News

POST TAGGED AS

ညဈေး

20-Sep-2017

ညဈေး
၅၂ လမ်းရှိ နေ့၊ ညဈေးတန်းကို စက်တင်ဘာလအတွင်း မဖွင့်နိုင်
ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်မြို့တော်၏ နေ့နှင့်ည ရောင်းချမည့်ဈေးတန်းကို ပုဇွန်တောင်မြို့နယ် ၅၂ လမ်းတွင် ယခုလ၌ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

အခွန်ကိစ္စနှင့်ဈေးသည်များ လက်လွှဲ ရောင်းချခြင်း မရှိစေရန် စိစစ်နေသည့်အတွက် အောက်တိုဘာမှသာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

“မနေ့ကပဲ နေ့၊ ည ဈေးတန်းဖွင့်ဖို့ မြို့တော်ဝန်နဲ့ တွေ့ပြီးပြီ။ အဓိက စည်ပင်နဲ့ အခွန်ကိစ္စ ညှိနှိုင်းဖို့နဲ့ ဈေးသည်တွေကို လက်လွှဲ ရောင်းချတာတွေ မရှိစေရန် ပြန်လည် စိစစ်နေတဲ့အတွက် ဒီလကုန်မှ ဖွင့်လှစ်ဖြစ်မယ်။ အမိုးတွေ၊ တည်ဆောက်တာတွေတော့ အကုန်ပြီးပါပြီ”ဟု ဦးတင့်လွင်က ဆိုသည်။

အဆိုပါ နေ့၊ ညဈေးတန်းတွင် ကုန်စိမ်းနှင့် သားငါးရောင်းချသည့်ဈေးသည်များကို မနက်ပိုင်း ၆ နာရီမှ နေ့လယ် ၁၁ နာရီအထိ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး အစားအသောက် ရောင်းချသည့် ဈေးသည်များကို ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ အထက်ပုဇွန်တောင်နှင့် အောက်ပုဇွန်တောင်လမ်းမတွင် ရောင်းချနေသည့်  ကုန်စိမ်းနှင့် သားငါးရောင်းချသည့်ဈေးသည်များ၊ အစားအသောက်နှင့် သစ်သီးရောင်းချသည့် လမ်းဘေးဈေးသည် ၁၉၀ ကျော်ကို နေရာချထားပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

ရန်ကုန်မြို့တော်၏ ပထမဆုံး ညဈေးတန်းကို ကမ်းနားလမ်း (သခင်မြ ပန်းခြံအနီးမှ ပန်းဆိုးတန်း ကမ်းနားအထိ) တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ဖွင့်လှစ်ခဲ့သည်။

J-10

  • VIA


FOLLOW US