News

POST TAGGED AS

တင်ဒါ

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး တင်ဒါပြန်ခေါ်မည်
ထားဝယ်၊ မေ ၂၂

ထားဝယ်ခရိုင်အတွက် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယခုမေလအတွင်း တင်ဒါပြန်ခေါ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

လျှပ်စစ်ထုတ်လုပ်ရေးကို လုပ်ကိုင်ခွင့်ရထားသည့်အပြင် ဖြန့်ဖြူးရေးကို ယာယီလုပ်ကိုင်ခွင့်ရထားသည့် GGS ကုမ္ပဏီကို ဝေဖန်မှုများမြင့်တက်နေစဉ် ယင်းသို့ ထုတ်လုပ်၊ ဖြန့်ဖြူးရေးအတွက် တင်ဒါပြန်ခေါ်ရန် စီစဉ်လာခြင်းဖြစ်သည်။

တင်ဒါခေါ်ယူရေးကော်မတီ ဖွဲ့စည်းခွင့်ကို ပြီးခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည့်အတွက် ယခုလအတွင်း တင်ဒါခေါ်ဖြစ်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါကို ပြီးခဲ့သည့် ဇန်နဝါရီလက ခေါ်ယူခဲ့ဖူးပြီး ဖေဖော်ဝါရီလက ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ဒါကိုဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့ဖူးသည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဖြန့်ဖြူးရေးလုပ်နေသည့် DDPC ကုမ္ပဏီ စာချုပ်သက်တမ်းပြည့်ချိန်တွင် (Global Grand Services) ကုမ္ပဏီကို ဖေဖော်ဝါရီလမှစတင်ကာ ယာယီလုပ်ကိုင်ခွင့်ပြုကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။

ယင်းနောက် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးကို တစ်ခုတည်းပေါင်းကာ တင်ဒါပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကြည်လှိုင်က ပြောသည်။

လက်ရှိတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထွက်ပေါ်လာပါက လျှပ်စစ်ထုတ်လုပ်ရေးအတွက် GGS ကုမ္ပဏီနှင့် ချုပ်ထားသည့်စာချုပ် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ဦးကြည်လှိုင်က ဆိုသည်။

“လက်ရှိထုတ်နေတဲ့ မဂ္ဂါဝပ်ထက် မလျော့အောင် (ထုတ်လုပ်နိုင်သူကို) ခေါ်မယ်”ဟု ဝန်ကြီးဦးကြည်လှိုင်က ပြောသည်။

လက်ရှိတွင် တင်ဒါခေါ်ယူရေး ကော်မတီကို မဖွဲ့ရသေးသည့်အတွက် တင်ဒါခေါ်ယူမည့် အချိန်နှင့် စည်းမျဉ်းစည်းကမ်းများကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။

မကြာခဏ မီးပျက်ခြင်းနှင့် မီးသုံးစွဲသည့် ပြည်သူများအပေါ် လေးစားစွာ ဆက်ဆံလာစေရန် တင်ဒါအောင်မြင်သည့် လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီကို တိုင်းအစိုးရအနေနှင့် ကြီးကြပ်ပေးရန် လိုအပ်ကြောင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်နေ ဦးသန်းဇော်လေးက ဆိုသည်။

“ဖြန့်ဖြူးရေးကို ဘယ်သူပဲလုပ်လုပ် ပုံမှန်မီးလာဖို့နဲ့ ဝန်ဆောင်မှု ကောင်းဖို့ပဲလိုတယ်”ဟု ဦးသန်းဇော်လေးက ပြောသည်။

လက်ရှိအချိန်တွင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းကို ယာယီလုပ်ကိုင်ခွင့် ရရှိထားသည့် GGS ကုမ္ပဏီ လုပ်ကိုင်နေသည်မှာ အချိန်သုံးလကျော်သွားပြီဖြစ်ပြီး ကုမ္ပဏီ၏ လျှပ်စစ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။  

Dawei Watch



FOLLOW US