News

POST TAGGED AS

တက္ကသိုလ်

တက္ကသိုလ်ဝင် စာမေးပွဲရမှတ်စာရင်း စတင်ထုတ်ယူနိုင်
ရန်ကုန်၊ ဇွန် ၎

ယခုနှစ် မတ်လကစစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင် (ဆယ်တန်း) စာမေးပွဲ ဖြေဆိုသူများ၏ ရမှတ်စာရင်းများကို ဇွန်လ ၄ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရှိရသည်။

စာမေးပွဲအောင်မြင်သူဖြစ်စေ၊ ကျရှုံးသူဖြစ်စေ မိမိတို့ ရမှတ်စာရင်းကို ထုတ်ယူနိုင်မည်။ ရမှတ်စာရင်းများကို ရန်ကုန်မြို့တွင် လှိုင်တက္ကသိုလ်နယ်မြေ ဇွဲကပင်ဆောင်၌ ထုတ်ပေးနေခြင်းဖြစ်သည်။ နေပြည်တော်တွင် အမှတ် (၅၂) စာစစ်ရုံး၌ ထုတ်ပေးနေခြင်းဖြစ်သည်။

စာစစ်ဌာနထံမှ လျှောက်လွှာရယူကာ လျှောက်လွှာနှင့် တံဆိပ်ခေါင်းဖိုး ၄၀၀ ကျပ် ပေးသွင်းရမည်ဖြစ်သည်။ လျှောက်လွှာ၌ အမည်၊ ခုံနံပါတ်၊ စာစစ်ဌာနအမည်တို့ကို ဖြည့်စွက်ကာ ထုတ်ယူနိုင်မည်။ အမှတ်စာရင်းထုတ်ယူနိုင်မည့် နောက်ဆုံးရက်ကို ကန့်သတ်ထားခြင်းမရှိသေးဘဲ ရုံးချိန်အတွင်း နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ထုတ်ယူနိုင်မည်။

အမှတ်စာရင်းများကို လှိုင်တက္ကသိုလ်နယ်မြေရှိ ဇွဲကပင်ဆောင်၌ ကောင်တာ ၇ ခုခွဲကာ ထုတ်ပေးနေခြင်းဖြစ်ပြီး အမှတ်စာရင်းစတင်ထုတ်ပေးသည့် ပထမနေ့တွင်ပင် လာရောက်ထုတ်ယူသူဦးရေ သုံးသောင်းကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ခုံနံပါတ်ရယ် အမည်ရယ် မှန်ဖို့ပဲလိုတယ်။ ဘယ်သူပဲလာထုတ်ထုတ် (ကိုယ်စားထုတ်ယူလည်းရသည်) ချက်ချင်းထုတ်ပေးတယ်”ဟု ၎င်းက ပြောကြားသည်။

ဇွန်လ ၄ ရက်တွင် လှိုင်တက္ကသိုလ်နယ်မြေ၊ ဇွဲကပင်ဆောင်သို့ The Voice က သွားရောက်ကြည့်ရှုရာ အမှတ်စာရင်း လာထုတ်သူများပြားသောကြောင့် တန်းစီစောင့်ရသည်ကို တွေ့ရှိရသည်။ အမှတ်စာရင်း လာထုတ်သူများအနေနှင့် မိမိနေအိမ်မှ ကော်ဘူးယူလာသင့်သည်ကို တွေ့ရှိရသည်။ ယင်းနေရာတွင် ကော်ဘူးရောင်းချသူများလည်း ရှိသည်။

အမှတ်စာရင်းထုတ်ပေးသည့် ဇွဲကပင်ဆောင် ဝင်ပေါက်တွင် ဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ သက်မွေးသင်တန်းကျောင်းနှင့် အခြားသော ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်းများက ကြော်ငြာများဝေငှနေရာ ထိုဝင်းအတွင်းနှင့်ပတ်ဝန်းကျင်တွင် စာရွက်များပြန့်ကျဲနေသည်ကိုလည်း တွေ့ရသည်။

အမှတ်စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာ ထုတ်ပေးနိုင်ရန် နိုင်သလောက် ဆောင်ရွက်နေရကြောင်း၊ ဇွန်လ ၄ ရက်တွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းများသို့ သွားရောက်ကာ မိုဘိုင်းလ်စနစ်ဖြင့် ထုတ်ပေးနေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရသည်။

မြောက်ဥက္ကလာမှ အမှတ်စာရင်း လာရောက်ထုတ်ယူသူ ဦးရဲက “အမှတ်စာရင်း ထုတ်တဲ့နေရာမှာ အခက်အခဲမရှိပါဘူး။ အမှတ်စာရင်းထွက်လာတော့ သိပ်တော့မကျေနပ်ဘူး။ ဦးလေးတို့က သမီးကို D ခြောက်လုံးမှန်းထားတာ။ ခုအမှတ်ထွက်တော့ တစ်ဘာသာက အမှတ်ကပ်ပြီးပြုတ်သွားတဲ့အတွက် နည်းနည်းခုလုလုဖြစ်တာပေါ့”ဟု ပြောကြားသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြေဆိုသူ ၇၈၀,၀၀၀ ဦး ကျော်ရှိသည့်အနက် ၂၆၀,၀၀၀ ဦးခန့်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များကထက် လျော့နည်းသွားခြင်းဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းများထုတ်ပေးရန် လုပ်ဆောင်နေရခြင်းဖြစ်၍ အောင်လက်မှတ်ထုတ်ပေးမည့်ရက်ကိုမူ သတ်မှတ်ရခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရသည်။

J-19





FOLLOW US