News

POST TAGGED AS

တနင်္သာရီ

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့်တွေ့ဆုံခြင်း
ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း H.E. Prof. Surakiart Sathirathai ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အကြံပြုအဖွဲ့၏ ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်က သွားရောက်ခဲ့သော ရခိုင်ပြည်နယ် ခရီးစဉ်တွင် လိုက်ပါခဲ့သူ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်ကို ကွင်းဆင်းလေ့လာမှု အခြေအနေများနှင့်ပတ်သက်၍ The Voice က ဆက်သွယ် မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : လက်ရှိ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုနဲ့ပတ်သက်တဲ့ အစိုးရရဲ့ လုပ်ဆောင်နေမှုတွေကို အရင်ဆုံး ရှင်းပြပေးပါ။
Dr.ATT : ဆရာတို့လုပ်တဲ့အခါ ဆရာတို့အနေနဲ့ စဉ်းစားဖို့ လိုတာတော့ ပထမဆုံးအနေနဲ့ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဥပမာ ကျန်းမာရေးဆိုလည်း ကျန်းမာရေး၊ ပညာရေးဆိုလည်း ပညာရေး၊ ဆောက်လုပ်ရေးဆိုလည်း ဆောက်လုပ်ရေး သူတို့လုပ်ငန်းတွေ လုပ်နေတယ်။ ပထမပိုင်းကတော့ Line Ministry တွေပေါ့နော်။ ဒါက တစ်ပိုင်း၊ ဒုတိယအပိုင်းကလည်း ပြည်နယ်အစိုးရပေါ့။ ပြည်နယ်အစိုးရက သူ လုပ်စရာရှိတာတွေကို သူ လုပ်နေတယ်။ တတိယပိုင်းကကျတော့ ကိုဖီအာနန် အကြံပေးတာကို အကောင်အထည်ဖော်မယ့် ကော်မတီကလည်း လုပ်တယ်။ နောက်ဆုံးကတော့ ပြည်ထောင်စုအဆင့် ဆရာ တာဝန်ယူထားရတဲ့ ပရောဂျက်ပေါ့။ တကယ်တမ်း ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး လူသားချင်းစာနာ၊ ပြန်လည် နေရာချထားရေးကိစ္စ ပြောတဲ့အခါမှာ ပြည့်ပြည့်စုံစုံ စဉ်းစားနိုင်ဖို့ပါ။ ဒီအဖွဲ့အစည်းလေး ခုက လုပ်နေတာတွေကို သဘောပေါက်ဖို့ လိုတာပေါ့။

Voice : နေရပ်စွန့်ခွာသူတွေကို ပြန်လက်ခံပြီးတော့ အကူအညီ အထောက်အပံ့ပေးဖို့ ဘာတွေ ပြင်ထားတာ ဆရာတို့ တွေ့ရလဲ။
Dr.ATT : ကျွန်တော်တို့ အဓိကတော့ နှစ်ခုပါ။ လူသားချင်း စာနာတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြန်လာမယ့် လူတွေကိစ္စမပြောခင် ဒီမှာလက်ရှိ ရခိုင်ပြည်နယ်မှာ နဂိုနေတဲ့နေရာက စွန့်ခွာသွားတဲ့လူတွေ ရှိတယ်လေ။ အဲ့ဒီလူတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကော ဆရာတို့အဖွဲ့ကကော လူသားချင်း စာနာတဲ့ အခြေခံပစ္စည်း စားသောက်ကုန်၊ အဝတ်အထည်တွေကော ဒါတွေကို ဆရာတို့ ပေးနေတာ ဖြစ်တယ်။ ဒုတိယအပိုင်းကတော့ အခုနမေးတဲ့ကိစ္စ၊ ပြန်လာမယ့်သူတွေအတွက်က ပထမဆုံး ပြန်လာလို့ရှိရင် စိစစ်ရဦးမှာကိုး။ စိစစ်မယ့်အလုပ်ကို ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ လုပ်ပြီးပြီ။ ကြိုဆိုစခန်းတွေ အဆင်သင့်တော့ပြီးပြီ။ သူတို့ ဟိုဘက်က ပြန်လာတဲ့အခါမှာ အဆင်သင့်ဖြစ်အောင် စီစဉ်ထားရတာပါ။ နောက်တစ်ခုက ဒေသနဲ့ပတ်သက်လို့ စီးပွားရေး အခွင့်အလမ်းတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သားငါး အစပေါ့။ အဲ့ဒါအပြင် ဆရာတို့က အသေးစား ချေးငွေတွေ ချေးနိုင်အောင် ဘယ်လိုပုံစံနဲ့ ချေးနိုင်မလဲ ဆိုတာလည်း စဉ်းစားတယ်။ ပြီးတော့မှ ရေရှည်အတွက် ရခိုင်ပြည်နယ်က တကယ်တမ်းတော့ ကိုယ့်နိုင်ငံမှာ အင်မတန်မှ တိုးတက်နိုင်တဲ့ ဒေသကြီးတစ်ခုဖြစ်တယ်။ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ပတ်သက်လို့ ရခိုင်မှာပြောရင် ငပလီ ရှိသလို မြောက်ဦးလည်း ရှိတာပဲ။ ရေရှည်အတွက် စဉ်းစားရမယ်။ ဆရာတို့ အလုပ်လုပ်တဲ့အခါမှာ နှစ်ခုပေါ့လေ။ အရေးပေါ်ကိစ္စတွေ စဉ်းစားနေသလို အရေးကြီးတဲ့ကိစ္စတွေလည်း စဉ်းစားရတယ်။ အဲ့တော့ အရေးပေါ်တာနဲ့ အရေးကြီးတာက နှစ်ပိုင်းပေါ့။ အဲ့လို ခွဲစဉ်းစားပြီး လုပ်နေတာပါ။

Voice : ရခိုင်ပြည်နယ်ဟာ နိုင်ငံရဲ့စီပွားရေးအရ အရေးပါတဲ့ နယ်မြေဒေသတစ်ခုဖြစ်တော့ တည်ငြိမ်အေးချမ်းပြီး မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်လာဖို့ အစိုးရအနေနဲ့ ဘာတွေ ဆောင်ရွက်သင့်ပါသလဲ။
Dr.ATT : အဓိကတော့ ရခိုင်ပြည်နယ်ရဲ့ သဘာဝ အနေအထားက တော်တော်လေးကို စိုက်ပျိုးရေးမှာ အဆင်ပြေတယ်။ နောက်တစ်ခါ အင်မတန် အရေးကြီးတဲ့ ပင်လယ်ကြီးရှိနေတော့ ငါးဖမ်းလုပ်ငန်းက ဖြစ်နိုင်တယ်။ မွေးမြူရေး လုပ်ငန်းတွေက ဖြစ်နိုင်တယ်။ ပြီးတော့မှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကလည်း နိုင်ငံတော်ရဲ့ အစီအစဉ်တွေ ရှိတယ်။ အဓိကတော့ စီးပွားရေးတိုးတက်အောင် လုပ်ဖို့လိုတယ်။ အခုဖြစ်နေတဲ့ လူမျိုး၊ ဘာသာအုပ်စုတွေ ပဋိပက္ခတွေက အများကြီး ရှိနေတဲ့အခါကျ ဖြေရှင်းနိုင်တဲ့နည်းတစ်နည်းက ရေရှည်မှာတော့ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်ရမယ်။ ရခိုင်ပြည်နယ်မှာ အခု ကြိုးစားနေတာကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတယ်။ တစ်နေရာက တစ်နေရာရောက်ဖို့ တော်တော် လုပ်ရတယ်။ အဲ့အတွက်ကို လမ်းတွေ ဖောက်နေတာ လုပ်တယ်။ နောက်တစ်ခုက လျှပ်စစ်ကို ရခိုင်ဒေသကြီးတစ်ခုလုံး အမြန်ဆုံးရအောင် ကြိုးစားနေတယ်။ လေယာဉ်ကွင်း ဖောက်တာတို့က အစပေါ့။ မြောက်ဦးမှာဆို လေယာဉ်ကွင်း မရှိသေးဘူး။ ငပလီ၊ သံတွဲမှာရှိတဲ့ လေယာဉ်ကွင်းကို ဒီထက်ကြီးတဲ့ လေယာဉ်တွေ ဆိုက်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်တွေ ဆရာတို့ လုပ်နေတာရှိတယ်။ တကယ်တမ်းတော့ ရေရှည် စဉ်းစားရမှာလေ။ ကာလတို စဉ်းစားတာထက်ကို ရခိုင်ပြည်နယ်ဟာ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ဒုတိယဖွံ့ဖြိုးမှု အနှေးဆုံးဒေသ ဆိုပေမယ့် အလားအလာ အကောင်းဆုံး တစ်ခုထဲမှာ ပါတယ်လို့ ပြောလို့ရတယ်။

Voice : ရခိုင်ပြည်နယ်အတွက် အကြံပြုပေးဖို့ ခေါ်ယူဖွဲ့စည်းပေးထားတဲ့ ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပြုအဖွဲ့က ဘာတွေ တာဝန်ယူရလဲ။
Dr.ATT : အဲ့ဒီအကြံပေးအဖွဲ့က သူတို့အနေနဲ့ အကြံပေးတာကို လူတွေ နားလည်ဖို့လိုတာက ကိုဖီအာနန် အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီကို အကြံပေးတာပေါ့။ အဲ့ဘောင်ကို သဘောပေါက်ဖို့လိုတယ်။ ကိုဖီအာနန်က သူရဲ့ကော်မရှင်မှာ ၈၈ ချက် အကြံပြုထားတယ်။ ဒီ ၈၈ ချက်ကို နိုင်ငံတော်အစိုးရက အရေးပါမှုအပေါ် မူတည်ပြီးတော့ အကောင်အထည်ဖော်နေတယ်။ ဒီလို အကောင်အထည်ဖော်တဲ့လုပ်ငန်းတွေ ပိုပြီးကောင်းလာအောင် ဒီအဖွဲ့က အကြံပေးတာပါ။ အကြံပေးတဲ့အဖွဲ့က အားလုံးကို အကြံပေးတာ မဟုတ်ဘူး။ ဒီ ၈၈ ချက်လုပ်တာကို အကောင်းဆုံးဖြစ်အောင် အကြံပေးရတာပဲ။ ဒီအကြံပေးချက်တွေက ဆရာတို့အတွက် အင်မတန် အရေးကြီးတဲ့ အကြံပေးချက်တွေပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ကိုယ့်ကိုအကြံပေးရင် ပိုကောင်းတာပေါ့နော်။

Voice : ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဦးဆောင်ပြီးတော့ ရခိုင်ပြည်နယ်ကို ကွင်းဆင်းလေ့လာတဲ့အထဲမှာ ဆရာလည်း လိုက်ပါသွားတယ်။ ဆရာအနေနဲ့ ဘာတွေတွေ့ရှိခဲ့လဲ။ အကြံပြုဖို့ကော ရှိလား။
Dr.ATT : သွားတဲ့အထဲမှာ ကိုယ်ကတော့ ကာယကံရှင် ဖြစ်နေတာကိုး။ ဆရာတို့လုပ်တာ သုံးခုရှိတယ်လေ။ လူသားချင်း စာနာမှုအလုပ်၊ ပြန်လည် နေရာချထားရေးအလုပ်၊ နောက်တစ်ခါ ဖွံ့ဖြိုးမှုအလုပ်တွေပေါ့။ အခု ကွင်းဆင်းလာတဲ့ ထိုင်းဒုဝန်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့အဖွဲ့ကို ဆရာတို့လုပ်နေတဲ့လုပ်ငန်း သုံးခုစလုံးမှာ ဘာတွေလုပ်နေတယ်ဆိုတာ ရှင်းပြနိုင်ခဲ့တယ်။ သူတို့အဖွဲ့ကလည်း တော်တော်အားရတယ်။ အခုအချိန်အထိက ကိုယ့်အား ကိုယ်ကိုးနဲ့ လုပ်နေရတာ။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ အခြေအနေ တည်ငြိမ်လာရင် နိုင်ငံတကာ အကူအညီတွေလည်း ရနိုင်တယ်လေ။ ပထမခြေလှမ်းအနေနဲ့ကတော့ ကိုယ့်အားကိုယ်ကိုးနဲ့ လုပ်နေတာဖြစ်တယ်။

Voice : နောက်ဆုံး ဖြည့်စွက်ပြောချင်တာ ဘာများရှိလဲ။
Dr.ATT : ရခိုင်အရေးက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အရေးပါ။ အခုဆို နိုင်ငံတော် အစိုးရက ဦးစီးပြီး လုပ်တယ်။ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်တွေကလည်း ပါဝင်တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း တစ်တပ်တစ် အားပါနေတော့ ဒီအရေးကြီးက ကိုယ်နဲ့ဆိုင်တယ်။ ကိုယ့်နိုင်ငံရဲ့ အရေးကြီးကိစ္စဖြစ်တယ်။ နောက်တစ်ခါ နိုင်ငံတကာ အာရုံစိုက်မှုကလည်း များတယ်။ အဲ့တော့ ကိုယ်လုပ်ပြနိုင်တာတော့ ပြရမှာပဲ။ ဆရာတို့နိုင်ငံနဲ့ လူမျိုးတွေက လုပ်ရည်ကိုင်ရည်ရှိတယ်၊ စွမ်းနေအောင် ရှိတာဆိုတာကို သက်သေပြနိုင်တဲ့ အနေအထားရှိတယ်။ အဲ့ဒါလေးတော့ ဆရာထည့်ပြောချင်တယ်။

အောင်ဇော်ထူး



FOLLOW US