News

POST TAGGED AS

တပ်မတော်

ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ခု တပ်ချုပ်ထံ အိတ်ပိတ်စာ ပေးပို့
ရန်ကုန်၊ ဇူလိုင် ၁၉

နိုင်ငံတော်အတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ခုက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ဇူလိုင်လ ၁၈ ရက်၌ အိတ်ပိတ်စာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း အဆိုပါ ပါတီများထံမှ သိရသည်။

“လက်ရှိအခြေအနေများနဲ့ သက်ဆိုင်တာကို အိတ်ပိတ်ပေးစာနဲ့ ပေးပို့ထားတာပါ” ဟု ကြံ့ခိုင်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

အဆိုပါ ပေးပို့စာ၌ လက်ရှိ နိုင်ငံတော်၌ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုရေးကိစ္စများနှင့် မဏ္ဍိုင်ကြီးသုံးရပ် အခြေအနေများ ပါဝင်ကြောင်း အဆိုပါ နိုင်ငံရေးပါတီများထံမှ သိရသည်။

“စာပို့ထားပါတယ်၊ အသေးစိတ်တော့ ထုတ်ပြောလို့ မရသေးဘူး” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်က ပြောသည်။

လက်ရှိနိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် သက်ဆိုင်သည့် အိတ်ပိတ်ပေးစာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အင်းအမျိုးသား တိုးတက်ရေးပါတီများ ပါဝင်သည်။

အဆိုပါ နိုင်ငံရေးပါတီများသည် ဇူလိုင်လ ၆ ရက်နေ့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများ ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသများကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတထံ သဘောထား ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

J-07



FOLLOW US