News

POST TAGGED AS

တပ်မတော်

ကချင်တွင် တိုက်ပွဲများပြင်းထန်၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ ပူတာအိုတွင် ဓာတ်ဆီဈေး အဆမတန် မြင့်တက်
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၎

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်း၌ ကချင်လက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး အဓိက လမ်းမကြီးရှိ တံတားအချို့ကို ကေအိုင်အေက ဖျက်ဆီးခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရာ ပူတာအိုမြို့နယ်အတွင်း ဓာတ်ဆီဈေးနှုန်းမှာ အဆမတန် မြင့်တက်နေကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
 
ပူတာအိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ဓာတ်ဆီဈေးနှုန်းမှာ အဆမတန် မြင့်တက်နေပြီး မြို့ပေါ်ရှိ ဓာတ်ဆီ အရောင်းဆိုင်အချို့လည်း ပိတ်ထားရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်း ဆက်သွယ်ထားသည့် မိုင်တိုင် ၁၁၁ ရှိ တံတားတစ်စင်းကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေက ဖျက်ဆီးခဲ့ပြီး နောက်ပိုင်း ယင်းသို့ ဈေးနှုန်းမြင့်တက်နေခြင်း ဖြစ်သည်။ 

လက်ရှိ ပူတာအိုမြို့အတွင်း ဓာတ်ဆီ တစ်ပုလင်းကို ကျပ်ငွေ သုံးထောင်ရှိပြီး တစ်ဂါလန်လျှင် နှစ်သောင်းကျော် ရှိနေကြောင်း၊ ယင်းသို့ ဓာတ်ဆီဈေးနှုန်း မြင့်တက်နေသည့်အပြင် အချို့သောဆိုင်များမှာ ပိတ်ထားရသည့်အတွက် ဝယ်ယူ၍ မရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ပူတာအိုမြို့နေထိုင်သူ ဦးဖေဝမ်က ပြောကြားသည်။

“လိုင်စင်ရ ဆီဆိုင်တွေကလည်း နည်းနည်းပါးပါး ရောင်းလိုက်မရှိတော့ဘူးလို့ ပြန်ပိတ်လိုက် အဲဒီလို ဖြစ်နေတယ်။ ဆိုင်ရှေ့မှာတော့ ဆိုင်ကယ်က ရာချီပြီး စောင့်နေကြတယ်။ မြို့ထဲက တစ်နိုင်တစ်ပိုင် ရောင်းတဲ့ဆိုင်တွေဆို မရှိတော့ဘူး”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဆီရှားပါးပြီး ဈေးအဆမတန် မြင့်တက်နေမှုကြောင့် ပူတာအိုမြို့တွင်း ဆိုင်ကယ်အသုံးပြုသူ နည်းလာပြီး စက်သုံးဆီဖြင့် တစ်ပိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်နေသူများလည်း အခက်အခဲ ဖြစ်နေရကြောင်း၊ ထို့ပြင် ပူတာအိုမြို့မှ အခြား နောင်မွန်မြို့နယ်နှင့် မချမ်းဘောမြို့နယ်များသို့ 
ဆိုင်ကယ်ဖြင့် သွားလာ အသုံးပြုမှုမရှိတော့ဘဲ အခက်အခဲဖြစ်နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဟိုနေ့က နောင်မွန်ကလာတဲ့ လူတွေတောင် အချို့က ဓာတ်ဆီမရလို့ မပြန်ဖြစ်သေးတဲ့ လူတွေ အများကြီး ရှိတယ်။ ဈေးတက်တာက တံတားဖျက်တဲ့ နောက်ပိုင်း တစ်ခါလည်း တက်သွားတယ်။ လေးရက်လောက် ရှိပြီ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဒေသတွင်း ဓာတ်ဆီဈေးအပြင် အခြား ကုန်ဈေးနှုန်းများမှာလည်း အနည်းငယ်စီ မြင့်တက်နေပြီး ဆန်တစ်အိတ်လျှင် ကျပ်လေးသောင်းနှင့် ငါးသောင်းအကြား ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှု ပြင်းထန်လာပြီး မြစ်ကြီးနား- မိုးကောင်း- ဖားကန့် လမ်းပိုင်းနှင့် မြစ်ကြီးနား- တနိုင်းအကြား ပြေးဆွဲနေသည့် ကားလမ်းတွင် မော်တော်ယာဉ်များ ပိတ်မိနေလျက်ရှိသည်။ 

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် အစောပိုင်းကလည်း မြစ်ကြီးနားမြို့အနီးနှင့် မိုးကောင်းမြို့နယ်အတွင်းရှိ တပ်ဌာနချုပ်များနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စခန်းများကို ကချင်​လက်​နက်​ကိုင်​တပ်​ဖွဲ့ ကေအိုင်အေက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကေအိုင်အေမှ အချို့သေဆုံးခဲ့ပြီး တပ်​မ​တော်​ဘက်​က စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်​ပြန်​ထားသည်​။

R-06



FOLLOW US