News

POST TAGGED AS

တပ်မတော်

အသွင်ကူးပြောင်းရေးကာလနှင့် ရေခဲတုံးအောက်က အာဏာများ
ရေပေါ်မှာမြင်နေရသော ၂၅ ရာခိုင်နှုန်း

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ စစ်ဘက် - အရပ်ဘက်က အာဏာခွဲဝေရေးကိုပြောတဲ့အခါ တပ်မတော်ဘက်ကနေ လွှတ်တော်ထဲ အမတ်နေရာ ၂၅ ရာခိုင်နှုန်းယူထားတာနဲ့ အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာ ၃ ခုယူထားတာကိုသာ လူတွေက ပြေးမြင်လေ့ရှိပါတယ်။ တကယ်က အဲဒီလိုလူအများမြင်သာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲကအတိုင်း ပြင်ပနေရာယူမှုထက် လူတွေရဲ့အတွင်းစိတ်ထဲ နှစ်ပေါင်း ၆၀ နီးပါး တပ်မတော် (စစ်အုပ်ချုပ်ရေးစတိုင်) က စွဲကပ်နေရာယူထားခြင်းက ပိုအရေးကြီးတယ်လို့ စာရေးသူက ထင်ပါတယ်။

ဆိုလိုတာက ၁၉၄၈ မှာ လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအုပ်ချုပ်ရေးကို ၁၀ နှစ်လောက်ပဲ ကျင့်သုံးခဲ့ဖူးပြီး ၁၉၆၂ ကနေ ဒီနေ့အထိ နှစ်ပေါင်း ၅၀ ကျော်လုံးလုံး စစ်အုပ်ချုပ်ရေး၊ စစ်တစ်ပိုင်းအုပ်ချုပ်ရေးတွေ နဲ့သာ ရင်းနှီးလာခဲ့ရပါတယ်။ ဒါကြောင့် စစ်အုပ်ချုပ်ရေးစတိုင်၊ စစ်အုပ်ချုပ်ရေးအတွေးအခေါ်တွေက မြန်မာလူထုကြား အမြစ်တွယ်စွဲကပ်နေပြီး ဒါတွေကို အရပ်သားအစိုးရသက်တမ်း ၅ နှစ်အတွင်း ချေဖျက်ပစ်ဖို့မလွယ်သေးပါ။

တပ်မတော်နဲ့ စစ်အုပ်ချုပ်ရေးစတိုင်ဆိုတာ အစိုးရတပ်မတော်တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါ။ လက်နက်ကိုင်ထားတဲ့အဖွဲ့တွေ အားလုံးကို ဆိုလိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်ရင် လည်း လက်နက်ကိုင်အပေါ်မူတည်ပြီး အဲဒီအဖွဲ့ရဲ့ ဩဇာအရှိန်အဝါကို သတ်မှတ်လေ့ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီလက်နက်ကိုင်အဖွဲ့တွေတွင်းမှာတောင် ရွေးကောက်ခံပါတီဥက္ကဋ္ဌထက် တပ်ကိုကိုင်ထားတဲ့ တပ်မှူးတွေက ပိုဩဇာရှိနေတတ်ပါတယ်။ 

ဒါဟာ မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုတစ်ခုဖြစ်နေပြီလား။ လက်နက်ကိုင်အင်အားရှိမှ နိုင်ငံရေးဩဇာရှိမှာလား။ ငြိမ်းချမ်းရေးဆွေးနွေးချင်ရင် လက်နက်ကိုင်အင်အားများများ စုထားဖို့လိုနေပြီလား။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းတဲ့အခါ ဒီလိုစဉ်းစားပုံတွေနဲ့ အလုပ်ဖြစ်ပါ့မလား။ 

သမ္မတနဲ့ တပ်ချုပ်/ဝန်ကြီးချုပ်နဲ့ နယ်-လုံ

၂၀၀၈ ဖွဲ့စည်းပုံအရ ဗဟိုအစိုးရမှာ သမ္မတက အာဏာအမြင့်ဆုံး ဖြစ်သလို ပြည်နယ်-တိုင်း အစိုးရတွေမှာလည်း ဝန်ကြီးချုပ်က အာဏာအမြင့်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ နေ့စဉ် အုပ်ချုပ်မှုယန္တရား တကယ်လည်ပတ်နေပုံကိုကြည့်ရင် စာအုပ်ထဲကအတိုင်း ဟုတ်မဟုတ်ဆိုတာ လူတိုင်းသိနိုင်ပါတယ်။

သမ္မတဦးထင်ကျော် အစိုးရအောက်မှာ ဝန်ကြီးဌာန ၂၁ ခုရှိပြီး ကာကွယ်ရေးဦးစီးချုပ်အောက်မှာ ၃ ခုသာ (အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာကို တပ်မတော်က ယူထားပြီး နိုင်ငံခြားရေးတစ်ခုကိုပဲ အရပ်သားအစိုးရအားပေးထား) ရှိပါတယ်။ အလားတူ ပြည်နယ်-တိုင်းဒေသကြီး အသီးသီးမှာလည်း ဝန်ကြီးချုပ်အပါအဝင် ရှိသမျှဝန်ကြီးဌာနအားလုံးကို အရပ်သားဝန်ကြီးတွေက ယူထားပြီး နယ်-လုံတစ်ခုကိုသာ တပ်မတော်ဘက်က ယူထားပါတယ်။

ဒါကြောင့် လက်ရှိအုပ်ချုပ်ရေးပုံစံကို အရပ်သားကြီးစိုးတဲ့ အုပ်ချုပ်ရေးလို့ ယေဘုယျဆိုနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ တပ်မတော်က ကိုင်ထားတဲ့ ဝန်ကြီးဌာန ၃ ခုက အရပ်ဘက်ဝန်ကြီးဌာန ၂၁ ခုထက် ပိုဩဇာရှိနေပါတယ်။ ပြည်နယ်-တိုင်းဒေသကြီးတွေမှာလည်း ရဲ၊ ထွေ-အုပ်တွေကို ကိုင်ထားတဲ့ နယ်-လုံ က ကျန်ဝန်ကြီးတွေအားလုံးထက် ပိုဩဇာကြီးနေပါတယ်။ နယ်ခရီးစဉ်တွေအတွင်း မြင်မိသလောက်ကတော့ ဝန်ကြီးချုပ်နဲ့ နယ်-လုံဝန်ကြီးတွေလောက်မှာပဲ လက်နက်ကိုင်လုံခြုံရေးအစောင့်ပါပြီး ကျန်ပင်နီဝတ်ဝန်ကြီးတွေမှာ ဘာလုံခြုံရေးမှ မတွေ့မိပါ။ ပင်နီဝတ် သာမန်အမတ်တွေဆို ပိုဝေးပေါ့။ 

နောက်တစ်ချက်က အုပ်ချုပ်ရေးအတွေ့အကြုံ။ ပြည်နယ်-တိုင်း ဝန်ကြီးအများစုက ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ ကျူရှင်ဆရာတွေ၊ သာမန်အရပ်သားတွေကနေ လာတာဆိုတော့ အုပ်ချုပ်ရေးအတွေ့အကြုံ ဘာမှမရှိပါ။ နယ်-လုံဝန်ကြီးကတော့ ဗိုလ်မှူးကြီးဆိုရင် တပ်ရင်းမှူး၊ ဗိုလ်မှူးဆိုရင် တပ်ခွဲမှူးလောက်ဖြစ်ခဲ့ဖူးတာမို့ တစ်စုံတစ်ရာ လက်တွေ့ တပ်အုပ်ချုပ်ရေးရှိခဲ့ဖူးတဲ့အပြင် စစ်တက္ကသိုလ်မှာလည်း အုပ်ချုပ်ရေးပညာကို တစ်စုံတစ်ရာ သင်လာခဲ့ဖူးသူဖြစ်နေပါတယ်။

ဒီလိုနောက်ခံအချက်အလက်တွေကြောင့် မြန်မာနိုင်ငံမှာ အစိုးရနှစ်ရပ်ရှိနေတယ်ဆိုပြီး နိုင်ငံတကာမီဒီယာတွေက ညွန်းဆိုလေ့ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအစိုးရခေါင်းဆောင်တွေ မြန်မာနိုင်ငံဆီလာရင်လည်း သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် တပ်ချုပ်ကိုပါ မပျက်မကွက်အလေးထား တွေ့ဆုံနေတာ တွေ့ရမှာဖြစ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေဘက်မှာလည်း လက်နက်အင်အားကို ဦးစားပေး

ဒါက နေပြည်တော် အုပ်ချုပ်ရေးအောက်က အာဏာလည်ပတ်ပုံ အခင်းအကျင်းပါ။ နေပြည်တော်ရဲ့ အပြင်ဘက်ရှိ လက်နက်ကိုင်တပ်တွေရဲ့ နယ်တွေကို လှမ်းကြည့်ဦးမလား။ လက်နက်ကိုင်အင်အား ၃ သောင်းကျော် ရှိတယ်ဆိုတဲ့ “ဝ” UWSA နယ်ကိုပဲ အရင်ဆုံး ဥပမာပေးရပါလိမ့်မယ်။ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်က သူတို့ထိန်းချုပ်ထားတဲ့နယ်မြေမှာ အစိုးရတပ်နဲ့ အစိုးရဝန်ထမ်းတွေအားလုံး “ဝ” အစိုးရခွင့်ပြုချက်မရဘဲ ဘာမှလုပ်ခွင့်မရှိပါ။ ဒါဟာ “ဝ”အဖွဲ့မှာ လက်နက်ကိုင်အင်အား ၃ သောင်း ကျော်ရှိနေလို့၊ တစ်နည်း အားဖြင့် တခြားသူပုန်အဖွဲ့တွေထက် “ဝ” အဖွဲ့ က လက်နက်ကိုင်ပိုများနေလို့ အစိုးရဘက်က လိုက်လျောနေရခြင်း ဖြစ်ပါတယ်။

“ဝ” နယ်ကို နည်းနည်းကျော်ပြီး ကြည့်လိုက်မယ်ဆိုရင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဆိုတာကို တွေ့နိုင်ပါတယ်။ ဒီအဖွဲ့ရဲ့ စစ်အင်အား ဘယ်လောက်ရှိသလဲဆိုတာကိုတော့ ၂၀၁၆ နှောင်းပိုင်းကဖြစ်ပွားခဲ့တဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းပေါ်က တိုက်ပွဲတွေကိုကြည့်ရင် သိနိုင်ပါတယ်။ ဒီအဖွဲ့ထဲမှာ KIA (ကချင်လွတ်လပ်ရေးတပ်မတော်)၊ TNLA (တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ MNDAA (ကိုးကန့်တပ်မတော်)၊ AA (ရခိုင့်တပ်မတော်) တို့ ပါဝင်ပါတယ်။ ဒါက အဲဒီကာလတိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့တပ်တွေကို ပြောတာပါ။ အခုနောက်ပိုင်းမှာတော့ “ဝ” UWSA မိုင်းလား၊ SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ) တို့ပါ ပါဝင်လာတဲ့အတွက် အင်အားအတောင့်တင်းဆုံး အဓိကသူပုန်မဟာမိတ်အဖွဲ့ ဖြစ်လာနေပါတယ်။ 

ဆိုလိုတာက လက်နက်ကိုင်အင်အားတောင့်မှ၊ မိမိအင်အားနဲ့ နယ်မြေကို တိုးချဲ့နိုင်မှ တစ်ဖက်ရန်သူက အလေးထားပြီး နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီလိုအင်အားတွေ တိုးချဲ့၊ နယ်မြေတွေတိုးချဲ့၊ မဟာမိတ်တွေဖွဲ့ပြီး လုပ်လာနေကြတာဖြစ်ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေး နှစ် ၇၀ ကာလ လက်နက်ကိုင်အင်အားပေါ် အခြေခံတဲ့ ဆွေးနွေးပွဲတွေရဲ့ အစွန်းထွက်ပြဿနာတွေပါပဲ။

အဲဒီတပ်တွေ ဒီလို အင်အားချဲ့နေတာ၊ နယ်မြေချဲ့နေတာ၊ မဟာမိတ်ဖွဲ့နေတာကို အပြစ်ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆို လက်နက်ကိုင် အင်အားနည်းတဲ့ သူပုန်အဖွဲ့ငယ်တွေကို အစိုးရတပ်ဘက်က နေရာမပေးတဲ့အပြင် နည်းမျိုးစုံနဲ့ ချေမှုန်းပြနေတာ အားလုံးအမြင်ပဲမဟုတ်ပါလား။ ဒီတော့ တိုင်းရင်းသားတိုင်းက လက်နက်ကိုင်တပ်ထူထောင်ပြီး မဟာမိတ်အမြန်ဖွဲ့ရမလို ဖြစ်လာနေပါတယ်။ “လက်နက်ကိုင်တပ်ရှိနေလို့ ငါတို့လူမျိုးတွေ ဒီလောက်ခံနေနိုင်တယ်။ လက်နက်ကိုင်တပ်သာမရှိရင် အမျိုးပါပျောက်သွားမလားမသိဘူး”ဆိုတဲ့ တိုင်းရင်းသားအရေး သုတေသနလုပ်နေသူ တစ်ဦးရဲ့မှတ်ချက်ကလည်း စဉ်းစားစရာပါပဲ။

လက်နက်နိုင်ငံတော်ခေတ်မှ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ 

ဒီလိုလက်နက်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ အတွေးအခေါ်ပေါ်အခြေခံပြီး နှစ် ၇၀ ကျော် ဖြတ်သန်းလာတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ၂၁ ရာစုဟာ လက်နက်နိုင်ငံတော်ခေတ် မဟုတ်တော့ဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီခေတ်ရောက်နေပြီ၊ ကျည်ဆန်ရှိဖို့ထက် ပိုက်ဆံရှိဖို့က ပိုအရေးကြီးတယ်၊ တင့်ကားရှိဖို့ထက် ဘတ်စ်ကားရှိဖို့က ပိုအရေးကြီးတယ်ဆိုပြီး ပြောင်းရတာ သိပ်တော့မလွယ်လှပါ။

တစ်လောကတော့ စစ်သုံးစရိတ်ဘတ်ဂျက်လျှော့ချပြီး ပညာရေးဘတ်ဂျက်တိုးပေးဖို့ ကျောင်းသားတွေဆန္ဒပြတဲ့သတင်း ကြားလိုက်ရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိအားတွေကြားပိတ်မိနေတဲ့ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ မပြောရဲဘဲဖြစ်နေတာကို ကျောင်းသားတွေက ထပြောပေးတဲ့အတွက် ကျေးဇူးတင်သင့်ပါတယ်။ ကျောင်းသားတွေရဲ့ တင်ပြချက် ချက်ချင်းဖြစ်လာဖို့မလွယ်သေးပေမယ့် လက်နက်နိုင်ငံတော်ခေတ်ကို ဒီနေ့လူငယ်တွေက လက်မခံတော့ဘူးဆိုတာကိုတော့ နိုင်ငံရေးသမားတွေ သတိထားမိလာစေပါတယ်။

ဒါပေမဲ့ မူလအခြေအနေ (စစ်အုပ်ချုပ်ရေးနဲ့ စစ်တပ်လွှမ်းမိုးတဲ့အုပ်ချုပ်မှုစနစ်) ကို လိုလားသူတွေကတော့ မြောက်ပိုင်းမှာ တိုက်ပွဲတွေရှိနေဆဲဖြစ်တာမို့ စစ်အသုံးစရိတ်လျှော့ချဖို့ မဖြစ်နိုင်သေးဘူး။ တစ်ခါ ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ် ရခိုင်မြောက်ပိုင်းမှာဖြစ်နေတဲ့ (နိုင်ငံတကာအခေါ် ရိုဟင်ဂျာ) ဘင်္ဂါလီပြဿနာမျိုးမှာဆိုရင် တပ်မတော်ကသာ အချိန်မီဝင်မထိန်းရင် အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာ သာသနာကိုပါ ထိခိုက်နိုင်တာမို့ စစ်အသုံးစရိတ် ပိုတောင်းရေးနဲ့ စစ်တပ်ကြီးစိုးရေးဟာ လိုအပ်နေဆဲလို့ ထောက်ပြကြပါတယ်။

လတ်တလောအနေအထားအရ ဒါကို ငြင်းဖို့ခက်ပေမယ့် ဒါဟာ လုံလောက်တဲ့ဆင်ခြေမျိုးတော့ မဟုတ်ပါ။ ဒီကိစ္စကို ထောက်ပြပြီး၊ ဒါမှမဟုတ် ဒီလိုကိစ္စတွေရှိနေအောင် တမင်ဖန်တီးထားပြီး စစ်အသုံးစရိတ်နဲ့ စစ်တပ်လွှမ်းမိုးရေးကို ဆွဲဆန့်ထားမသင့်ပါ။ ဒီကိစ္စ ၂ ခု အမြန်ဆုံးပြေလည်အောင် အင်အားစုအားလုံး ဝိုင်းဝန်းအဖြေရှာသင့်ပါတယ်။ ပြည်တွင်းစစ်မရှိတော့ဘူးဆိုရင် တပ်မတော်ကလည်း စစ်တန်းလျားဆီပြန်မယ်လို့ ကတိပေးထားတဲ့အတွက် ဒီကိစ္စပြေလည်ရေးကို အချိန်ဇယားနဲ့ ဆောင်ရွက်သင့်ပါတယ်။

တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အကြိတ်အနယ်ငြင်းခုံနေကြတဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ဘယ်လိုလက်နက်ဖြုတ်သိမ်းလဲ၊ စကားလုံးလှအောင်ပြောရမယ်ဆိုရင် “လုံခြုံရေးဆိုင်ရာ ပူးပေါင်းရေးကိစ္စ” DDR (Disarmament, Demobilization, Reintegration) ကို ဆွေးနွေးဖို့လိုသလို တိုင်းရင်းသားတပ်တွေ လက်နက်ဖြုတ်သိမ်းပြီးရင် တပ်မတော်ကလည်း နိုင်ငံရေးကစွန့်ခွာပြီး စစ်တန်းလျားဆီ ဘယ်လိုပြန်မယ်ဆိုတာကို အချိန်ဇယားနဲ့ ဆွေးနွေးဖို့လိုနေပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲကျင်းပတော့ မြန်မာ့တပ်မတော်ဟာ အင်ဒိုနီးရှားတပ်မတော်လိုပဲ ပထမပိုင်းမှာ ပါလီမန်အတွင်း အမတ်နေရာ ၂၅ ရာခိုင်နှုန်းယူပြီး အစိုးရသက်တမ်း ၅ နှစ်တစ်ခါ တဖြည်းဖြည်းချင်း လျှော့ချသွားလိမ့်မယ်လို့ အကဲခတ်တွေက နားလည်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခု ဒုတိယသက်တမ်းကုန်ခါနီးတဲ့အထိ ၂၅ ရာခိုင်နှုန်းကနေ လျှော့ချမှုမရှိတဲ့အပြင် စစ်သုံးစရိတ်တောင် ထပ်ဆောင်းပေးဖို့ တောင်းဆိုလာနေပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်ဟာ အင်ဒိုနီးရှားတပ်မတော်စတိုင် နိုင်ငံရေးခွာစစ်ပုံစံကနေ ထိုင်းတပ်မတော်စတိုင် နိုင်ငံရေးမှာ ဩဇာရှိရေးဘက်ဆီ ရွေ့လျားစပြုလာနေပြီလို့ ဝေဖန်သူတွေက ထောက်ပြလာနေပါတယ်။

ဒါဟာ ကောင်းတဲ့အလားအလာမဟုတ်ပါ။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကိုအသွင်ပြောင်းတဲ့အခါ ပထမပိုင်းမှာ စစ်တစ်ပိုင်း အရပ်သားတစ်ပိုင်းဖြစ်နေတာကို နားလည်ပေးလို့ရနိုင်ပေမယ့် အစိုးရသက်တမ်း ၂ ကြိမ် ၁၀ နှစ်အတွင်းမှာတော့ စစ်ဘက်လွှမ်းမိုးမှု တဖြည်းဖြည်းလျော့ကျလာပြီး အရပ်ဘက်အုပ်ချုပ်မှု တဖြည်းဖြည်းအားကောင်းဖို့ လိုအပ်ပါတယ်။ အခု မြန်မာနိုင်ငံမှာကြုံနေရတဲ့အခြေအနေက ကြာလေ စစ်ဘက်လွှမ်းမိုးမှုက ပိုများလာလေဖြစ်နေပါတယ်။ စစ်ဘက်ကို အားနည်းသွားအောင် လုပ်မိ၊ ပြောမိရင်ပဲ တိုင်းပြည်အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာသာသနာကို ထိခိုက်စေသူ၊ မျိုးချစ်စိတ်မရှိသူဆိုပြီး တံဆိပ်ကပ်တဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေဝင်လာနေတာဟာ အတော်ဆိုးပါတယ်။

ဒါကြောင့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ အများမြင်သာတဲ့ လွှတ်တော်ထဲက အမတ်နေရာ ၂၅ ရာခိုင်နှုန်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသာမက အများမမြင်သာတဲ့ ရေအောက်မှာမြုပ်နေဆဲ ၇၅ ရာခိုင်နှုန်းသော စစ်အုပ်ချုပ်ရေးစတိုင်လွှမ်းမိုးမှု၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ လက်နက်နိုင်ငံတော်ခေတ် အတွေးအခေါ် လွှမ်းမိုးမှုတွေကိုပါ တစ်ပြိုင်တည်း ပြုပြင်ပြောင်းလဲဖို့လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

ထက်အောင်ကျော်



FOLLOW US