News

POST TAGGED AS

ညဈေး

01-Nov-2017

ရန်ကုန် ညဈေး
ရန်ကုန် ညဈေးတန်း စားသုံးသူများဖြင့် ပြန်လည်စည်ကား

ရန်ကုန်၊ နိုဝင်ဘာ ၁

ရန်ကုန်မြို့၏ ညဈေးတန်းသည် ပွင့်လင်းကာလ ရောက်ရှိပြီဖြစ်သောကြောင့် ဈေးဆိုင်ခန်း အများအပြား ပြန်လည် ဖွင့်လှစ်လာပြီး စားသုံးသူများဖြင့် ပြန်လည် စည်ကားလျက်ရှိကြောင်း ည ဈေးတန်းတွင် ရောင်းချနေသည့် ဈေးသည်များထံမှ သိရသည်။

အဆိုပါ ညဈေးတန်း စတင် ဖွင့်လှစ်စဉ်က ဈေးဆိုင်ခန်းပေါင်း ၁၆၀ဝ ကျော်ကို နေရာချပေးခဲ့သော်လည်း မိုးတွင်းကာလတွင် ဖွင့်လှစ်ရောင်းချခဲ့သည့် ဈေးဆိုင်ခန်းပေါင်း ၃၀ဝ ကျော်သာ ရှိခဲ့ကြောင်းနှင့် ယခုလက်ရှိ ပွင့်လင်းရာသီတွင် ဈေးဆိုင်ခန်းပေါင်း ၁၀ဝ၀ ခန့် ပြန်လည် ဖွင့်လှစ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ညဈေးတန်း ပြန်လည် စည်ကားလာစေရန် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းတွင် ဖွင့်လှစ် ရောင်းချနေသည့် လမ်းဘေးဈေးသည် ၃၀ဝ ကျော်ကို ပန်းဆိုးတန်းနှင့် ဆူးလေ ဘုရားလမ်းကြားရှိ ကမ်းနားလမ်းညဈေးသို့ ယခုလ ပထမအပတ်တွင် ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ရွှေဘုံသာလမ်းက ဈေးသည်တွေကို ပထမအပတ် တန်ဆောင်တိုင်အပြီးမှာ အားလုံးကို ရွှေ့ပြောင်းမယ်။ မဲနှိုက်တာတွေပြီးပြီ။ ညဈေး ပြန်လည် စည်ကားလာရန် ဆောင်ရွက်တာပါ။ ညဈေးတန်း ရောင်းချနေတဲ့ ဘဏ်လမ်းကိုလည်း အဆင့်မြှင့်သွားဖို့ရှိတယ်”ဟု ၎င်းကဆိုသည်။

ညဈေးတန်းမှာ မိုးတွင်းကာလတွင် ညဈေးတန်းဖွင့်လှစ်သည့် ကမ်းနားလမ်းဘက်ခြမ်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် လာရောက်စားသုံးသူ မရှိသလောက် နည်းပါးခဲ့ပြီး ယခုပွင့်လင်းရာသီတွင် ဈေးသည်များ ပြန်လည် ဖွင့်လှစ်လာကြကြောင်းနှင့် အစားအသောက် ရောင်းချသည့်ဆိုင်များ ပြန်လည် ဖွင့်လှစ်လာကြောင်း ညဈေးတန်းတွင် ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များက ပြောကြားသည်။

“ဈေးရောင်းတာက မိုးတွင်းကာလမှာ မကောင်းတဲ့အတွက် အရင် လမ်းမတော်ထဲက လမ်းကြားထဲမှာ ရောင်းတယ်။ အခုကတော့ ပွင့်လင်းရာသီ ရောက်လာတော့ ညဈေးတန်း လျှောက်သူတွေလည်း များမယ်ထင်လို့ပါ။ ပြန်ပြီး ရောင်းတဲ့သူတွေ တော်တော် များလာတယ်။ အခုကတော့ ဈေးရောင်းရတာ မဆိုးဘူး ပြောရမယ်”ဟု ညဈေးတန်းတွင် အအေးနှင့် အသုပ်များ ရောင်းချသူ ဒေါ်အေးအေးက ဆိုသည်။

ယခုအစိုးရလက်ထက်တွင် ရန်ကုန်မြို့တော်၏ ပထမဆုံး ညဈေးတန်းကို ကမ်းနားလမ်း (သခင်မြ ပန်းခြံအနီးမှ ပန်းဆိုးတန်း ကမ်းနားအထိ) နှင့် မဟာဗန္ဓုလ ပန်းခြံလမ်း၊ ဘဏ်လမ်းတို့တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့်ပေးထားသည်။

J-10



FOLLOW US