News

POST TAGGED AS

တပ်မတော်

မလိခမြစ်ကြောင်းတစ်လျှောက် တရားမဝင် ရွှေတူးဖော်မှုများကို တပ်မတော် ရှင်းလင်း
ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့ နယ်အတွင်း မလိခမြစ်ကြောင်းတစ်လျှောက် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားများကို တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထံမှ သိရသည်။

အဆိုပါမြစ်ကြောင်းအတွင်း တရုတ်နိုင်ငံသားများ အပါအဝင် တရားမဝင် ရွှေတူးဖော်သူများကို တပ်မတော်က အဓိကထား ရှင်းလင်းနေခြင်းဖြစ်ကြောင်း ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျေထုရော်က ပြောကြားသည်။

“မလိယန်ရွာနားမှာ ရှင်းနေတာ။ မလိခမြစ်ကြောင်းထဲမှာပဲ။ စက်ဖောင်တွေကို ရပ်ခိုင်းတယ်။ ရွှေတူးနေတဲ့ စက်ဖောင်တွေကိုပေါ့။ ပြည်နယ်ကိုယ်စားလှယ်တွေကိုတော့ အကြောင်းကြားထားတာတော့ မရှိဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ဆင်ရေးတွင် မလိခမြစ်ကြောင်းရှိ ရွှေမှော်များကို ဖောက်ခွဲဖျက်ဆီးကာ မီးရှို့ဖျက်ဆီးနေသည့် ဓာတ်ပုံများလည်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေခဲ့သည်။

တပ်မတော်က ရှင်းလင်းနေသည့်မြစ်ကြောင်းအနီးရှိ မလိယန်ကျေးရွာသည် ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်း၊ ချီဖွေငယ် ဓာတ်အားပေးရုံစီမံကိန်းစသည့် စီမံကိန်းလုပ်ငန်းခွင် ဧရိယာအတွင်း ကျရောက်သည့် ကျေးရွာများကို ရွှေ့ပြောင်းကာ ရွာသစ်တည်ထားသော ရွာများအနက် တစ်ရွာဖြစ်သည်။

မြစ်ဆုံစီမံကိန်း အထက်ပိုင်းဖြစ်သော မေခနှင့်မလိခ မြစ်ကြောင်းများအတွင်း တရားမဝင် ရွှေတူးဖော်သူများကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းကာ မြေနုန်းအနည်အနှစ်များ စီးဝင်ခြင်းများ ဖြစ်ပေါ်နေကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာသူများက သုံးသပ်ထားသည်။

ထို့ပြင် အဆိုပါဒေသတွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တပ်မတော်တို့ ပြီးခဲ့သည့်နှစ်ပိုင်းများက တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည့်နေရာများလည်းဖြစ်သည်။

J-08



FOLLOW US