News

POST TAGGED AS

တပ်မတော်

ပုသိမ်တွင် စားတော်ပဲဈေး စံချိန်တင်မြင့်တက်


ပုသိမ်၊ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်း ပုသိမ်မြို့ ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဇန်နဝါရီ လ ၂၃ ရက်က စားတော်ပဲဈေး ၁၀ တင်းလျှင် ကျပ်ကိုးသိန်းခြောက်သောင်းအထိ စံချိန်တင်မြင့်တက်နေကြောင်း ပဲမျိုးစုံ ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလဆန်းတွင် စားတော်ပဲ ၁၀ တင်းလျှင် ကျပ်ခြောက်သိန်းမှ စတင်ကာ တရိပ်ရိပ်မြင့်တက်ရာမှ ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် ကိုးသိန်းခြောက်သောင်းအထိ ရောက်ရှိခဲ့သည်။ 

ပြီးခဲ့သော မတ်လ၊ ဧပြီလ စားတော်ပဲပေါ်ချိန် အထွက်နည်းခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း ဒေသတွင်း စားတော်ပဲ သီးနှံပေါ်ချိန် မရောက်သေးကြောင်း၊ ပဲစတင်ပေါ်သည့် မတ်လတွင် ၁၀ တင်းလျှင် ကျပ်လေးသိန်း ဝန်းကျင်သာရှိကြောင်း၊ ဝယ်လိုအားရှိနေသော်လည်း ရောင်းလိုအားနည်းချိန်၊ စားတော်ပဲ သိုလှောင်ထားသူများ လက်ဝယ်ရှိသူ တောင်သူအနည်းငယ်က ကြိုက်ဈေးခေါ်ကာ ဈေးတင်ရောင်းချလာသောကြောင့် ယခုကဲ့သို့ အဆမတန် ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ပုသိမ်မြို့ ပဲမျိုးစုံရောင်းချသူတို့က ဆိုသည်။ 

“စားတော်ပဲဈေးနှုန်းက တစ်ခါမှ ဒီလောက် ဈေးမြင့် မဖြစ်ဖူးပါဘူး၊ စံချိန်တင်တယ်ပြောရမယ်၊ ဈေးကြီး ( မြင့်) လာတော့ အရောင်းမသွက်တော့ဘူး၊ အဓိကကတော့ ကုန်ပစ္စည်းက မရှိတော့ဘူးလေ ဟိုနည်းနည်း ဒီနည်းနည်းရတဲ့ တောင်သူတွေဆီက ဝယ်ရောင်းရနေတာ”ဟု ပဲမျိုးစုံရောင်းဝယ်ရေး ကျွမ်းကျင်သူ ဦးတင်အောင်က ပြောသည်။ 

မကွေး၊ ရေနံချောင်းနှင့် တရုတ်တို့မှ စားတော်ပဲများ၊ ဧရာဝတီတိုင်း ပဲဈေးကွက်တွင်းသို့ ဆယ်တင်းလျှင် ကျပ်လေးသိန်း ငါးသောင်းခန့်ဖြင့် ထိုးဖောက်လာသော်လည်း အရသာကွာခြင်း၊ ရေစိမ်သည့်အခါ အပင်မပွားခြင်းတို့ကြောင့် ယင်း စားတော်ပဲများမှာ လူကြိုက်နည်းကာ အရောင်းမသွက်ကြောင်း ၎င်းက ပြောဆိုသည်။ 

စားတော်ပဲ တစ်ပြည်ကို လက်လီဈေး နှစ်ထောင်ကျပ်မှ လေးထောင်ကျပ် ဖြစ်လာပြီးနောက် ယခုခြောက်ထောင်ကျပ်အထိ ဖြစ်လာ၍ အရင်းအနှီးပိုလာကြောင်း၊ တစ်နေ့တာရင်းနှီးဖို့ ငွေလိုအပ်လာသဖြင့် နေ့ပြန်တိုးယူ၍ ရင်းနှီးရကြောင်း၊ ထိုသို့ စားတော်ပဲ (ပဲပြုတ်) ဈေးကြီးလာသဖြင့် စားသုံးသူနည်းပါးကြောင်း ပုသိမ်မြို့ရပ်ကွက်များတွင် စားတော်ပဲပြုတ် လှည့်လည်ရောင်းချသူ ဒေါ်သန်းသန်းက ဆိုသည်။

၂၀၁၇ ခုနှစ်က ဧရာဝတီတိုင်းရှိ ပဲမျိုးစုံစိုက်သည့် ရေကြည် ၊ ငသိုင်းချောင်း၊ ကျောင်းကုန်း၊ ကျုံပျော်မြို့နယ်များ၌ ပဲသီးမည့်အချိန်တွင် နှင်းအလွန်အကျွံကျသဖြင့် စားတော်ပဲ အခင်းများလည်း ပိုးကျရောက်သောကြောင့် အထွက်နည်းခဲ့ကြောင်း ကျုံပျော်မြို့နယ်မှ စားတော်ပဲစိုက်သည့် တောင်သူ ဦးသက်မောင်က ပြောသည်။ 

စားတော်ပဲမှာ ပြည်တွင်းစားသုံးသည့် ပဲအမျိုးအစားဖြစ်ပြီး ပြည်ပပို့ ပဲအမျိုးအစားမဟုတ်ကြောင်း၊ ပိုမိုထုတ်လုပ်နိုင်ရန်နှင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန်အတွက် တောင်သူများအနေနှင့် ဒေသအခြေအနေနှင့်သင့်တော်သော စိုက်ပျိုးရေးနည်းပညာကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင် သို့မဟုတ် ဌာနများနှင့် ဆက်သွယ် ဆောင်ရွက်သင့်ကြောင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ရန်အတွက် ရောင်းလိုအား၊ ဝယ်လိုအား ထုတ်လုပ်မှု မျှတရန်လိုအပ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှ အခြေခံ လူ့အဖွဲ့အစည်းအနေနှင့် အဆင်ပြေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ဦးဘဟိန်းက သုံးသပ်သည်။ 

R-12



FOLLOW US