News

POST TAGGED AS

တင်ဒါ

ငှက်သိုက်တင်ဒါအားလုံး မြန်မာ့စီးပွားရေးဦးပိုင် လုပ်ခွင့်ရ
ထားဝယ်၊ မတ် ၁၁

တနင်္သာရီတိုင်းအတွင်းရှိ ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့် လိုင်စင်အတွက်ကို ဈေးပြိုင်အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချခဲ့ရာ ကျွန်းအုပ်စုလေးခုစလုံးကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ဈေးအများဆုံးပေးကာ လုပ်ကိုင်ခွင့်ရရှိသွားကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကိုကျွန်းအုပ်စု၊ ကျွန်းစုမြို့နယ်တွင် ရေအေးကျွန်းအုပ်စု၊ ကော့သောင်းမြို့နယ်တွင် ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စု၊ ပုလောမြို့နယ်တွင် မလိကျွန်း အုပ်စုဟူ၍ အုပ်စု ၄ ခုခွဲထားပြီး ကျွန်းအုပ်စုတစ်ခုချင်း ငှက်သိုက်စုဆောင်း ထုတ်လုပ်ခွင့်အတွက် မတ်လ ၈ ရက်က ရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဈေးပြိုင်တင်ဒါကို ကုမ္ပဏီ ၃ ခုနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လုပ်ကိုင်ခွင့်သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကိုကျွန်းအုပ်စုကို ငွေကျပ် ၇ သိန်း၊ ကျွန်းစုမြို့နယ်အတွင်းရှိ ရေအေးကျွန်းအုပ်စုကို ကျပ် ၁၆ သိန်းခွဲ၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စုကို ငွေကျပ် သိန်း ၇၂၀၀ နှင့် ပုလောမြို့နယ်အတွင်းရှိ မလိကျွန်းအုပ်စုကို ကျပ်သိန်းပေါင်း ၁၂၆၀၀ ဖြင့်လည်းကောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ဦးကျော်သန်းဌေးက ဈေးအမြင့်ဆုံးပေးခဲ့ကြောင်း တိုင်းသစ်တောထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က အဆိုပါကျွန်းအုပ်စုများတွင် ငှက်သိုက်စုဆောင်း ထုတ်လုပ်ခွင့်အတွက် ငွေကျပ်သိန်းပေါင်း ၁၀၀၂၅.၅ သိန်း ရရှိရာမှ ယခုနှစ်တွင် ကျပ်သိန်းပေါင်း ၁၉၈၂၃.၅ သိန်း ရရှိခဲ့ကြောင်း တိုင်းသစ်တောဌာနထံမှ သိရသည်။

“အရင်နှစ်ထက် တိုင်းဒေသကြီး ဘတ်ဂျက်အတွက် အခွန်ငွေ ပိုရလာတာပေါ့”ဟု သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။

ကော့သောင်းခရိုင်အတွင်းရှိ ငှက်သိုက်ကျွန်းအချို့တွင် သွားရောက်လည်ပတ်သည့် ခရီးသွားကုမ္ပဏီများက တင်ဒါအောင်သည့် ကုမ္ပဏီကို အခငွေကြေးပေးမှသာ ကျွန်းပေါ်တက်ခွင့်ပြုနေကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ သိရသည်။

“ဘယ်သူပဲရရ ကျွန်းတက်ခကောက်ပြီး ပေးတက်ဖို့ပဲ အရေးကြီးပါတယ်”ဟု ကော့သောင်းအခြေစိုက် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ငှက်သိုက်ကျွန်းများတွင် ငှက်သိုက်စုဆောင်း ထုတ်လုပ်ခွင့်နှင့် ဇီဝဇိုးငှက်များပြုစုထိန်းသိမ်းရန် တင်ဒါခေါ်ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။

ပြီးခဲ့သည့်နှစ်က လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကိုကျွန်းအုပ်စု၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းအုပ်စု၊ ပုလောမြို့နယ်ရှိ မလိကျွန်းအုပ်စုတို့အား ငွေကျပ် ၇၀၂၅ ဒသမ ၅ သိန်းဖြင့် မြိတ်အခြေစိုက် ငွေပင်လယ်ကုမ္ပဏီက တင်ဒါအောင်ခဲ့သည်။

နာမည်ကျော် အသည်းပုံကျွန်း ပါဝင်သည့် ကော့သောင်းမြို့နယ်မှ ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စုအား ခရီးသွား လုပ်ငန်းကုမ္ပဏီ တစ်ခုဖြစ်သော Grand Andaman Islands ကုမ္ပဏီက ကျပ်သိန်း ၃၀၀၀ ဖြင့် တင်ဒါအောင်ခဲ့သည်။

Dawei Watch



FOLLOW US