်းချုပ်နယ်မြေလည်း ကျယ်ပြန့်စွာ ရှိနေသည်။

J-08



FOLLOW US