News

POST TAGGED AS

တန်ဖိုးနည်း အိမ်ရာ

ရန်ကုန်တွင် ဆောက်မည့် အိမ်ရာစီမံကိန်းများအတွက် တင်ဒါခေါ်
ရန်ကုန်၊ စက်တင်ဘာ ၎

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် သန်လျင်-ကျောက်တန်းမြို့နယ်များတွင် ဆောက်လုပ်မည့် တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများအတွက် စက်တင်ဘာလမှစ၍ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို တင်ဒါ ခေါ်ယူနေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာနထံမှ သိရှိရသည်။

စီမံကိန်းဖော်ဆောင်ရန် တင်ဒါခေါ်ယူသည့် နေရာများမှာ လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်း အိမ်ရာစီမံကိန်း အပိုင်း၂ ရှိ မြေဧရိယာ ၂၃ ဧကတွင် တန်ဖိုးသင့်အိမ်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ သန်လျင်-ကျောက်တန်းမြို့နယ်၊ သီလဝါ အထူးစီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက် ၅၈၈ ကွက်ရှိ မြေဧရိယာ ၃၁ ဧကပေါ်တွင် တန်ဖိုးနည်း တိုက်ခန်းများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါစနစ်နဲ့ ခေါ်ယူပြီး ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ လှိုင်သာယာနဲ့ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ အများပြည်သူအတွက် တန်ဖိုးသင့်နဲ့ တန်ဖိုးနည်းအိမ်ရာတွေကို အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားပါမယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါ အိမ်ရာစီမံကိန်း လုပ်ငန်းများအတွက် နိုင်ငံသား ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာ အချက်အလက်များကို စက်တင်ဘာလ ၁ရက်မှ ၃၀ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။

အိမ်ပိုင်မရှိသူ အစိုးရဝန်ထမ်းများနှင့် အများပြည်သူများ ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

"အစိုးရအနေနဲ့ အန်တီတို့လို အိမ်ပိုင်မရှိတဲ့ ဝန်ထမ်းတွေအတွက် လက်လှမ်းမီနိုင်မယ့် သိန်း၁၀၀ အောက် တန်ဖိုးနည်း တိုက်ခန်းတွေ များများ တည်ဆောက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးသင့်ပါတယ်။ ဒါမှ တိုက်ခန်းတစ်ခု မဲမပေါက်ရင် နောက်တစ်ခု လျှောက်လို့ရမှာပါ။ ဒီလကုန် အစိုးရက ရောင်းချမယ့် တိုက်ခန်းတွေကို လျှောက်ထားဖို့ စောင့်နေပါတယ်"ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ ကျောင်းဆရာမ ဒေါ်ဥမ္မာက ဆိုသည်။  



FOLLOW US