News

အသံဗုံးများ ခြောက်လှန့်နေသည်
ရန်ကုန်တွင် ဆက်တိုက်ပေါက်ကွဲမှုများကြောင့် ရွှေတိဂုံဘုရားသို့ပင် အရည်ပါ ပုလင်း၊ ဘူးများ ယူခွင့်မပြုတော့ပေ။

ရေသန့်ဘူးနှင့် အချိုရည်ပုလင်း လေးလုံးကို ကြွပ်ကြွပ်အိတ်ဖြင့် ကိုင်လာသည့် အမျိုးသမီးသုံးဦးကို စေတီရင်ပြင်တော်သို့ အတက်အရှေ့ဘက်မုခ် လုံခြုံရေးဂိတ်က လုံခြုံရေးဝန်ထမ်း အမျိုးသမီးက တားမြစ်သည်။

“ရေသန့်ဘူးတွေ၊ အချိုရည်ဘူးတွေ ယူလို့ မရဘူး။ ထားခဲ့ပါ” ဟု ၎င်းက ပြောဆိုသည်။ 

လူအဝင် စစ်ဆေးသည့် ယင်းဂိတ်တွင် A4 စက္ကူဖြင့် ရန်ကုန်မြို့ နေရာအချို့တွင် အရည်ပါ ပုလင်းများကို အသုံးပြု၍ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သဖြင့် ရွှေတိဂုံစေတီ ရင်ပြင်တော်သို့ အရည်ပါသော ဘူး၊ ပုလင်းများ ယူခွင့်မပြုဟု တားမြစ်စာ ကပ်ထားသည်။ ယင်းအပြင် လုံခြုံရေး ဆောင်ရွက်မှုကိုလည်း တိုးမြှင့်ထားသည်။

ရန်ကုန်မြို့တော်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကိုးရက်အတွင်း M150 အချိုရည်ပုလင်းကို အသုံးပြုကာ ဖောက်ခွဲမှု ၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ယင်းသို့ တားမြစ်လိုက်ခြင်း ဖြစ်သည်။ 

ရန်ကုန်တွင် လတ်တလော ပေါက်ကွဲမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများစွာ ထွက်ပေါ်နေသည်။ အစိုးရသစ်ကို စွမ်းဆောင်ရည် နည်းပါးသည်ဟု ပုံဖော်လိုသဖြင့် လုပ်ဆောင်ခြင်းဟု အချို့က သုံးသပ်သည်။ အချို့ကလည်း ရခိုင်အရေးနှင့် ဆက်စပ်နိုင်သည်ဟု ဆိုပြန်သည်။

သို့သော်လည်း အာဏာပိုင်များက ဖောက်ခွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ဒီဇင်ဘာလ ၁ ရက်နေ့အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဈေးဝယ်စင်တာများ အပါအဝင် ရန်ကုန်မြို့တော်တွင် လုံခြုံရေး အမြင့်ဆုံးနေရာ ဖြစ်သည့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရုံးအတွင်း ဖောက်ခွဲခံရမှုမှာ ပြည်သူလူထုကို  စိုးရိမ်မှု မြင့်တက်စေခဲ့သည်။ ယင်းအပြင် နေပြည်တော်နှင့် ရန်ကုန်လေဆိပ်တွင် ဗုံးလန့်မှုများ ဖြစ်ပွားခဲ့သေးသည်။

ဖောက်ခွဲမှု ပြုလုပ်ရာတွင် M150 အချိုရည်ပုလင်းတွင် ယမ်းနှင့် ဆာလဖျူရစ်အက်ဆစ် ရောစပ်ပြီး ဖောက်ခွဲခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

ယင်းဖောက်ခွဲမှုများမှာ NLD အစိုးရသစ်သည် တည်ငြိမ်မှုကို မထိန်းနိုင်ကြောင်း ပြသလိုသည့် အင်အားစုတစ်ရပ်၏ လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
“တိုင်းပြည်ကို မတည်မငြိမ် ဖြစ်အောင် လုပ်ချင်တဲ့ အင်အားစုတစ်ရပ်နဲ့ သက်ဆိုင်ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲ အဖြစ်နဲ့ ကာလုံခေါ်ပေးပါ ဆိုတာလည်း ပေါ်လာတယ်” ဟု ၎င်းက ဝေဖန်သည်။

“ကာလုံနည်းနဲ့ တစ်ဖက်လှည့် အာဏာကို ပြန်ယူနိုင်အောင် လမ်းခင်းပေးသလိုမျိုး လုပ်နေတာ” ဟုလည်း ၎င်းက ဝေဖန်သေးသည်။  

အဆိုပါ ဖောက်ခွဲမှု ကျူးလွန်သူများ၊ ကြိုးကိုင်သူများကို ဖော်ထုတ်ဖမ်းဆီးကာ ထိထိရောက်ရောက် အရေးယူသင့်ကြောင်း နိုင်ငံရေးသမား အချို့ကို မေးမြန်းချက်များအရ သိရှိရသည်။ 

အစိုးရနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းတစ်ခုက ၎င်းတို့၏ လိုလားချက်ကို အစိုးရက လုပ်ဆောင်ပေးနိုင်စွမ်း မရှိသဖြင့် မတည်ငြိမ်သည့် ပတ်ဝန်းကျင် ဖြစ်အောင် ဖန်းဆီးခြင်း ဖြစ်နိုင်ပြီး လတ်တလောတွင် ရာဇဝတ်မှုများလည်း ထူပြောနေကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက သုံးသပ်သည်။ 

“အစိုးရကို အကျပ်တည်း ဖြစ်အောင် လုပ်တာလို့လည်း ပြောလို့ရတာပေါ့။ ဒါက ကျွန်တော့် မှန်းဆက်ချက်ပါ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ဖောက်ခွဲမှု ကျူးလွန်သူများနှင့် ပတ်သက်၍ အာဏာပိုင်များက ထုတ်ပြန်ခြင်း မရှိသဖြင့် ဖောက်ခွဲမှုများနှင့် ပတ်သက်၍ မှန်းဆရန် ခက်ခဲနေကြောင်း ဦးခင်မောင်ဆွေက ပြောဆိုသည်။

NDF သည် ရခိုင်အရေး၊ ရှမ်းမြောက်အရေး၊ ရန်ကုန်က ဖောက်ခွဲမှု၊ စီးပွားရေး ကျပ်တည်းမှုများ စသည့် အထွေထွေ အကျပ်အတည်းများကို ဖြေရှင်းရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ရန် တိုက်တွန်းသည့် နိုင်ငံရေးပါတီ ၁၃ ခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်ဖောက်ခွဲမှုနှင့် ပတ်သက်၍ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းတစ်ဦး အပါအဝင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ သုံးဦးကို ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ထိုသတင်းကို ထုတ်ပြန်ပြီးနောက် အွန်လိုင်းမီဒီယာ အချို့တွင် ဖော်ပြခဲ့သည်။ ထိုနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယင်းမီဒီယာတို့ကို ပြန်ဖြုတ်ရန် တောင်းဆိုခဲ့သည်။ 

အသံဗုံးများ ဖောက်ခွဲမှုသည် မည်သည့်အချိန်တွင် ဖြစ်ပွားလေ့ ရှိသနည်း။

ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်တွင် ပြည်သူက အပြောင်းအလဲအတွက် ကြိုပမ်းသည့် ကာလ၊ နိုင်ငံရေး အကျပ်အတည်း ဖြစ်သည့် ကာလမျိုးတွင် ယင်းသို့ ဖောက်ခွဲမှုများကို လုပ်ဆောင်လေ့ ရှိကြောင်း ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။ 

“အဲဒီတုန်းက အာဏာတည်မြဲရေးအတွက် လုပ်သွားကြတာ။ အခုက အစိုးရ အကူးအပြောင်း ဆိုတော့ အစိုးရသစ်ကို အားစမ်းတဲ့ သဘောနဲ့ လုပ်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

တပ်မတော်အစိုးရ လက်ထက်က ဖောက်ခွဲမှုများ ပြုလုပ်ရာတွင် ထောက်လှမ်းရေးများ ကိုယ်တိုင် လုပ်ဆောင်ခဲ့သည်ဟု ထောက်လှမ်းရေးဟောင်း အချို့က ထုတ်ဖော်ပြောဆိုကြောင်း ၎င်းက ပြန်လည်ရှင်းပြသည်။ 

“ထိန်းလို့ရအောင်၊ ဖမ်းလို့ဆီးလို့ လွယ်အောင် ဗုံးလေးတွေ ခွဲပေးရတယ်ပေါ့။ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက် အရပေါ့။ အဲလိုလုပ်မှ နိုင်ငံရေးသမားတွေကို ဖမ်းလို့ရတယ်ပေါ့ဗျာ” ဟု ၎င်းက ထောက်လှမ်းရေးဟောင်း အချို့၏ ပြောဆိုချက်ကို အခြေခံကာ ပြန်လည်ပြောဆိုသည်။ 

လတ်တလော ရန်ကုန်တွင် ဖြစ်ပွားခဲ့သည့် ဖောက်ခွဲမှုများမှာ တပ်မတော်အစိုးရ လက်ထက်က လုပ်နည်းလုပ်ဟန်များနှင့် ဆင်တူနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“လူထုကို ထိတ်လန့်အောင်လုပ်တဲ့ အရင်စနစ်တွေနဲ့ အင်မတန် ဆင်တူနေတယ်။ အဲဒါပဲ ပြောချင်တယ်” ဟု ၎င်းက ပြောဆိုသည်။ 

တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရန် ဖောက်ခွဲမှုများ ပြုလုပ်သည်ဟု တပ်မတော်အစိုးရကို စွပ်စွဲမှုများ ရှိကြောင်း ဦးခင်မောင်ဆွေက ပြောကြားသည်။ 

“လူထုအာရုံပြောင်းတဲ့ အနေနဲ့ ဖောက်ခွဲချင် ဖောက်ခွဲမှာပေါ့။ မဆလ၊ နဝတ ခေတ်တုန်းက တစ်ခုခု အကျပ်အတည်း ဖြစ်လာပြီဆိုရင် ပြဿနာတွေ ဖြစ်အောင် ဖန်တီးတာတွေ ရှိခဲ့တယ်။ ဒါတွေက အထင်အရှားပဲ” ဟု ၎င်းက ပြောဆိုသည်။ 

သို့သော်လည်း ယင်းကာလနှင့်  ယခုမတူတော့ပါ။

“အဲဒီတုန်းက နယ်စပ်မှာလည်း လုံခြုံရေးရှိတယ်။ ဧည့်စာရင်းလည်း စစ်တယ်။ ၅ (ည) လည်း ရှိတဲ့ကြားထဲကနေ ဖောက်နေတယ် တပ်မတော် အစိုးရကပဲ လုပ်တယ်လို့ စွပ်စွဲကြတာပေါ့။ အခုက  ဒါတွေလည်း မရှိတော့ဘူး” ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။ 

ရန်ကုန်က ဖောက်ခွဲမှုများမှာ ရခိုင်အရေးနှင့် ဆက်စပ်နေသလော။  

ဆက်စပ်နိုင်သည်ဟု ပြောဆိုသူက ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်။ 

မောင်တော အကြမ်းဖက်တိုက်ခိုက်မှု၊ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍  ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့တွင် မွတ်ဆလင်များ ဆန္ဒပြမှု ရန်ကုန်တွင် ဖောက်ခွဲမှုများမှာ ဆက်စပ်မှု ရှိနိုင်ကြောင်း  ၎င်းက စွပ်စွဲသည်။ 

မြန်မာနိုင်ငံသို့ ဖောက်ခွဲရေး လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်ခြင်း၊ အကြမ်းဖက်သမားများ ဝင်ရောက်နေသည်ဟု လုံခြုံရေး အဖွဲ့အစည်းများက သတင်းထုတ်ပြန်ထားချက်များအပေါ်  အခြေခံကာ သုံးသပ်ခြင်း ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုသည်။

ရန်ကုန်တွင် ပေါက်ကွဲမှုမှာ NLD အစိုးရသစ် လက်ထက်ရောက်မှ ဖြစ်ပွားလာခြင်းတော့ မဟုတ်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

ရန်ကုန် အပါအဝင် တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းတို့တွင် မိုင်းဗုံးခြောက်လုံး ပေါက်ကွဲခဲ့ပြီး လေးလုံးကို ရှင်းလင်းနိုင်ခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံသူ တစ်ဦး အပါအဝင် လူလေးဦး ဒဏ်ရာရရှိခဲ့သည်။ ဗုံးဖောက်ခွဲမှု အဓိကတရားခံ ဖြစ်သူ KNU မှ ပြည်သူ့စစ်အဆင့်တွင် တာဝန်ထမ်းဆောင်ဖူးသူ စောနေတိုး (ခေါ်) စောမြင့်လွင်ကို ဖမ်းမိခြင်း မရှိသေးပေ။

ယင်းအချိန်က ရွှေတိဂုံဘုရားနှင့် ပုဂံလောကနန္ဒာ ဘုရားတို့၌ အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးနေ့ ဖြစ်သည့် ဘက္ကရီးအီးဒ်နေ့တွင် ဖောက်ခွဲရန် စီစဉ်ခဲ့သော်လည်း အထမမြောက်ခဲ့ပေ။ 

ယင်းလုပ်ရပ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပျက်စီးစေရန်၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခများကို ပြန်လည်ဖြစ်ပွားအောင် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု KNU မှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်က ဖဒိုမန်းငြိမ်းမောင်က ပြောဆိုခဲ့သည်။ 

ယင်းဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် အကြောင်းရင်းကိုလည်း အာဏာပိုင်များက တိတိကျကျ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ လတ်တလော ဖြစ်ပွားနေသည့် ရန်ကုန်မြို့တော်က ဖောက်ခွဲမှုများနှင့် ပတ်သက်၍ မှန်းဆချက် များစွာ ရှိနေသော်လည်း ဖောက်ခွဲရသည့် အကြောင်းရင်း၊ လက်သည်တို့ကို အာဏာပိုင်များက ထုတ်ပြန်ခြင်း မရှိသေးပေ။ 

ရွှေတိဂုံ စေတီတော် အပါအဝင် ရန်ကုန်တွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေသည်။ သို့သော်လည်း ပြည်သူများအတွက် ကျောမလုံလှတော့။

ညပိုင်း အငှားယာဉ်မောင်းသူ ဦးမောင်က ဖောက်ခွဲမှု ပြုလုပ်နိုင်သည့် အချိုရည်ပုလင်းကို ကားပေါ်တွင် ထားခဲ့လျှင် အလွယ်တကူ မသိနိုင်သဖြင့် စိုးရိမ်ကြောင်း ပြောဆိုသည်။ 

“အရမ်းစိုးရိမ်တာပေါ့။ ခရီးသည်တစ်ယောက် ကားပေါ်တက်လာပြီဆိုရင် သူ့မှာ ဘာပါလာလဲ ကြည့်နေရတယ်။ သတိထားနေရတယ်။ ခရီးသည် ဆင်းရင်လည်း ပြန်စစ်ရတာပေါ့”  ဟု ၎င်းက ပြောကြားသည်။ 

The Voice 



FOLLOW US