News

POST TAGGED AS

တည်ဆောက်ရေး

တံတားတည်ဆောက်ရေးလုပ်ငန်းသုံး ရေယာဉ်သုံးစင်း တည်ဆောက်ပြီးစီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေနှင့် ဖက်စပ်ကုမ္ပဏီဖြင့် တံတားတည်ဆောက်ရေး လုပ်ငန်းသုံး တန် ၄၀၀ ရှိ တွဲရေယာဉ်သုံးစင်းကို ဖေဖော်ဝါရီလ ပထမအပတ်က တည်ဆောက်ပြီးစီးခဲ့ကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။

“ဒါက ကုန်တင်ယာဉ် မဟုတ်ပါဘူး။ တံတားတည်ဆောက်တဲ့အခါမှာ လုပ်ငန်းအထောက်အကူပြု သုံးစွဲဖို့ တည်ဆောက်ခဲ့တာဖြစ်တယ်။ ဒီဇိုင်းကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်းက ရေးဆွဲတာပါ”ဟု မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က ဆိုသည်။

တွဲရေယာဉ် သုံးစင်းကို မြန်မာသင်္ဘောကျင်းလုပ်ငန်းက ရေယာဉ်ဒီဇိုင်းနှင့် အရည်အသွေးစစ်ဆေးရေးကို တာဝန်ယူပြီး ဖက်စပ်ကုမ္ပဏီဖြစ်သော Myama Shipyards-AMECC JV ကုမ္ပဏီက ရေယာဉ်ဒီဇိုင်းရေးဆွဲခြင်း၊ ပစ္စည်းစုဆောင်းခြင်းနှင့် လုပ်ကိုင်ချိန်အပါအဝင် ခြောက်လအတွင်း တည်ဆောက်ရန် စာချုပ်ချုပ်ဆိုခဲ့သော်လည်း တည်ဆောက်ချိန် ငါးလသာ အချိန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရေယာဉ်သည် လုပ်ငန်းနှစ်မျိုး အသုံးပြုနိုင်ပြီး တံတားတည်ဆောက်နေစဉ် ရေယာဉ်အပေါ် ကရိန်းတင်ဆောင်ကာ အသုံးပြုခြင်း၊ တိုင်များ တစ်တိုင်နှင့်တစ်တိုင်ကြား ကြိုးတန်းများ ချိန်ညှိနိုင်ခြင်းတို့ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တန် ၄၀၀ တွဲရေယာဉ်မှာ အလျား ၁၃၀ ပေ၊ ဗြက် ၃၀ ပေ၊ ဇောက် ၈ ပေ၊ ရေစူး ၅ ပေရှိကာ ရေယာဉ်တစ်စင်း၏ တန်ဖိုးမှာ ကျပ် ၃၂၀ သန်းဖြစ်ပြီး ဝန်ထမ်းခြောက်ဦး နေထိုင်နိုင်ပြီး အိပ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ထည့်သွင်းတည်ဆောက်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီ ရေယာဉ်သုံးစင်းကို ဖေဖော်ဝါရီလ ၈ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်က တံတားဦးစီးဌာနကို လွှဲပြောင်းပေးလိုက်ပြီး။ လုပ်ငန်းခွင်အတွက်တော့ အသုံးမပြုသေးဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာ့သင်္ဘောကျင်း လုပ်ငန်းအနေနှင့် တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတွင် ရေယာဉ်ပြင်ဆင်ရေးလုပ်ငန်းကို အဓိက ဦးစားပေးစီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး  Myama Shipyards-AMECC JV ကုမ္ပဏီနှင့် ဆီတင်ရေယာဉ်နှစ်စင်း၊ ကန်းရိုးတန်းသွား စားအုန်းဆီတင်တစ်စင်း၊ ငါးဖမ်းရေ ယာဉ်ငါးစင်း၊ မြစ်တွင်းသွား တွန်းဆွဲ ရေယာဉ် နှစ်စင်း၊ ဆိပ်ကမ်းသုံး တွန်းဆွဲရေ ယာဉ်တစ်စင်းတို့ကို ၂၀၁၈ ခုနှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။

မြန်မာတစ်ပြည်လုံးသို့ ခရီးသည် သယ်ယူပို့ဆောင်နေသည့် ရေယာဉ် မြစ်ဝကျွန်းပေါ်ဌာနခွဲတွင် ၅၃ စင်း၊ ဧရာဝတီဌာနခွဲတွင် ၃၄ စင်း၊ ချင်းတွင်းဌာနခွဲတွင် ၁၁ စင်း၊ သံလွင်ဌာနခွဲတွင် ၈ စင်း၊ ရခိုင်ဌာနခွဲတွင် ၁၃ စင်း၊ ကုန်စည်ပို့ဆောင်ရေးဌာနခွဲတွင် ၁၅၇ စင်းရှိကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးထံမှ သိရသည်။ 

J-06



FOLLOW US