News

POST TAGGED AS

တက္ကသိုလ်ဝင်တန်း

အမြွှာညီမသုံးဦးဂုဏ်ထူး ၄ ခုစီဖြင့်အောင်မြင်


ရန်ကုန်၊ ဇွန် ၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာမှ အမြွှာကျောင်းသူ ၃ ဦး ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးလေးဘာသာစီဖြင့် အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနထံမှ သိရှိရသည်။

အဆိုပါကျောင်းသူ ၃ ဦးသည် မြင်းခြံစာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲ ခုံနံပါတ် မခ- ၃၄၅ မသန့်ထားထားဇော်၊ မခ-၃၄၈ မသန့်ထူးထူးဇော်နှင့် မခ- ၃၅၀ မသန့်ထက်ထက်ဇော် တို့ဖြစ်သည်။

မသန့်ထားထားဇော်နှင့် မသန့်ထူးထူးဇော်တို့သည် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရရှိခဲ့ပြီး မသန့်ထက်ထက်ဇော်သည် မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရရှိခဲ့ခြင်းဖြစ်သည်။

ကျောင်းသူသုံးဦး၏ ဖခင်ဖြစ်သူ ဦးဇော်ဝင်းက “သုံးမြွှာပူးဆိုတော့ သူများထက်ထူးထူးခြားခြားနဲ့ ခုလို ဂုဏ်ထူးလေးခုစီပါတော့ ပိုပြီးဂုဏ်ရှိတာပေါ့။ မိဘတစ်ယောက်အနေနဲ့ ဝမ်းမြောက်ပါတယ်” ဟု ပြောကြားသည်။

ညီအမ ၃ ဦးသည် ဖက်ပင်အိုင်ကျေးရွာမှ တစ်မိုင်ကျော်ဝေးသည့် အထက (၄) မြင်းခြံတွင် ပညာသင်ယူခဲ့ခြင်းဖြစ်ပြီး အဋ္ဌမတန်းတွင်လည်း A အဆင့်များဖြင့်သာ အောင်မြင်ခဲ့ကြောင်း ၄င်းတို့၏ဖခင် ဦးဇော်ဝင်းက ဆိုသည်။

ဂုဏ်ထူးလေးဘာသာစီဖြင့် အောင်မြင်ခဲ့သော်လည်း စုစုပေါင်းရမှတ်နှင့် ကိုက်ညီသည့်တက္ကသိုလ်ကိုသာ တက်ရောက်မည်ဖြစ်ကြောင်း ဦးဇော်ဝင်းကပြောကြားသည်။

ဖခင်ဖြစ်သူ ဦးဇော်ဝင်းအနေနှင့် စိုက်ပျိုးရေးဆေးကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေရခြင်းဖြစ်၍ သမီးအမြွှာသုံးဦးအတွက် ကုန်ကျမည့် တက္ကသိုလ်ကျောင်းလခအတွက် အကူအညီရလျှင် ပိုအဆင်ပြေမည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

J-19



FOLLOW US