News

POST TAGGED AS

တပ်မတော်

မဲသဝေါဒေသနှင့် အာရှလမ်းမကြီးတစ်လျှောက် DKBA ခွဲထွက်အဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်
ရန်ကုန်၊ ဇန်နဝါရီ ၉

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသနှင့် အာရှလမ်းမကြီးတစ်လျှောက် ပြည်နယ်နယ်ခြားစောင့်တပ်များပါဝင်သည့် ပူးပေါင်းအဖွဲ့များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA (ခွဲထွက်) အဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ထံမှ သိရသည်။

မဲသဝေါဒေသအတွင်း ယခုနှစ်စပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး တိုက်ပွဲများနှင့်ပတ်သက်၍ ပြည်နယ်နယ်ခြားစောင့်တပ်ကို မေးမြန်းရာ ယင်းဒေသကို ပြည်နယ်နယ်ခြားစောင့်တပ် (BGF) နှင့် တပ်မတော်၊ KNU စသည့် ပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းလျက်ရှိခြင်းကြောင့်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပူးပေါင်းတပ်ဖွဲ့များနှင့် နယ်မြေရှင်းလင်းမှုများကြောင့် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားနေပြီး ခွဲထွက်အဖွဲ့ကို ဦးတည်ကာ နယ်မြေရှင်းလင်းနေခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးဗဟိုကော်မတီဝင် ဗိုလ်မှူးထက်ဝင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ DKBA ခွဲထွက်အဖွဲ့က မိုင်းဆွဲခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းများကို ဆက်တိုက်ဆိုသလို ပြုလုပ်လာသည့်အတွက် နယ်မြေလုံခြုံရေးအရ ယင်းသို့ နယ်မြေရှင်းလင်းရခြင်းဖြစ်ကြောင်း ဗိုလ်မှူး ထက်ဝင်းက ဆိုသည်။

“ခွဲထွက်အဖွဲ့ကို လိုက်ရှင်းနေတယ်။ သူတို့ဘက်က ဆယ့်နှစ်ရာသီ အနှောင့်အယှက်ပေးနေတယ်။ ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်နေတယ်။ မိုင်းတွေလည်း တအားထောင်နေတယ်။ အဲဒါကြောင့် ရှင်းရတာပါ။ ပြည်သူတွေလည်း မလာရဲတော့ဘူးလေ” ဟု ၎င်းက ဆိုသည်။

DKBA ခွဲထွက်အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှ ထုတ်ပယ်ခံရသည့် ဗိုလ်မှူးစောဆန်းအောင်အပါအဝင် တပ်မှူးဟောင်းအချို့ဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခင်က DKBA နာမည်ဟောင်းဖြစ်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်အမည်ကို ခံယူခဲ့သည်။

ခွဲထွက် DKBA ကို ယခင် မူလ DKBA မှ ထုတ်ပယ်ခံရသည့် ဗိုလ်မှူးစောဆန်းအောင်က ဦးဆောင်နေခြင်းဖြစ်ပြီး ကရင်ပြည်နယ် မဲသဝေါဒေသနှင့် အာရှလမ်းမကြီးတစ်လျှောက်တွင် တပ်မတော်နှင့်တိုက်ပွဲများ၊ နယ်ခြားစောင့်တပ်များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့ဖြစ်သည်။

J-08



FOLLOW US