News

POST TAGGED AS

ဇာတ်သဘင်

သဘာဝဘေးအန္တရာယ်သင့်ဒေသ ဖွံ့ဖြိုးရေးအတွက် သစ်တန် ၃၀၀ ရောင်းမည်


မော်လမြိုင်၊ ဩဂုတ် ၁၁

မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများမှ ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးပြန်လည် လုပ်ဆောင်နိုင်ရန်အတွက် ပြည်နယ်အစိုးရမှ သစ်တန် ၃၀၀ ရောင်းချပေးနိုင်ရန် ပြည်ထောင်စု သစ်တောဦးစီးဌာနထံ ခွင့်ပြုချက်တင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။

“ပုံမှန်ဆိုရင် တစ်ကြိမ်ကို သစ်တန် ၂၀၀ ပဲ ရောင်းခွင့်ရှိပါတယ်၊ အခုရေဘေးသင့်ဒေသတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ဒေသတွေအတွက် ဒေသဖွံ့ဖြိုးရေး အစီအစဉ်အတွက် လိုအပ်တဲ့သစ်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ဖို့အတွက် ပြည်ထောင်စုက တန် ၄၀၀ ခွင့်ပြုပေးထားတယ်၊ ကျွန်တော်တို့တော့ ပထမအသုတ်အနေနဲ့ တန် ၃၀၀ ရောင်းဖို့ ခွင့်ပြုချက်တောင်းသွားမယ်”ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ရောင်းချမည့်သစ်များမှာ ဖမ်းဆီးရမိသည့် သစ်များအနက် ပိတောက်၊ တမလန်း၊ ကျွန်းမှအပ ပုံစံ (၈) ဝင်သည့် ကျန်သစ်များကိုသာ ပြည်နယ်အစိုးရက ရောင်းချခွင့်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ပြည်နယ်အစိုးရက တစ်ကြိမ်ရောင်းချလျှင် သစ်တန် ၂၀၀ သာ ရောင်းချခွင့်ရှိကြောင်း၊ ထိုသို့ ရောင်းချနိုင်ရန် ပြည်ထောင်စုသို့ ခွင့်ပြုချက် ရယူပြီးမှသာ ရောင်ချခွင့်ရှိကြောင်း၊ ယခု ရောင်းချပေးသည့် သစ်များမှာလည်း ကာလပေါက်ဈေး၏ ၄၀ ရာခိုင်နှုန်းကို ဈေးလျှော့၍ ရောင်းချပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“မွန်မှာတော့ ဖမ်းဆီးသစ်တွေ မရှိတော့ တခြားနီးစပ်တဲ့ ပြည်နယ်နဲ့တိုင်းက သစ်တွေကို ပြန်ဝယ်ပြီး ရောင်းချပေးတယ်၊ ပြည်နယ်အစိုးရရဲ့ ၄ လပတ်အစည်းအဝေးမှာ ရေကြီးရေလျှံဒေသအတွက် သစ်ရောင်းချဖို့ ဆုံးဖြတ်တဲ့အတွက် ပထမအသုတ်အနေနဲ့ ၃၀၀ တင်မယ်၊ နောက် တစ်ခေါက် တန် ၂၀၀ ထပ်တင်မယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ဖမ်းမိသောသစ်များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန် ၂၀၁၈ ခုနှစ်တွင် သုံးကြိမ်ရောင်းချခဲ့ကြောင်း၊ ထိုသို့ ရောင်းချရာတွင် အဓိက စာသင်ကျောင်းဆောင် ဆောက်လုပ်မှုပြုပြင်ခြင်း၊ ဘုန်းကြီးကျောင်းများနှင့် အများနှင့်ဆိုင်သည့်နေရာများတွင် အသုံးပြုရန်အတွက် ရောင်းချပေးခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။

လက်ရှိ ဒေသဖွံ့ဖြိုးရေအတွက် ရောင်းချရန်သစ် တန် ၄၀ ရှိနေကြောင်း၊ ရေကြီးဒေသအတွက် ရောင်းချပေးမည့်သစ် တန် ၃၀၀ ကို ဩဂုတ်လ ၁၃ ရက်၌ ခွင့်ပြုချက်တောင်းခံမည်ဖြစ်ကြောင်း ပြည်နယ် သစ်တောဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး မင်းသိန်းမြင့်က ပြောသည်။

R-21




FOLLOW US