News

POST TAGGED AS

တပ်မတော်

14-Aug-2017

တပ်မတော်
ငြိမ်းချမ်းရေးမလိုလားသူများကို ရှင်းလင်းမည်ဟု တပ်မတော်ဆို
နေပြည်တော်၊ ဩဂုတ် ၁၄

တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လုပ်ဆောင်ချက်များကို ဟန့်တားနှောင့်ယှက်သူ၊ ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ကိုင်နေသူများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူများ အပါအဝင် ငြိမ်းချမ်းရေးကို မလိုလားသူများကို ဥပဒေနှင့်အညီ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဆွေက လွှတ်တော်သို့ တင်ပြပြောကြားသည်။

ဩဂုတ် ၁၄ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနိုင်း မဲဆန္ဒနယ်မှ ဦးလင်းလင်းဦးက “ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော် ဆောင်ရွက်နေမှုများကို ယခုလို နောင်အခါ မဖြစ်ရအောင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း”အဆိုကို လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်အနေနဲ့ကတော့ ဥပဒေနဲ့အညီ လုပ်ဆောင်ချက်များကို ဟန့်တား နှောင့်ယှက်သူ၊ ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်နေသူ၊ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားကို ဖျက်ဆီးနေသူ၊ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူ၊ ငြိမ်းချမ်းရေးကို မလိုလားသူများကိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရှင်းလင်းရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး ခင်မောင်ဆွေက ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းဒေသတွင် နယ်မြေတည်ငြိမ် အေး ချမ်းရေး မထိခိုက်စေရန် တပ်မတော်အနေနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခဲ့ရာ ကေအိုင်အေအဖွဲ့က ဒေသခံပြည်သူနှင့် ရွှေ့ပြောင်းလုပ်သားများကို လူသားတံတိုင်းအဖြစ် အသုံးပြု၍ ပြန်လည် တိုက်ခိုက်ရန်အတွက်   စီစဉ်ထားကြောင်း၊ ယင်းသတင်းကြောင့် ဒေသခံနှင့် လုပ်သားများကို အကြောင်းကြားစာများ ပေးပို့ခဲ့သောကြောင့် ပြည်သူနှင့် ရွှေ့ပြောင်း လုပ်သား ၆၀ဝ၀ ကျော်ကို တနိုင်းဘက်သို့ ရွှေ့ပြောင်းပြီးမှသာ နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။ 

ယင်းဒေသတွင် နယ်မြေအေးချမ်းရေးနှင့် ပြည်သူ့အကျိုးစီးပွား တိုးတက်ရေးအတွက် ကေအိုင်အေ လက်နက်ကိုင်အနေနှင့် NCA တွင် ပါဝင်လက်မှတ်ထိုးရန်လိုပြီး ပြည်ထောင်စု အစိုးရအနေနှင့်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်က ထောက်ပြသည်။

တနိုင်း၊ ဖားကန့်မှာရှိတဲ့ ရွှေမှော် ပယင်းတို့ကို တရားမဝင် တူးဖော်နေသော ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူအနေနှင့် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား နည်းပညာရှင်များကို ခိုးသွင်းပြီး တရားမဝင် လုပ်ငန်းများတွင် တူးဖော် ဝင်ဆောင်ရွက်နေကြောင်း၊ ယင်းကြောင့် တပ်မတော်အနေနှင့် သယံဇာတ ပျက်စီးဆုံးရှုံးမှု မရှိစေရန် ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကေအိုင်အေအဖွဲ့အနေနှင့် အကျိုးစီးပွားအတွက် တရားမဝင် လက်နက်ကိုင်ဆောင်မှုအပေါ် သာယာပြီး NCA ကို လက်မှတ်ရေးထိုးခြင်း မပြုသည့်အပြင် အုပ်ချုပ်ရေး လုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ယင်းဒေသကို အစိုးရဝန်ထမ်းများ အနေနှင့် သွားရောက်ရန် အန္တရာယ်ရှိနေသော နေရာများဖြစ်သောကြောင့် တပ်မတော် မပါဘဲ တရားမဝင် လက်နက်ကိုင်ရှိနေသောနေရာကို တည်ငြိမ်အောင် ဆောက်ရွက်နိုင်မည် မဟုတ်ကြောင်း ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဆွေက ထောက်ပြသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးမရဘဲ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် မည်သို့ ဆောင်ရွက်ကြမည် ဆိုသည်ကို ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း ဖြစ်ရန်လိုအပ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

ကေအိုင်အေအဖွဲ့အနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြည်နယ်အဆင့် ၃ ကြိမ်နှင့် ပြည်ထောင်စုအဆင့် ၇ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း၊ အမှန်တကယ် လက်မှတ်ရေးထိုးခြင်း မရှိသေးသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိအချိန်အထိ လက်နက်စွဲကိုင်နေခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က ချမှတ်ထားသော ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်နှင့်အညီ ကိုက်ညီသဘောတူ လက်ခံပါက လက်ကမ်းကြို ဆိုလျက်ရှိကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်းက ပြောသည်။

အထက်ပါအဆိုနှင့် ပတ်သက်၍ အတည်ပြုသင့်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထောက်ခံပြောကြားပြီး လွှတ်တော်က သဘောမတူသူ မရှိသောကြောင့် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

S-01



FOLLOW US