News

POST TAGGED AS

တင်ဒါ

27-Aug-2018

ရန်ကုန် ပုသိမ်
ရန်ကုန်-ပုသိမ် လမ်းမကြီးရှိ လမ်းပိုင်းအချို့ ပြင်ဆင်
ပုသိမ်၊ ဩဂုတ် ၂၆ 

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကို အဓိကဆက်သွယ်ထားသော ရန်ကုန် - ပုသိမ်လမ်းမကြီးရှိ လမ်းပိုင်းအချို့ကို ဩဂုတ်လဆန်းပိုင်းမှစ၍ ပြင်ဆင်နေကြောင်း ဧရာဝတီတိုင်းအစိုးရထံမှ သိရသည်။ 

ရန်ကုန် - ပုသိမ်လမ်းပိုင်း ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုန်းစသည့်မြို့နယ်များရှိ လမ်းပိုင်း ပျက်စီးသောနေရာများကို အပိုင်းလိုက် ပြုပြင်နေကြောင်း၊ မိုးကာလတွင်လမ်းသား ပေါက်ပြဲခြင်း၊ လမ်းသားမျက်နှာပြင် ပျက်စီးခြင်းများကို ယာဉ်သွားလာနိုင်ရန် ပြင်ဆင်နေကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းများကို ကုမ္ပဏီတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့ ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းလမ်းပိုင်းကို BOT စနစ်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသော အိုရီရမ်တယ် ဟိုက်ဝေး ကုမ္ပဏီမှ ရန်ကုန် - ပုသိမ်လမ်း စီမံကိန်း မန်နေဂျာ ဦးအောင်ကိုလေးက ပြောသည်။ 

ရန်ကုန်-ပုသိမ်လမ်းမကြီးသည် ၁၁၃ မိုင်ရှည်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ယူထားသောလမ်းဖြစ်ကြောင်း၊ အဆိုပါလမ်း ဘုရင့်နောင် တံတားအမှတ် (၁) နှင့် (၂)လမ်းဆုံ သုည ကီလိုမီတာမှ ပုသိမ်မြို့အဝင် ၁၇၅ ကီလိုမီတာအထိကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် လမ်းအဆင့်မြှင့်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားကြောင်း ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။ 

“အခုလမ်းပျက်နေတာတွေကို BOT ရတဲ့ကုမ္ပဏီက ပြင်ပေးရပါမယ်၊ ADB ချေးငွေနဲ့ လုပ်ငန်းစတင်တော့မယ်ဆိုရင် BOT ကုမ္ပဏီဆီကနေ လုပ်ငန်းတွေပြန်သိမ်းပါမယ်”ဟု ၎င်းက ဆိုသည်။ 

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ADB တို့ သဘောတူထားသော ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၀ မှ ၁၃၀ မီလီယံရှိကြောင်း၊ ADB ချေးငွေဖြင့် အဆင့်မြှင့်တင်ရန် လမ်းအဆင့်မြှင့်ရမည့် လုပ်ငန်းအစီအစဉ်များ တိုင်းတာစစ်ဆေးနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရထံမှ သိရသည်။ 

ရန်ကုန်-ပုသိမ်လမ်းအတွက် BOT ရရှိသည့် အိုရီရမ်တယ် ဟိုက်ဝေးကုမ္ပဏီမှာ နှစ် ၄၀ သက်တမ်း ဖြစ်သော်လည်း ၇ နှစ်ခန့်သာ ဆောင်ရွက်ထားပြီးဖြစ်၍ ၃၃ နှစ်ခန့် သက်တမ်းကျန်သေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

“ကျွန်တော်တို့က လမ်းအဆင့်မြှင့်တာ မမြှင့်တာတွေ နောက်မှာထား၊ လမ်းမကြီးက အခု တော်တော်ပျက်စီးနေပြီ၊ ဒါကို ဘယ်သူက တာဝန်ယူပြင်ပေးမှာလဲ၊ ဘယ်အချိန်မှာပြင်ပေးကြမှာလဲ၊ လမ်းကြေးတံတားကြေးတွေကတော့ ကောက်ကောင်းနေတုန်းပဲ၊ အစိုးရက ကုမ္ပဏီကိုလွှဲချ၊ ကုမ္ပဏီက မပြင်ပေးနဲ့ ကျွန်တော်တို့တွေ ကားမောင်းရတာ တော်တော်ကို ဒုက္ခရောက်နေကြပါတယ်”ဟု ပုသိမ်မြို့မှ ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

R-11



FOLLOW US