News

POST TAGGED AS

တက္ကသိုလ်ဝင်တန်း

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြရန်မလို
ရန်ကုန်၊ မေ ၁၄

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်သွင်းရာတွင် ကျန်းမာကြောင်း ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများ တင်ပြရန်မလိုကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မေလ ၁၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး၏ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ တင်သွင်းရာတွင် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတင်ပြရမှု ပယ်ဖျက်ပေးရန် ရှိ၊ မရှိ မေးမြန်းမှုကို ဝန်ကြီးက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ပညာရေးဝန်ကြီးဌာနအနေနှင့် ၂၀၁၃ ခုနှစ်မှစတင်၍ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်၌ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများနှင့် ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာများ ပူးတွဲ တင်ပြရန် သတ်မှတ်ချက် ပယ်ဖျက်ခဲ့ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

သို့သော် မေးခွန်းမေးမြန်းသည့် လွှတ်တော်အမတ်နေထိုင်ရာ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အပါအဝင် အချို့သော တိုင်း၊ ပြည်နယ်များမှ မြို့နယ်များတွင် ကျန်းမာကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို သက်ဆိုင်ရာ ဆေးရုံ၊ ရဲစခန်းများထံမှ တောင်းယူနေရဆဲဖြစ်ကြောင်း ဒေါက်တာဒေါ်ပြုံးက ပြောဆိုသည်။

ယင်းသို့ထောက်ခံစာများ တောင်းခံရာတွင် ကျောင်းသား၊ ကျောင်းသူများအနေနှင့် ဆေးရုံနှင့် ရဲစခန်းများသို့ သွားရောက် တောင်းခံရခြင်း၊ ရန်ပုံငွေ ပေးရခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများရှိသဖြင့် အဆင်ပြေမှုမရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထုတ်ပြန်ပြီးလျှင် (ထုတ်ပြန်မည့်အချိန်ကို ပြောကြားခြင်း မရှိသေးပေ) ပြစ်မှုကင်းရှင်းကြောင်းနှင့် ကျန်းမာကြောင်း ထောက်ခံစာများ မလိုအပ်ကြောင်းကို ရုပ်မြင်သံကြား၊ သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

J-19



FOLLOW US