News

POST TAGGED AS

တပ်မတော်

18-Dec-2017

တပ်မတော်
တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ၇၆ နှစ်မြောက် မွေးနေ့မှသည်
သမိုင်းတစ်လျှောက် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ မွန်၊ ရခိုင်၊ ညောင်ရမ်းနှင့်၊ ကုန်းဘောင်မင်းဆက်တိုင် ကိုယ့်မင်းကိုယ့်ချင်းနှင့် အုပ်ချုပ်ခဲ့ကြသော မြန်မာမင်းဆက်တို့အနက် ကုန်းဘောင်မင်းဆက်၏ ဘုရင်တစ်ပါးဖြစ်သော ဘကြီးတော်မင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်တွင် ပေါ်ပေါက်သော ရှင်မဖြူကျွန်းအရေးကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပြီးလျှင် မြန်မာတို့အရေးနိမ့်၍ ၁၉၂၄ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ်)တွင် ချုပ်ဆိုသော ရန္တပိုလ်စာချုပ် အပိုဒ် (၃) အရ  ရခိုင်၊ ရမ်းဗြဲ၊ မာရ်အောင်၊ သံတွဲမှသည် မော်တင်စွန်းစေတီကြီးအထိနှင့် အပိုဒ် (၄) အရ ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီနယ်တို့ကို (ကျွန်းများနှင့်တကွ) အပိုင်ပေးလိုက်ရသည်။

ထို့နောက်တစ်ဖန် ပုဂံမင်းလက်ထက်တွင် လူသတ်မှုကျူးလွန်သည့် ဗြိတိသျှသင်္ဘော ကက်ပတိန်နှစ်ဦးကို ရန်ကုန်မြို့ဝန်က ဒဏ်ရိုက်ခဲ့သည်ကို အကြောင်းပြု၍ ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ် စစ်ပြုပြန်ရာ မြန်မာတို့ စစ်ရှုံး၍ ယင်းနှစ် ဒီဇင်ဘာလတွင် မြေထဲ(အောင်လံ)မြို့အထိ အပါအဝင်ဖြစ်သော ပဲခူးနယ်မြေကို သိမ်းပိုက်ကြောင်း အင်္ဂလိပ်တို့က ကြေညာသည်။

ထို့နောက် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သီပေါဘုရင်အား နန်းချ၍ ၂၉ ရက်နေ့တွင် ဘုရင်နှင့် မိဖုရားတို့အား သူရိယသင်္ဘောဖြင့် အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သည့် မြန်မာမင်းဆက် ပြုတ်ပြုတ်ပြုန်း၍ ထီးသုဉ်း၊ နန်းသုဉ်း ဖြစ်ခဲ့ရသည်။ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန် လော့ဒ်ရန်းဒေါ့ဒါချီသည် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အောက်ပါအတိုင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်...

“သီပေါမင်းအုပ်စိုးခဲ့ရာ ပြည်နယ်များကို ၎င်း၏ အုပ်စိုးမှုအောက်တွင် ဆက်လက်မထားရှိစေတော့ဘဲ ဧကရီဘုရင်မကြီး၏ နိုင်ငံတော်နယ်ပယ်အတွင်းသို့ သွတ်သွင်းလိုက်ပြီဖြစ်သဖြင့် ဧကရီဘုရင်မကြီး၏ သဘောတော်အတိုင်း အိန္ဒိယဘုရင်ခံချုပ်က အခါအားလျော်စွာ ခန့်အပ်သော အရာရှိမင်းတို့ကို အုပ်ချုပ်စေမည်ဖြစ်ကြောင်း ဧကရီဘုရင်မကြီး၏ အမိန့်တော်အရ ထုတ်ပြန်ကြေညာလိုက်သည်” ဟူ၍ ပါရှိပါသည်။

နယ်ချဲ့ဆန့်ကျင်ရေး အစပိုင်းကာလများ

သူ့ကျွန်ဖြစ်စ ကနဦးကာလမှာပင် မြန်မာတို့သည် သင်းကွဲလာသော အင်္ဂလိပ်တပ်များကို ဓားဖြင့်ဝင်ခုတ်ကြသည်။ ၎င်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ကြသည်။ မိမိထက်အားကြီးသော ရန်သူများကို ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုဘဲ အခွင့်သာသည်နှင့် တွေ့ရာနေရာတွင် အစုကလေးများခွဲ၍ တိုက်ခိုက်ကြသည်။ မြန်မာ၊ ရှမ်း၊ ကချင်၊ ကယား၊ ရခိုင်၊ ချင်း စသည့် တိုင်းရင်းသားပေါင်းစုံတို့သည် မည်သူကမျှ မစည်းရုံးရ၊ မတိုက်တွန်းရပဲ ဇာတိသွေး၊ ဇာတိမာန်တို့ နိုးကြွကာ ရရာလက်နက်ကိုင်စွဲ၍ တော်လှန်တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ပြီး ယင်းပြောက်ကျားစစ်ပွဲကို အင်္ဂလိပ်တို့က ဆယ်နှစ်ဆယ်မိုးကြာသည်အထိ တိုက်ခိုက်နှိမ်နင်းခဲ့ရပါသည်။

အစောပိုင်းကာလ နယ်ချဲ့ဆန့်ကျင်ရေး ကြိုးပမ်းဆောင်ရွက်မှုများသည် ကြိုတင်စီစဉ်မှု၊ စနစ်တကျလေ့ကျင့်မှု၊ ဖွဲ့စည်းမှု၊ ကွပ်ကဲမှုစသည်တို့ မပြုနိုင်ခဲ့ခြင်း၊ လက်နက်များမှာလည်း ခေတ်နောက်ကျသည့်အပြင် လုံလောက်မှုမရှိခြင်း၊ ခေတ်မီစစ်ပညာ အတွေ့အကြုံမရှိခြင်းနှင့် စစ်ရေး၊ စီးပွားရေး အင်အားသာလွန်မှု စသည့် အကြောင်းတရားများစွာတို့ကြောင့် မြန်မာတို့သည် လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ခဲ့ရပါသည်။

နယ်ချဲ့ဆန့်ကျင်ရေး ခေတ်လယ်ပိုင်း ကြိုးပမ်းမှုများ

မြန်မာတို့သည် စစ်ရေးအရ ဆန့်ကျင်ပုန်ကန်တိုက်ခိုက်မှုများ မအောင်မမြင်ဖြစ်ခဲ့ရသော်လည်း နယ်ချဲ့တို့အား ဒူးမထောက် အလျှော့မပေးသည့် အမျိုးသားရေးဇာတိမာန်စိတ်ဓာတ်ကို မျိုးဆက်သစ်များအတွက် အမွေအဖြစ် ထားရစ်ခဲ့ကြပါသည်။ မြန်မာတို့သည် ကမ္ဘာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများနှင့် လိုက်လျောညီစွာ နိုင်ငံရေးအရ လှုပ်ရှားမှုများကို ဆက်လက်ဖော်ဆောင်ခဲ့ကြသည်။ နိုင်ငံရေးလှုပ်ရှားမှုများ၏ ရှေ့ပြေးအဖြစ် ဘာသာရေးအသင်းအဖွဲ့များကို စတင်တည်ထောင်ခဲ့ကြရာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ) ကို ၁၉၀၆ ခုနှစ်တွင်လည်းကောင်း၊ နိုင်ငံရေးအခြေပြုလှုပ်ရှားမှုများကို ဆောင်ရွက်ရန် မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) ကို ၁၉၂၀ ပြည့်နှစ်တွင်လည်းကောင်း၊ တို့ဗမာအစည်းအရုံးကို ၁၉၃၀ ခုနှစ်တွင်လည်းကောင်း၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ဗမာ့ထွက်ရပ်ဂိုဏ်းတို့ကို ၁၉၃၉ ခုနှစ်တွင်လည်းကောင်း ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုများအဖြစ်လည်း ၁၉၂၀ ပြည့်နှစ်တွင် ကျောင်းသားသပိတ်၊ ၁၉၂၁ ခုနှစ်တွင် ဆရာတော်ဦးဥတ္တမ လှုပ်ရှားမှု၊ ၁၉၂၆-၂၉ ခုနှစ်တွင် ဆရာတော်ဦးဝိစာရ လှုပ်ရှားမှု၊ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံဦးဆောင်သော လယ်သမားတော်လှန်ရေး၊ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်နှင့် ၁၉၃၈ ခုနှစ်တွင် သခင်ဖိုးလှကြီးခေါင်းဆောင်သော ရေနံမြေအလုပ်သမားသပိတ် (၁၃၀၀ ပြည့်အရေးတော်ပုံ) စသည်အားဖြင့် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ မြန်မာ့မျိုးချစ်ပုဂ္ဂိုလ်တို့သည် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

ခေတ်မီတပ်မတော် ဖွဲ့စည်းရေးသို့

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် ကျောင်းသားအဖွဲ့အစည်း အသီးသီးက နည်းလမ်းမျိုးစုံအသုံးပြု၍ လွတ်လပ်ရေးတိုက်ပွဲအတွက် ဆင်နွှဲခဲ့ကြသော်လည်း ပြည်သူတို့လိုလားသည့် လွတ်လပ်ရေးမှာ အလှမ်းဝေးဆဲဖြစ်နေပါသည်။ ထိုအခါ မြန်မာ့နိုင်ငံရေးကို ဦးဆောင်လှုပ်ရှားနေသူ လူကြီး၊ လူငယ်တို့သည် မြန်မာ့လွတ်လပ်ရေးကို လက်နက်ကိုင် တိုက်ပွဲဆင်နွှဲမှသာလျှင် ရရှိနိုင်မည်ဟု ညှိနှိုင်းသဘောတူညီမှု ရရှိကြသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာလူငယ် ၃၀ (ရဲဘော်သုံးကျိပ်) တို့သည် ဂျပန်နိုင်ငံသို့သွားရောက်ကာ စစ်ပညာများ သင်ကြားခဲ့ကြရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။

၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့နှစ်ဦးသည် ဟိုင်လီအမည်ရှိ သင်္ဘောနှင့်ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ အမွိုင်မြို့ရှိ ကူလန်ဆူကျွန်းသို့ ရောက်သွားကြပါသည်။ ထိုနေရာ၌ သူတို့နှစ်ဦး လအနည်းငယ်မျှ သောင်တင်နေပြီး (မြန်မာနိုင်ငံမှတစ်ဆင့်) ဂျပန်ကိုယ်စားလှယ်တစ်ဦးနှင့် အဆက်အသွယ်ရကာ ဂျပန်တပ်မတော်မှ အရာရှိတစ်ဦးဖြစ်သူ ကာနယ်ဆူဇူကီးနှင့်တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့် ပို့လိုက်ပါသည်။ တိုကျိုမြို့၌ ဆူဇူကီးနှင့် တွေ့ဆုံ၍ မြန်မာလူငယ်များအား စစ်ပညာသင်ကြားရေးကိစ္စ ဆွေးနွေးသည်။ ဗိုလ်မှူးကြီးဆူဇူကီးသည် မီနာမီကီကန်ခေါ် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။

၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်အောင်ဆန်းသည် မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာကာ ပြည်တွင်းနိုင်ငံရေးသမားများက ကြိုတင်စုဆောင်းထားသည့် မြန်မာလူငယ်များကို ခေါ်ဆောင်ခဲ့ပါသည်။ ပထမအသုတ်အနေနှင့် ၁၉၄၁ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် သခင်အောင်ဆန်းနှင့်အတူ သခင်လှဖေ၊ သခင်ဗဂျမ်း၊ သခင်အေးမောင်၊ သမဂ္ဂကိုထွန်းရှိန်တို့ ပြန်သွားပါသည်။ ထိုအုပ်စုမှာ “ရဲဘော်သုံးကျိပ်”၏ ရှေ့ပြေးတပ်ဦး ဖြစ်ပါသည်။

ဒုတိယအသုတ် သခင်စောလွင်၊ သခင်သန်းတင်၊ ကိုရွှေ၊ သခင်တင်အေး၊ သခင်အောင်သိန်း၊ သခင်ထွန်းရွှေတို့နှင့် တတိယအသုတ် သခင်လှမောင်၊ သခင်စံမြ၊ သခင်ခင်မောင်ဦးတို့သည် ကိုင်ရှိုမာရူး (Kaisho Maru) သင်္ဘောဖြင့် ၁၉၄၁ ခုနှစ် မတ်လတွင်လည်းကောင်း၊ စတုတ္ထအသုတ်ဖြစ်သည့် သခင်ထွန်းအုပ်၊ သခင်ရှုမောင် (နောင်-ဗိုလ်ချုပ် နေဝင်း) သခင်စံလှိုင်၊ သခင်ထွန်းခင်၊ ကိုလှ၊ သခင်သန်းညွန့်၊ သခင်ကျော်စိန်၊ သခင်မောင်မောင်၊ သခင်သစ်၊ သခင်ငွေ၊ သခင်ထွန်းလွင်တို့သည် ၁၉၄၁ ခုနှစ် ဇွန်လတွင်လည်းကောင်း အသီးသီး မြန်မာပြည်မှ ထွက်ခွာသွားခဲ့ကြပြီး ဟိုင်နိုင်ကျွန်းတွင် စစ်ပညာများကို ခက်ခဲပင်ပန်းစွာ သင်ယူလေ့ကျင့်ခဲ့ကြရသည်။ ဂျပန်တို့၏ ပါးရိုက်၊ နားရိုက် နှိပ်စက်မှုများအောက်တွင် မြန်မာ့လွတ်လပ်ရေးအတွက် စိတ်ရှည်သည်းခံ၍ ဇွဲနပဲကြီးစွာ လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာလူငယ်တို့သည် ဂျပန်တို့ထံမှ မြန်မာပြည်သိမ်း တိုက်ပွဲအစီအမံများအပါအဝင် စစ်ပညာများကို ပင်ပန်းဆင်းရဲစွာ သင်ယူလေ့လာခဲ့ကြရသည်။

မြန်မာ့တပ်မတော်အစ ဘီအိုင်အေက 

သင်တန်းများပြီးဆုံးသည်နှင့် အချိန်ကိုက်ပင် ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အရှေ့တောင်အာရှရှိ အင်္ဂလိပ်တို့၏ အခိုင်အမာစစ်စခန်းများကို တိုက်ခိုက်အောင်မြင်ပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိကြသည်။ ဂျပန်တို့ ထိုင်းသို့ရောက်ရှိလာသောအချိန်တွင် မြန်မာလူငယ် ရဲဘော်သုံးကျိပ်တို့သည်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြပြီး မြန်မာနိုင်ငံသို့ချီတက်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။

ရဲဘော်သုံးကျိပ်တို့သည် “အမိမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရသည်အထိ အသက်စွန့်၍တိုက်ပါမည်” ဟူသော သစ္စာကတိကို ရွတ်ဆိုကြကာ လက်မောင်းသွေးဖောက်၍ သောက်ကြပြီးလျှင် မြန်မာနိုင်ငံတော်ကြီးကို သူ့ကျွန်ဘဝမှလွတ်မြောက်စေ၍ ပြည်ထောင်စုမြန်မာနိုင်ငံသားများကို လွတ်လပ်သောလူမျိုးအဖြစ် ကမ္ဘာတွင် ဝင့်ကြွားစေရန် ကယ်တင်မည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma independent Army-BIA) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ယိုးဒယား(ထိုင်း)နိုင်ငံ ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ကြသည်။ (မူကွဲ ဒီဇင်ဘာလ ၂၆ ရက်) ထိုနေ့သည် မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းသည့် နေ့ရက်ပင်ဖြစ်ပါသည်။ (ရဲဘော်သုံးကျိပ်တို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းရာ၌ မူလနာမည်များအစား ဗိုလ်တေဇ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်၊ ဗိုလ်လကျာ်၊ ဗိုလ်စကြာ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ရန်နိုင်၊ ဗိုလ်တာရာ စသည့် ရဲစိတ်ရဲမာန်ကြွစေမည့် နာမည်အသစ်များဖြင့် အစားထိုးမှည့်ခေါ်ကြသည်)။

BIA သည် စစ်ကြောင်းသုံးကြောင်းခွဲကာ မြန်မာပြည်တွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ မော်လမြိုင်စစ်ကြောင်းကို ဗိုလ်မှူးကြီး ဆူဇူကီး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ရန်အောင်တို့က ဦးစီးကြသည်။ ထားဝယ် စစ်ကြောင်းတွင် ဗိုလ်မှူးကြီး ကာဝါရှီးမားနှင့်အတူ ဗိုလ်လရောင်၊ ဗိုလ်လကျာ်၊  ဗိုလ်ဉာဏနှင့် ဗိုလ်ဗလတို့က ဦးစီး၍ မြိတ်စစ်ကြောင်းတွင် ဗိုလ်မှူးကြီး ဟီရာရာမနှင့်အတူ ဗိုလ်ရန်နိုင်၊ ဗိုလ်မင်းခေါင်တို့က ဦးစီးကာ မြိတ်မှတစ်ဆင့် ရေကြောင်းလမ်းအတိုင်း ဖျာပုံမှသည် မြစ်ဝကျွန်းပေါ်သို့ ချီတက်လာကြသည်။ (ဗိုလ်နေဝင်းမှာမူ အစောပိုင်းကပင် မြေအောက်လှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် ပြည်တွင်းသို့ ဝင်ရောက်ခဲ့သည်)

ပြည်သူ့တပ်မတော်

BIA သည် စတင်ဖွဲ့စည်းစက လူအင်အားအနည်းငယ်ခန့်သာ ဖြစ်သော်လည်း မြန်မာပြည်တွင်း စတင်ဝင်ရောက်လာသည်နှင့် လူအင်အား ရာဂဏန်းမှသည် ထောင်ဂဏန်း၊ ထိုမှသည် သောင်းဂဏန်းအထိ ဖြစ်လာသည်။ ထိုသို့ဖြစ်လာခြင်းမှာ မြိတ်၊ ထားဝယ်၊ မော်လမြိုင်နှင့် ကရင်ပြည်နယ်တို့ရှိ ဗမာ၊ မွန်၊ ကရင် စသည့် တိုင်းရင်းသားအများအပြား ပါဝင်လာသည့်အတွက်ကြောင့် ဖြစ်သည်။ ၎င်းတို့သည် အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် လိုက်ပါလာကြခြင်းဖြစ်ပြီး ယူနီဖောင်းလည်းမပေးနိုင် လက်နက်ဆို၍လည်း မီးကျိုးမောင်းပျက်များနှင့် ရရာဓား၊ လှံလက်နက်စွဲကိုင်၍ မျိုးချစ်စိတ်တစ်ခုတည်းဖြင့် လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။ အခြေခံစစ်ပညာနှင့် လက်နက်စွဲကိုင် ပစ်ခတ်နည်းတို့ကို သွားရင်း၊ လာရင်း၊ ချီတက်ရင်းနှင့်ပင် သင်ကြားတတ်မြောက်လာခဲ့ကြသည်။ ပြောရလျှင် ထိုအချိန်က တပ်မတော်ဖွဲ့စည်းခဲ့ခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် တစ်စုံတစ်ရာမျှမပါပဲနှင့် လစာမရသော တပ်မတော်ထဲကို ပြည်သူလူထုက ကိုယ့်အသိနှင့်ကိုယ် ပါဝင်လာခဲ့ကြခြင်းဖြစ်ရာ မြန်မာ့တပ်မတော်ကြီးသည် ပြည်သူတွေပါဝင်သော ပြည်သူ့တပ်မတော်ကြီးအဖြစ် စတင် သန္ဓေတည်ပေါက်ဖွားလာသည်ဆိုခြင်းမှာ မည်သို့မျှ ဖုံးကွယ်၍မရ၊ မည်သူမျှ ငြင်းဆို၍မရသော ပကတိအရှိ အမှန်တရားပင် ဖြစ်ပါသည်။

ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေ       

ယခုခေတ်လူငယ်များနှင့် နှောင်းခေတ်လူငယ်များ မြန်မာ့တပ်မတော် စတင်ဖွဲ့စည်း ဖြစ်တည်လာခဲ့သည့်သမိုင်းမှန်ကို သိရှိစေရန် တင်ပြရင်း မကြာမီ ရောက်ရှိလာတော့မည့် တပ်မတော်ဖွဲ့စည်းတည်ထောင်သည့် ၇၆ နှစ်မြောက်နေ့မှသည် ပြည်သူ့တပ်မတော်ကြီးအဖြစ် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့စေရန် ဆုတောင်းလိုက်ပါသည်...။

သိန်းထက်အောင်



FOLLOW US