News

POST TAGGED AS

ညှဉ်းပန်းနှိပ်စက်

၁၃ နှစ်အရွယ် မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် အလုပ်ရှင်ကို ဖမ်းဆီး
ရန်ကုန်၊ ဧပြီ ၂

တာမွေမြို့နယ် ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက်၊ ဗညားဒလလမ်းရှိ ကွမ်းသီးစိတ် အလုပ်ရုံတွင် လုပ်ကိုင်နေသော ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ညှဉ်းပန်း နှိပ်စက်ခဲ့သည့် အလုပ်ရှင် အမျိုးသားကို မတ်လ ၃၁ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခဲ့သည့် အသက် (၄၅ နှစ်အရွယ်) ဦးခင်မောင်အေးမှာ ကွမ်းသီး စိတ် အလုပ်ရုံပိုင်ရှင်ဖြစ်ပြီး ၎င်းအလုပ်ရုံမှ ၁၃ နှစ်အရွယ် အလုပ်သမား မိန်းကလေးကို သံပိုက်လုံး၊ ဝါးလုံး၊ ကော်ပိုက်တို့ဖြင့် ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း၊ နားအတွင်းသို့ သွားပွတ်တံဖြင့် ထိုးခြင်းအပြင် မိန်းမကိုယ်အား ဖယောင်းတိုင်မီးဖြင့် ထိုးခြင်း၊ ရင်သားများကို ဆွဲဆိတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် မတ်လ ၃၀ ရက်နေ့က မိန်းကလေးငယ်မှာ အလုပ်ရုံမှ ထွက်ပြေးခဲ့သည်။

ထွက်ပြေးခဲ့သည့် မိန်းကလေးငယ်မှာ ဒေါပုံမြို့နယ်ရှိ အဒေါ်ဖြစ်သူ၏နေအိမ်ထံ သွားရောက်ခဲ့ပြီးနောက် ဧရာဝတီ တိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် နေထိုင်သည့် ၎င်း၏အဘွားဖြစ်သူထံ အကြောင်းကြား၍ မတ်လ ၃၁ ရက်နေ့တွင် တာမွေမြို့မ ရဲစခန်း၌ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာ အမာရွတ်များ ရရှိအောင် ညှဉ်းပန်း နှိပ်စက်ခဲ့သည့် အလုပ်ရှင် ဦးခင်မောင်အေးကို အရေးယူပေးပါရန် အမှုဖွင့် တိုင်ကြားခဲ့သည်။ 

“ဖမ်းထားတဲ့သူက ကွမ်းသီးစိတ် လုပ်ငန်း လုပ်ကိုင်သူပါ၊ စိတ်ပြီးသား ကွမ်းသီးတွေကို ကွမ်းယာဆိုင် လိုက်ပို့တယ်၊ သူ့အလုပ်ရုံမှာ နှိပ်စက်ခံရတဲ့ ကောင်မလေးရယ်၊ နောက်ထပ် ကောင်မလေး တစ်ယောက်ရယ်နဲ့ ကွမ်းသီးစိတ် ကွမ်းယာဆိုင်တွေဆီ လိုက်ပို့တဲ့ ကောင်လေးတစ်ယောက်ရှိတယ်၊ ကောင်မလေးက ၂၀၁၅ ဇူလိုင်လတည်းက အဲ့ဒီအလုပ်ရုံမှာ စလုပ်ခဲ့တာ၊ အရင်ကလည်း မကြာခဏ နှိပ်စက်ခံရတယ်လို့ ပြောတယ်၊ နှိပ်စက်ခံရတာ များလာတော့ မခံနိုင်တဲ့အဆုံး အဒေါ်အိမ်ကို ထွက်ပြေးသွားခဲ့တာ”ဟု မိန်း ကလေးငယ်၏ ထွက်ဆိုချက်များအရ တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

နှိပ်စက်ခံရသည့် မိန်းကလေးငယ်၏ ညာဘက်နားမှာ မကြားရတော့ဘဲ နားနှစ်ဖက်တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းအပြင် မိန်းမကိုယ် ဖူးရောင်ဒဏ်ရာနှင့် မျက်ခုံး၊ နှုတ်ခမ်း၊ နှာခေါင်းနှင့် လက်၊ ခြေထောက်တို့တွင် အမာရွတ်များ ရှိခဲ့ကြောင်း၊ ရင်သားနှစ်ဖက်တွင် ဆွဲဆိတ်ထားသည့် အမာရွတ်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

၁၃ နှစ်အရွယ် ဆိုင်အလုပ်သမား မိန်းကလေးငယ်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အလုပ်ရှင် ဦးခင်မောင်အေးကို ဖမ်းဆီးပြီး တာမွေမြို့မ ရဲစခန်းက (ပ)၂၁၉ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားပြီး လူကူန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းမှု ရှိ/ မရှိကို အမှတ် (၆) လူကူန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

S-03



FOLLOW US