News

POST TAGGED AS

တပ်မတော်

တပ်ချုပ်နှင့် ဖြိုးမင်းသိန်း ကိစ္စမေ့နေပြီဟု ဦးဝင်းထိန်ဆို
နေပြည်တော်၊ ဇူလိုင် ၂၃

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိစ္စကို မေ့လျော့နေပြီဖြစ်ကြောင်း NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

“ဖြိုးမင်းသိန်းကိစ္စက မေ့တောင် မေ့သွားကြပြီ”ဟု ၎င်းက ဆိုသည်။

နေပြည်တော်စည်ပင်ရိပ်သာအတွင်း ယနေ့ (ဇူလိုင် ၂၃ ရက်) မွန်းလွဲပိုင်းက ပြုလုပ်သော NLD ပါတီ၏ CEC အစည်းအဝေးအပြီးတွင် The Voice က ယင်း၏မေးမြန်းမှုကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အင်္ဂါစဉ်အရ ညွန်ကြားရေးမှူးချုပ်အဆင့်သာ ရှိသည်ဟု ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ တောင်းပန်စာကို အမြန်ချောဖြင့် ပေးပို့ထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပါတီအစည်းအဝေးတွင် အဓိကအားဖြင့် ပါတီတွင်း စည်းကမ်းညီညွတ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေး၊ ပုံမှန် ဆွေးနွေးလေ့ရှိသည့် ချောင်းဆုံမြို့နယ် စည်းရုံးရေးကိစ္စ၊ လူငယ်စည်းရုံးရေးအဖွဲ့ကို ဖွဲ့စည်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ချောင်းဆုံနှင့် တောင်ကြီးမှ ပါတီဝင်အချို့က CEC အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်းက ဦးဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ပါတီမှနုတ်ထွက်လိုက်ပြီဟု ပြောဆိုထားသော မအူပင်မြို့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းနှင့်ပတ်သက်၍  “အဲ့ဒါနဲ့ပတ်သက်ပြီးတော့ စိစစ်ပြီး စိတ်တိုင်းကျ ရှင်းရှင်းလင်းလင်း ဖြစ်တော့မှ ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားမှာပါ”ဟု ဦးဝင်းထိန်က မှတ်ချက်ပေးသည်။
 
ဦးစိန်ဝင်းသည် ပါတီမှနုတ်ထွက်စာ တင်၍ ပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ပြီဟု ပြောဆိုထားသောလည်း ဦးဝင်းထိန်က နုတ်ထွက်ခွင့် မပြုထားကြောင်း The Voice သို့ ဇူလိုင် ၂၁ ရက်နေ့က ပြောဆိုထားသည်။
S-01



FOLLOW US